ရခိုင်ပြည်နယ်မြေပုံ၏ တောင်ဘက်အကျဆုံးမြို့ တမြို့ဖြစ်သည့် ဂွမြို့ ခလရ ၅၆၃ တပ်ရင်းမှ လက်နက်ကြီးစတင်ပစ်ခတ်သံများ ကြားရသည်မှာ ၂ရက်ရှိပြီဖြစ်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
ဂွမြို့နယ်၊ အလယ်ရွာကျေးရွာရှိ ခမရ ၅၆၃ တွင် လက်နက်ကြီးနှင့် တင့်ကားများ ထပ်တိုးအင်အားဖြည့် ထားပြီး၊ ပြီးခဲ့သည့် ၁၇၊ ၁၈ ရက်များတွင် ဂွမြို့၏ မြောက်ဘက်(ကျိန္တလီမြို့ဘက်)သို့ ပစ်ခတ်ခဲ့ကြောင်း သိရသည်။
“ပစ်တာကတော့ ၃ကြိမ်ရှိသွားပြီ” ဟု အမည်မဖော်လိုသည့် ဒေသခံတဦးက မနေ့က ပြောသည်။
နောက်ထပ် ဒေသခံတဦးက “လက်နက်စမ်းဖို့ဆိုပြီး ပြောထားတယ်လို့ လူအချို့ကတော့သိထားတယ် ပြောတယ်၊ ပစ်တာကတော့ ၂ရက်ရှိသွားပြီ၊ ဟောင်ဝှစ်ဇာလို့တော့ ပြောကြတယ်၊ အသံကတော့ ဟိန်းပါသွားတာပဲ၊ နည်းတဲ့ အကျယ်ကြီး မဟုတ်” ဟု ဒွါရာဝတီသို့ ပြောသည်။
စစ်ကောင်စီတပ်က ယခုရက်ပိုင်းအတွင်း ဧရာဝတီတိုင်းဘက်မှ လက်နက်အင်အား၊ လူအင်အားများကို ရခိုင်ပြည်နယ်ဘက်သို့ ဆက်တိုက်ဖြည့်တင်းနေသည်ကိုတွေ့ရကြောင်း ဧရာဝတီတိုင်းဘက်ခြမ်းမှ မြင်တွေ့သူများထံမှ စုံစမ်းသိရသည်။
ဒွါရာဝတီက ပြီးခဲ့သည့် ရက်ပိုင်းအတွင်း လက်ခံရရှိထားသည့် ဓာတ်ပုံများအရ ခလရ ၅၆၃ တပ်ရင်းအတွင်း မစ်ဇိုင်းဒုံးများ အထိုင်ချထားသည်ကို တွေ့ရသည်။
ဂွမြို့မြောက်ဘက် မိုင် ၄၀ အကွာတွင် အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား ယခုလ ၁၀ ရက်က စတင်ကာ ပြင်းထန်လာသည့်တိုက်ပွဲများကြောင့် ဂွမြို့ဒေသခံအများအပြား စစ်ဘေးမှ တိမ်းရှောင်လျှက်ရှိကြသလို၊ ကျေးရွာများမှ စစ်ဘေးရှောင်လာသူအများအပြားလည်း ဂွမြို့ကို ဖြတ်ကျော်ကာ ဧရာဝတီတိုင်းဘက်သို့ ထွက်ခွာခြင်း၊ ဘေးလွတ်နိုင်သည်ဟု ၎င်းတို့ယူဆသည့် ရွာငယ်များသို့ တိမ်းရှောင်ခြင်းများ ပြုလုပ်လျှက်ရှိကြသည်။
ရခိုင်ပြည်တောင်ပိုင်းတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများသည် ၂၀၂၄ ဧပြီ ၁၃ ရက်တွင် သံတွဲမြို့နယ်အတွင်းကျေးရွာများမှ စတင်ခဲ့ပြီး၊ သံတွဲမြို့ပေါ်၊ ငပလီကမ်းခြေများတွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်ခဲ့သည်။
သံတွဲဒေသမှ ပြည်သူအများအပြားသည် အလုံးအရင်းနှင့်နေရပ်စွန့်ခွာခဲ့ကြရပြီး မြို့၏ တောင်ဘက်ခြမ်းရှိ ဂွမြို့နယ်ကျေးရွာများ၊ မြို့ပေါ် ဘက်သို့ စစ်ရှောင်နေခဲ့ကြသည်။ ယခု ၄လအကြာတွင် ဂွမြို့နယ်အတွင်းသို့ ဆက်လက်ကူးစက်လာခြင်း ဖြစ်သည်။ လတ်တလောတွင် ဂွမြို့နယ်အပိုင်ရှိ ကျိန္တလီမြို့နယ်ခွဲအတွင်း တိုက်ပွဲများ ပြင်းထန်လျှက်ရှိသည်။
အေအေက ရခိုင်ပြည်နယ်ရှိ လက်ကျန် စစ်ကောင်စီစစ်စခန်းအားလုံးကို ထိုးစစ်ဆင်သွားမည်ဟု မကြာသေးမီက ထုတ်ပြန်ကြေငြာထားသည်။



Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.