BattleNews

အေအေတပ်သားများထိုးစစ်ဆင်လာပါက ထွက်ပြေးမည်ဟု စစ်ကောင်စီတပ်သားများကပြောဟုဆို

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ တိုက်ပွဲများဖြစ်ပွားနေရာ ကျိန္တလီမြို့နယ်ခွဲမှ ၅မိုင်အကွာ ကုလားပြင် (ရတနာမြိုင်)ကျေးရွာသို့ ဆုတ်ခွာတပ်စွဲထားသည့် စစ်ကောင်စီတပ်သားများက အေအေတပ်သား များ ထိုးစစ်ဆင်လာပါက မြို့ရွာများကို မီးရှို့ကာ ထွက်ပြေးမည်ဟု မနေ့က ပြောဆိုခဲ့ကြောင်း ဂွမြို့နယ်အတွင်း နေထိုင်သူ ဒေသခံတဦးထံမှ သိရသည်။

“ရွာသားတွေနဲ့ စစ်ရှောင်တွေကို ဘေးလွတ်ရာ သွားကြဆိုပြီး မောင်းထုတ်တယ်၊ ကြိုပြေးကြဖို့ သတိပေးတယ်၊ သူတို့လည်း ထွက်ပြေးဖို့အကြောင်းနဲ့ မြို့တွေရွာတွေကို မီးရှို့ခဲ့ဖို့လို့ ပြောတယ်၊ အဲ့ကလူတွေ အကုန် စစ်ရှောင်ကုန်ကြပြီ” ဟု မြေပြင်နှင့် အဆက်အသွယ်ရရှိခဲ့သည့် အထက်ပါ ဒေသခံက ဒွါရာဝတီသို့ ဆက်သွယ် ပြောကြားသည်။

အလားတူ ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ချင်းကွင်း၊ သဖန်းကွင်းနှင့် ကျိန္တလီမြို့နယ်အတွင်း တပတ်နီးပါးကြာ ပြင်းထန်ခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပစ်ကူခြင်းများ ပြုလုပ်ခဲ့ကာ ၎င်းတို့ တပ်သားများရှိရာသို့ မှားယွင်းဗုံးကြဲခြင်းများဖြစ်ခဲ့ပြီး သေဆုံးမှုများရှိခဲ့ကြောင်း ဒေသခံစစ်ရှောင်ပြည်သူတဦးက ပြောသည်။

“လက်နက်ကြီးနဲ့ကိုယ့်ဘာသာ ပစ်မိလို့ ကြဲမိလို့သေတာတွေ တော်တော်များများ ပါတယ်လို့ ကြားတယ် လေကြောင်းကနေ သဖန်းကွင်းနားက ဦးအောင်သန်းမြင့် ဓာတ်ဆီဆိုင် နားကို မှားကြဲမိတာ၊ သူတို့လူတွေ သေကြတာတွေရှိခဲ့တယ်၊ ကမ်းခြေဘက်မှာ သက်ကြီးပိုင်း (စစ်ကောင်စီစစ်သား)တွေ သေတာရှိတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတဦးက ဒွါရာဝတီသို့ ပြောသည်။

သူက ဆက်လက်၍ “ရေတပ်က ရေကျော်ရွာဘက်ကို ရွေ့သွားပြီး ကျိန္တလီဘက်ကို ဆက်တိုက် ပြန်ပစ်နေတာမှာ သူတို့အချင်းချင်းပစ်မိလို့ ပြဿနာတွေဖြစ်နေတယ်” ဟုပြောသည်။

အဆိုပါတိုက်ပွဲတွင် ဝင်တိုက်နေရသည့် စစ်ကောင်စီတပ်သားအချို့ကို စစ်ကောင်စီက လုံခြုံရေး စောင့်ရမည်၊ တိုက်ရန်မလိုဟု လိမ်လည် ခေါ်ဆိုခဲ့ခြင်းဖြစ်ပြီး ယခုကဲ့သို့ ရှေ့တန်းသို့ စေလွှတ် ခံရခြင်းကြောင့် ဒေါသထွက်နေသူများလည်း ရှိနေကြောင်း သိရသည်။

စစ်ကောင်စီသည် ကုလားပြင်၊ ဆပ်သွား၊ ကြွေချိုင် စသည့်ကျေးရွာများတွင် အင်အားထပ်ဖြည့် ထားပြီး၊ တင့်ကား ၃စီးနှင့် စစ်အင်အားဖြည့်တင်းနေခြင်းများ ရှိနေကြောင်း၊ ယနေ့ ကျိန္တလီတိုက်ပွဲ အခြေအနေမှာ အေးနေကြောင်း သိရသည်။

“တိုက်ပွဲက ဆက်ပြင်းထန်လာနိုင်ချေရှိတယ်၊ အင်အားတွေတိုးပြီး အခိုင်အမာအထိုင်ချ ထားတယ်” ဟု ဂွမြို့နယ်အတွင်းမှ ဒေသခံတဦးက ပြောသည်။

ဩဂုတ် ၁၀ရက်မှ စတင်ကာ ချင်းကွင်း၊ သဖန်းကွင်းနှင့် ကျိန္တလီ တဆက်တည်း တိုက်ပွဲများ ဖြစ်ပွားခဲ့ကာ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတခုတွင် ခိုလှုံနေသည့် ကလေး ၂ဦးအပါအဝင် အရပ်သား ၁၁ဦးထက်မနည်း သေဆုံးခဲ့ကာ ၁၁ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ကြသည်။

လက်ရှိအခြေအနေတွင် ကျိန္တလီမြို့နယ်အတွင်းရှိ ကျေးရွာများတဝိုက် အင်တာနက်နှင့် တယ်လီဖုန်းလိုင်းများ ပြတ်တောက်နေပြီး၊ အင်တာနက်လိုင်းရရှိနိုင်မည့် နေရာများကို ရှာဖွေကာ မိသားစုဆွေမျိုးများနှင့် ဆက်သွယ်နေကြရကြောင်း သိရသည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button