
ကျိန္တလီ၊ ဩဂုတ် ၃၁၊ ၂၀၂၄။
အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေသည့် ရခိုင်တောင်ပိုင်း ဒေသ၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ခွဲအတွင်း ပြည်သူများ ဆန်သယ်ယူခြင်းကို စစ်တပ်က ပိတ်ဆို့ထား၍ ဒေသခံအချို့နှင့် စစ်ရှောင်ပြည်သူများ အငတ်ဘေးနှင့် ရင်ဆိုင်လာရကြောင်း ဒေသခံများထံမှ သတင်း ရရှိသည်။
ကျိန္တလီမြို့နယ်ခွဲအတွင်းကျေးရွာများသည် ဂွမြို့ဘက်မှ မှာယူရသည့်(ပြည်မမှဝင်ရောက်လာသည့်) ဆန်နှင့် အခြေခံစားသောက်ကုန်များကိုအဓိက အားကိုးကြရပြီး၊ ကျိန္တလီမြို့နယ်အတွင်း ယခုလ ၁၀ ရက်တွင် အေအေနှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲများ ဆက်တိုက် ပြင်းထန်ခဲ့ပြီးနောက် စစ်ကောင်စီက ယခုကဲ့သို့ ကန့်သတ်ပိတ်ဆို့ခြင်းများ ဆက်တိုက်ပြုလုပ်လာခဲ့သည်။
အစောပိုင်းတွင် ဆန်အပါအဝင် အခြေခံစားသောက်ကုန်စည်များကို သယ်ယူကြသည့် ကုန်သယ်သူများ ထံ ဆက်ကြေးတောင်းခြင်း၊ ပစ္စည်းများကို အဓမ္မသိမ်းဆည်းခြင်း၊ ဆိုင်ကယ်တစီးလျှင် ဆန် ၁၀ ပြည်သာ သယ်ရန် ကန့်သတ်ခဲ့ခြင်းများ ပြုလုပ်ခဲ့ရာမှ ယခုရက်ပိုင်းတွင် သယ်ခွင့်ပိတ်လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။
“စစ်တပ်က ဆန်တွေသယ်ခွင့်ပိတ်ထားလို့ စစ်ရှောင်တွေနဲ့ ရွာခံသားတွေ(ရွာသားတွေ)အတွက် အကူအညီတွေ လိုအပ်နေတယ်၊ အခု တချို့ဆိုထမင်း ငတ်နေကြပြီ၊ စစ်ရှောင်တွေက ပိုဆိုးတယ်၊ မြင်နေရတာ စိတ်မကောင်းဘူး” ဟု ကျိန္တလီမြို့နယ်ခွဲအတွင်း နေထိုင်သည့် ဒေသခံတဦးက ဒွါရာဝတီသို့ ပြောသည်။
ဆန်သယ်ယူခွင့်အကန့်အသတ်များကြောင့် စစ်ဘေးရှောင်များအတွက် အရေးပေါ် စားနပ်ရိက္ခာ ဝိုင်းဝန်းကူညီနေကြသည့် စေတနာ့ဝန်ထမ်းများလည်း အခက်ကြုံနေကြရကြောင်း စေတနာ့ ဝန်ထမ်းတဦးက ပြောသည်။
“အခုလက်ရှိမှာ ဂွမြို့နယ်နဲ့ ၃ ပုံ ၂ ပုံကို စစ်ကောင်စီက စိုးမိုးထားတယ်၊ စစ်ဘေးရှောင်ကူညီရေးလုပ်တဲ့ ကိစ္စတွေကို မလုပ်ဖို့ ပြောထားတယ်၊ အဖမ်းအဆီး အစစ်အဆေးတွေရှိတယ်၊ ဆန်နဲ့ ဆေးဝါး သယ်ယူခွင့် တွေကို ပိတ်ဆို့ထားလို့ ဝယ်လို့မရတဲ့ အနေအထားရှိတယ်၊ တော်တော်အခက်အခဲ ရှိနေတယ်” ဟု အမည်မဖော်လိုသူ စေတနာ့ဝန်ထမ်းတဦးက ပြောသည်။
