
သံတွဲ၊ ဩဂုတ် ၆၊ ၂၀၂၄။
အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီကြား တိုက်ပွဲများ ပြင်းထန်နေခြင်းကြောင့် ရခိုင်ပြည်နယ်ပြင်ပသို့ ထွက်ခွာ စစ်ဘေးရှောင်နေကြသည့် သံတွဲသူ၊ သံတွဲသားများကို စစ်ကောင်စီစစ်ဆေးရေးဂိတ်များက ရခိုင်ပြည်နယ်သို့ ပြန်ဝင်ခွင့် ကန့်သတ်နေကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူများထံမှ စုံစမ်းသိရှိရသည်။
ဧရာဝတီတိုင်းမှာ ရခိုင်ပြည်နယ်သို့ ဝင်ရောက်ရာလမ်းပေါ် ရှိ ရေနံ့သာလမ်းဆုံနှင့် ဂွတောင်ကြား လမ်းအဆင်း ရခိုင်ပြည်နယ်ဘက်ခြမ်း၊ ဂွမြို့အဝင်စစ်ဆေးရေးဂိတ်များတွင် ယင်းသို့ အဆင့်ဆင့် တင်းကြပ်ကန့်သတ်ထားခြင်းဖြစ်ကြောင်း သိရသည်။
“၄ရက်နေ့က သွားခဲ့တယ်၊ ဂွဂိတ်က မဝင်ရဆိုပြီး ပြန်ခိုင်းတယ်၊ ကားသမားကို ပြန်ပို့ခိုင်းတယ်၊ ရေနံ့သာမှာ ပို့ပြီးကြောင်း ဓာတ်ပုံရိုက်ခိုင်းတယ်၊ ပြီးရင် ကားချည်းပဲ ပြန်လာခဲ့လို့ ပြောတယ်၊ အခု ကျမတို့ ရန်ကုန်ပြန်ရောက်နေပြီ” ဟု ကိုယ်တွေ့ကြုံခဲ့ရသူ သံတွဲမှတ်ပုံတင်ကိုင်ဆောင်ထားသူ တဦးက ပြောသည်။
အဆိုပါကြုံတွေ့ခဲ့ရသူသည် ဧရာဝတီတိုင်းမှ ရခိုင်ပြည်နယ်သို့ ဝင်ထွက်နိုင်သော ရိုးမဖြတ်ကျော်လမ်းတခုဖြစ်သည့် ဂွတောင်ကြားလမ်းကိုကျော်ဖြတ်ကာ ဂွမြို့သို့ ရောက်ရှိပြီးမှ ဝင်ခွင့်မပေးဘဲ လှည့်ပြန်ခဲ့ရခြင်းဖြစ်သည်။
သံတွဲမြို့သည် ဂွမြို့မှ မိုင် ၈၀ကျော်အကွာတွင်တည်ရှိပြီး၊ ဂွမြို့ကို ဖြတ်သန်းပြီးမှသာ သံတွဲမြို့သို့ ဆက်လက် သွားရောက်နိုင်မည်ဖြစ်သည်။
စစ်ကောင်စီသည် သံတွဲမှတ်ပုံတင်ကိုင်ဆောင်ထားသူများကိုသာ ရခိုင်ပြည်သို့ ပြန်ဝင်ခွင့် ကန့်သတ် ထားခြင်းဖြစ်ပြီး ဂွနှင့် ကျိန္တလီမှတ်ပုံတင်နှင့် အခြားဒေသမှတ်ပုံတင်ကိုင်ဆောင်ထားသူများကို ထောက်ခံစာအဆင့်ဆင့်ဖြင့် ဝင်ထွက်ခွင့်ပြုထားကြောင်း သိရသည်။
“သံတွဲမှတ်ပုံတင်ကတော့ ရခိုင်ကနေ ပြည်မကို ထွက်မယ်ဆိုရင်ရတယ်၊ ရခိုင်ကို ပြန်ဝင်ခွင့်ပိတ်ထားတာ၊ ဂွကို ဖြတ်ခွင့် မပေးဘူး၊ ဘာကြောင့်လဲတော့ မသိ၊ အခုက တရက်နဲ့တရက် သူတို့သတ်မှတ်ချက်တွေက အမျိုးမျိုးတွေဖြစ်နေတာ” ဟု သံတွဲ-ဂွ-ရန်ကုန်လမ်းကို ပုံမှန်အသုံးပြုနေသူ တဦးက ပြောသည်။
စစ်ကောင်စီသည် သံတွဲ-ဂွလမ်းပေါ်ရှိ ချင်းကွင်းတံတားကို ဇူလိုင် ၂၄ ရက်က မိုင်းခွဲဖျက်ဆီးခဲ့သလို ချောင်းကိုဖြတ်သန်း၍ လှေဖြင့်ကူးကာ ခက်ခဲစွာ သွားလာနေရသည့် စစ်ရှောင်များထံမှ အဓမ္မငွေကြေး တောင်းခြင်းများပြုလုပ်လျှက်ရှိသည်။ အလားတူ ကုန်ပစ္စည်းသယ်ယူရောင်းချသူများအား ကန့်သတ် ပိတ်ပင်ထားပြီး ငွေကြေးအဆမတန်တောင်းလျှက်ရှိကာ မပေးနိုင်ပါက ပစ္စည်းသိမ်းယူခြင်းများ ပြလုပ်လျှက်ရှိသည်။
အလာားတူ ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲဒေသတိုက်ပွဲများကြားမှ ထွက်ပြေးတိမ်းရှောင်လာကြသည့် စစ်ဘေးဒုက္ခသည်များထံမှ ဧရာဝတီတိုင်း ရေနံ့သာဂိတ်တွင် ဂိတ်ဖြတ်ကြေးခေါင်းစဉ်တပ်ကာ နည်းလမ်းမျိုးစုံဖြင့် ငွေတောင်း လျှက်ရှိသည်။
“ပိုက်ဆံ တောင်းတာကတော့ တလမ်းလုံး ကိုတောင်းတာ၊ ရန်ကုန် နောက်ဆုံး ဂိတ်ကကောင်တွေဆို ညဘက်ဆို မူးပီးရစ်ပါရစ်သေးတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတဦးက ပြောသည်။
တိုက်ပွဲများဖြစ်ပွားနေသည့် ရခိုင်ပြည်နယ်ပြည်နယ်တောင်ပိုင်းဒေသများဖြစ်သည့် သံတွဲ၊ ကျိန္တလီနှင့် ဂွ ဒေသတို့မှ ပြည်သူများသည် ဧရာဝတီတိုင်း၊ ပဲခူးတိုင်းနှင့် ရန်ကုန်တိုင်းများသို့ စစ်ရှောင်နေကြပြီး၊ အဝေးသို့ မသွားနိုင်ကြသည့် ဒေသခံများမှာ သံတွဲနှင့် ဂွမြို့နယ်ကြားရှိ ကျေးရွာများ၊ ဘုန်းတော်ကြီးကျောင်းများ၊ စာသင်ကျောင်းများ၊ မိသားစုဆွေမျိုးသားချင်း အိမ်များတွင် နည်းလမ်းမျိုးစုံဖြင့် စစ်ဘေးရှောင်နေကြရသည်။
ပုံစာ- ဂွတောင်ကြားလမ်းပေါ် ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းနယ်စပ်ရှိ နယ်ခြားဆိုင်းဘုတ်။