
သံတွဲ၊ ၂၃၊ ဇူလိုင်၊ ၂၀၂၄။
ငပလီကမ်းခြေတိုက်ပွဲများနှင့် ၁မိုင်ဝန်းကျင်အကွာရှိ ဂျိတ္တောရပ်ကွက်တွင် စစ်ဘေးမရှောင်နိုင်ဘဲ ပိတ်မိနေသူများသည် စားနပ်ရိက္ခာများပြတ်နေပြီဖြစ်ပြီး၊ အချို့နေရာများတွင် သက်ကြီးရွယ်အိုနှင့် ကလေး ငယ်များ အစာမစားရဘဲရှိနေကြောင်း ဒေသခံစစ်ဘေးရှောင်များထံမှ သတင်းရရှိသည်။
“ပိတ်မိနေတဲ့သူတွေကတော့ ငတ်ကုန်ပြီ၊ ဆန်ဝယ်လို့မရတော့ဘူး၊ တချို့နေရာတွေမှာ သက်ကြီးပိုင်းတွေနဲ့ ကလေးတွေအများကြီးနဲ့ မိသားစုတွေ ထမင်းငတ်နေပြီ”ဟု ဒေသခံတဦးက ပြောသည်။
ဆန်လည်းပြတ်လုနီးပါးဖြစ်နေပြီး၊ ဝယ်ယူနိုင်သည့် ငွေလည်းမရှိသူများလည်း အများအပြား ရှိနေကြောင်း သိရသည်။ ပြင်ပမှ ငွေကြေးအကူအညီပေးမည်ဆိုပါကလည်း လွှဲငွေထုတ်ပေးမည့် ဆိုင်များမရှိတော့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

“ကျနော်တို့ မိသားစုတော့ ဆန်ပြုတ်သောက်နေတယ်၊ တရက်ကို ဆန် ၁ဘူးခွဲပြုတ်တယ်၊ မနက်က ဆန်ကွဲသာသာ ဆန်တပြည် ရထားတယ်၊ တပတ်စာလောက်တော့ ရနိုင်တယ်၊ နောက်ဆုံးတော့ ငါးမီးဖုတ်စားရမှာပဲ၊ စားရေးတော်တော်ခက်နေပြီ”ဟု ဒေသခံတဦးက ဒွါရာဝတီသို့ ပြောသည်။
နောက်ထပ်ဒေသခံတဦးက “အေအေက ၅၅တပ်ရင်းကိုသိမ်းတော့ ဆန်ဂိုဒေါင်ကနေ ဆန်တွေရပြီး လက်လှမ်းမီတဲ့နေရာကို ဝေတယ်လို့ကြားတယ်၊ ကျနော်တို့ဘက်ကျတော့ ကြားထဲမှာ တိုက်ပွဲဖြစ်နေတာ၊ ရောက်နိုင်ဖို့ မလွယ်ဘူး”ဟု ပြောသည်။
ဂျိတ္တောရပ်ကွက်နှင့် မလှမ်းမကမ်းရှိ မြပြင်ကမ်းခြေတွင် ဇူလိုင် ၂၀ရက်နေ့အထိ အာရက္ခတပ်တော် (အေအေ)နှင့် စစ်ကောင်စီတို့ကြား တိုက်ပွဲပြင်းထန်ခဲ့ကြောင်း သိရှိရပြီး၊ နောက်ပိုင်းအခြေအနေ များကို ထပ်မံမသိရှိသေးပေ။
ဂျိတ္တောရပ်ကွက်သည် ငပလီကမ်းခြေ၏ တောင်ဘက်အစွန်ဆုံးရပ်ကွက်တခုဖြစ်ပြီး ရေလုပ်ငန်းဖွံ့ဖြိုးသည့် ဒေသဖြစ်ကာ၊ ယခုလက်ရှိတွင် တိုက်ပွဲများကြောင့် ၉၀ရာခိုင်နှုန်းခန့်သောဒေသခံများက စစ်ဘေးရှောင်နေကြရသည်။
ရပ်ကွက်အတွင်းကျန်ရစ်နေသူများမှာ စစ်ရှောင်ရန်အတွက်ကုန်ကျမည့် ငွေကြေးမရှိခြင်း၊ မကျန်းမာသူ သက်ကြီးရွယ်အိုများဖြစ်နေခြင်းတို့ ကြောင့်ဖြစ်စေ၊ နေအိမ်ကို စောင့်ရှောက်ရန်ဖြစ်စေ ကျန်နေခဲ့ကြသူများဖြစ်သည်။
ဓာတ်ပုံ- ရေလုပ်ငန်းဖွံ့ဖြိုးသည့် ဂျိတ္တောငါးဖမ်းဇုန် မြင်ကွင်းအချို့။



Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?
Your article helped me a lot, is there any more related content? Thanks!