ဆန်သယ်ယူခွင့်မရှိတော့သည်နောက်ပိုင်း ကုန်သည်များက ဒေသတွင်းဆန်များကို ပြည် ၂၀ အိတ် တအိတ်လျှင် ကျပ် တသိန်းရှစ်သောင်းပေးကာ လိုက်လံစုဆောင်း ဝယ်ယူကာ ၅ ပြည်တပိုင်းလျှင် ငွေကျပ် ၆ သောင်းကျပ်နှုန်းဖြင့် ဈေးတင်ရောင်းချခြင်းများ ပြုလုပ်နေကြောင်းသိရသည်။
ဒေသအတွင်း ငွေလွဲ ငွေထုတ်မရခြင်းကြောင့် ငွေကြေးလည်ပတ်မှု မရှိသလို၊ အခြေခံစားသောက် ကုန်စည်များကို အဆမတန် ဈေးနှုန်းမြင့်တက်နေပြီး ဝယ်ယူစားသုံးရန် အများပြည်သူ လက်ထဲတွင် ငွေကြေးမရှိတော့ကြောင်း သိရသည်။
“ကုန်သည်တွေက ရွာဘက်တွေမှာ အကုန်လိုက်ဝယ်ပြီး ဈေးတွေ အဆမတန်တင်ရောင်းနေတာပါ၊ သားငါးက ဝယ်လို့ရတယ်၊ ဈေးလည်း သက်သာတယ်၊ စစ်ရှောင်တွေနဲ့ ရွာခံသားတွေ ရရာရှာပြီး ငါး၊ ပုစွန်နဲ့ မျှစ်ကို ဈေးပေါပေါနဲ့ ရောင်းတယ်၊ ဒါပေမယ့် ဝယ်စားနိုင်တဲ့လူ မရှိတော့ဘူး” ဟု အထက်ပါ ဒေသခံက ပြောသည်။
လက်ရှိ၌ ရခိုင်ပြည်နယ်တောင်ပိုင်းဒေသတွင် ဂွမြို့တွင် ငွေလွှဲငွေထုတ်ခြင်းများလုပ်ဆောင်နိုင်နေသေး သော်လည်း ကျိန္တလီနှင့် သံတွဲမြို့တို့တွင် ငွေလွှဲငွေထုတ်ခြင်းလုပ်ငန်းစဉ်များ ရပ်တန့်နေသည်။
တောင်ကုတ်မြို့တွင် ငွေထုတ်ခမှာ ၁၀ ရာခိုင်နှုန်းမှ ၁၃ ရာခိုင်နှုန်းအထိ ပေးနေရသည်။ ပြီးခဲ့သည့် ဇွန်လဆန်းက ငပလီကမ်းခြေမြို့တွင် တိုက်ပွဲများ ပြင်းထန်ခဲ့ပြီးနောက် ငပလီနှင့် သံတွဲဒေသတဝိုက်မှ စစ်ဘေးရှောင်ပြည်သူများသည့် သံတွဲ-ဂွ ကားလမ်းတလျှောက်ကျေးရွာများတွင် စစ်ဘေးရှောင်နေ ကြရသည်။
စစ်ကောင်စီသည် လွန်ခဲ့သည့် ၉ လဝန်းကျင်ကတည်းက ရခိုင်ပြည်နယ်ကို အဝင်အထွက်နှင့် ကုန်စည် သယ်ယူပို့ဆောင်ခြင်းများကို စတင်ပိတ်ဆို့ခဲ့ပြီး၊ နောက်ပိုင်းတွင် ဆက်ကြေးတောင်းကာ လမ်းဖြတ်သန်းခွင့် ပြုခဲ့သည်။
ဒေသတွင် စားနပ်ရိက္ခာနှင့် ဆေးဝါးပြတ်တောက်မှု၊ ဆင်းရဲမွဲတေမှုနှင့် ငတ်မွတ်မှုဒဏ်များ စတင်ခဲ့သည်မှာ လွန်ခဲ့သည့် လအနည်းငယ်ကတည်းက ဖြစ်ပျက်နေခဲ့ခြင်း ဖြစ်သည်။



Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me? https://www.binance.info/register?ref=JW3W4Y3A
Your article helped me a lot, is there any more related content? Thanks! binance anm”alan