“ပေးစရာလည်းငွေမရှိ၊ ပြေးစရာလည်းမြေမရှိ”
//ရင်ဖွင့်သံ//
မင်းမင်းအောင်
လွန်ခဲ့တဲ့ခြောက်လပိုင်း(ဇွန်လ)လောက်က သံတွဲမြို့မှာ စစ်ပွဲတချို့စတင်ဖြစ်ပွားလာချိန်တုန်းက ဖုန်းလိုင်းတွေက ဆက်သွယ်လို့ရနေသေးတဲ့အချိန်မှာ မိသားစုနဲ့ အသိမိတ်ဆွေများကို စစ်ရှောင်ဖို့အကြံပြုခဲ့ဘူးပါတယ်။
သူတို့ဘာပြောခဲ့လဲ ဆိုတော့ ပြေးချင်တဲ့သူပြေးကြပါစေ၊ ငါတို့မှာတော့ပေးစရာလည်း ငွေမရှိ ၊ ပြေးစရာလည်း မြေမရှိလို့ပြောကြပါတယ်။
ကျွန်တော်ကလည်း စပ်စပ်စုစုထပ်မေးကြည့်မိတယ် ဘာဖြစ်လို့ အဲလိုပြောတာ လည်းလို့ပေါ့လေ။ သူတို့ကပြန်ပြောပြကြပါတယ်။ စစ်ပွဲကြောက်လို့ ရှောင်တိမ်းနေနိုင်ရင်တော့ ကောင်းပါတယ်။ ဒါပေမဲငါတို့က ဆင်းရဲသားတွေလေ ကားငှားပြီး ပြေးရအောင်ကလည်း ပေးစရာ ငွေကမ ရှိသလို မြေကလည်း မရှိပါဘူးလို့ ဝမ်းနည်းကြေကွဲစွာ ပြောပြခဲ့ဖူးပါတယ်။
ကျွန်တော်ကလည်း ဆက်မေးကြည့်မိတယ်။ ခုဆန်တပြည်ကို ခြောက်ထောင်၊ ခုနှစ်ထောင်ဖြစ်နေပြီ။ (လွန်ခဲ့တဲ့ ၃ လ လောက်ကဈေးနှုန်းဖြစ်သည်။ ယခု ကောက်ငယ်ဆန်တပြည်လျှင် တသောင်းကျပ်နှင့် အထက် ) အစား အသောက်တွေပြတ်လပ်လာရင် ဘယ်လိုစားသောက်နေထိုင်ကြမလဲလို့ ဆက်မေးကြည့်မိတော့ သူတို့က ခုလိုပြန်ဖြေပါတယ်။ မိုးကျလာပါပြီ၊ ငါတို့အတွက်မျှစ်တွေ၊ မှိုတွေရှိတယ်တဲ့လေ။
သူတို့ပြောသလိုမျှစ်တွေမှိုတွေစားသောက်နေထိုင်လို့ရတယ်ပဲထားဦးတော့ မြေမြှုပ်မိုင်းတွေ၊ အမြောက်သံ၊ သေနတ်သံတွေ ကြားမှာ သူတို့တွေဘေးမှကင်းကြပါရဲ့လား၊ ထမင်းမှစားရပါလေလား၊ အသက်မှ ရှင်သန်နေ နိုင်ပါသေးရဲ့ဆိုတာကို ထမင်းစားချိန်ရောက်တိုင်း ကျွန်တော်ဟာ တွေးပူမိနေရပါတယ်။ ခုတော့လည်း လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာဆက်သွယ်မှု ဧရိယာပြင်ပဆိုတာကလွဲ၍ ဘာဆိုဘာမှ မသိရတော့တဲ့အခြေနေတခုပါပဲဗျာ။
အခု အဆက်အသွယ်တွေမရ / တိုက်ပွဲတွေကြားမှာ ပျောက်ဆုံး/ သေဆုံးနေတာတွေရှိကြတယ်လို့ တစွန်းတစ ကြားတယ်။ ခုဆိုရင်အဆက်အသွယ်တွေက မရတိုက်ပွဲတွေကြားက မိသားစုနဲ့ မိတ်ဆွေသူငယ်ချင်းတွေ ဘေးကင်းလုံခြုံမှု ရှိပါလေလား၊ အစားအသောက်တွေရော စားသောက်ရပါလေလားဆိုတာကို အဝေးရောက် မိသားစုဝင် တယောက်အနေနဲ့ရော၊ မိတ်ဆွေတယောက်အနေနဲ့ပါ ပူဆွေးသောကရောက်နေမိရပါတယ်။
ကျွန်တော်လိုပဲဝေးကွာနေရသူတွေရင်ထဲမှာရော ကျွန်တော်ခံစားချက်နဲ့ အတူထပ်တူကျနိုင်ကြလား။ ထပ်တူကြသူတွေလည်းရှိကြမှာပါ။ အခုချိန်မှာကတော့ဝမ်းနည်းခြင်းကြေကွဲခြင်းဆိုတာကလွဲ၍ ဘာမှ မတတ်နိုင်ဖြစ်နေရပါတော့တယ်ဗျာ။