BusinessNews

ရခိုင်စစ်ရှောင်ကားများကို ဧရာဝတီတိုင်းအဝင်ဂိတ်ဖြတ်သန်းခ မတန်တဆတောင်းနေ

ဂွ၊ ဩဂုတ် ၃၊ ၂၀၂၄။

ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့နှင့် ဂွမြို့နယ်များမှ ပြည်မသို့ စစ်ရှောင်ထွက်သွားကြသည့် ပြည်သူများအား ဧရာဝတီတိုင်းအဝင် ရေနံ့သာ လဝက စစ်ဆေးရေးဂိတ်က ငွေကြေး အဆမတန် တောင်းခံမှုများ ကြုံနေကြရကြောင်း ကိုယ်တွေ့ကြုံရသူတဦးက ဒွါရာဝတီသို့ ပြောသည်။

အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်များကြား တိုက်ပွဲပြင်းထန်နေခြင်းကြောင့် အရေးပေါ်စစ်ဘေးရှောင်သွားကြရသည့် ပြည်သူများအား ခရီးသွားလာခွင့်ထောက်ခံစာ မပါခြင်း၊ အိမ်ထောင်စုဇယားမပါခြင်း၊ ကလေးများတွင် မွေးစာရင်းမပါခြင်း စသည့် အကြောင်းပြချက်များ ပြကာ စစ်ရှောင်မော်တော်ယာဉ် တစီးလျှင် ကျပ် ၅သောင်းမှ ကျပ်တသိန်းခွဲအထိ တောင်းနေ ကြောင်း သိရသည်။

“ကားတစီးကို ပုံမှန် ဘော်ဒါကြေးဆိုပြီး ၃သောင်းတောင်းတယ်၊ မှတ်ပုံတင်ပါပေမယ့် သူတို့တောင်းတဲ့ စာရွက်စာတမ်း တွေမပါရင် ၅သောင်းတောင်းတယ်၊ တချို့ကားတွေ တသိန်းခွဲတောင် ပေးခဲ့ရတယ်၊ ထောက်ခံစာ တောင်းဖို့ ရွာတွေမှာ လူကြီးတွေကောမရှိတော့ဘူး၊ ပြီးတော့ တချို့ တောမှာမွေးတဲ့ ကလေးတွေဆို မွေးစာရင်းမရှိကြလေ” ဟု အဆိုပါလမ်းကို ပုံမှန်အသုံးပြုနေသူ တဦးက ပြောသည်။

ရခိုင်ပြည်နယ်ကို လွန်ခဲ့သည့် ၉လနီးပါး(၂၀၂၃ခုနှစ်၊ နိုဝင်ဘာလ) ကတည်းက ပြည်မနှင့် ဆက်သွယ် သွားလာခွင့်ဖြစ်စေ၊ ပြည်နယ်တွင်း မြို့နယ်အချင်းချင်းဖြစ်စေ ဆက်သွယ်သွားလာ ခွင့်များကို စစ်ကောင်စီက ပိတ်ဆို့ထားခဲ့သည်။

အစိုးရဝန်ထမ်းများနှင့် ကျန်းမာရေးအကြောင်းပြချက်ခိုင်လုံသည့် ပြည်သူအများကို ငွေကြေးပေး မှသာ ထုတ်ပေးသည့် ထောက်ခံစာအဆင့်ဆင့်ပါမှသာ ခရီးသွားလာခွင့်ပြုခဲ့ပြီး၊ ဇွန်လလယ်တွင် သံတွဲမြို့သို့ တိုက်ပွဲများနီးကပ်လာရာ ထောက်ခံစာထုတ်ပေးနိုင်သည့် ဌာနဆိုင်ရာအားလုံး မြို့မှ ထွက်ပြေးသွားခဲ့ကြသည်။

ထို့ကြောင့် နောက်ပိုင်း စစ်ရှောင်ပြည်သူများသည် ထောက်ခံစာရယူနိုင်ခြင်းများမရှိတော့ဘဲ ယခု အရေးပေါ်စစ်ရှောင်ကြရချိန်တွင် ဧရာဝတီတိုင်းအဝင်ရှိ ရေနံ့သာစစ်ဆေးရေးဂိတ်က အကြောင်း အမျိုးမျိုးပြကာ ငွေကြေးတောင်းခံနေခြင်းဖြစ်သည်။

ရေနံ့သာစစ်ဆေးရေးဂိတ်သည် ဂွရိုးပေါ်မှအဆင်း၊ ဧရာဝတီတိုင်း၊ ပုသိမ်-မုံရွာလမ်းမပေါ်တွင် ရှိသည်။

“ပြီးခဲ့တဲ့ တပတ်က ကျမတို့ ဖြတ်တုန်းကလည်း တော်တော်စစ်တယ်၊ ကားသမားက ငွေလည်း ပေးလိုက်ရော သိပ်တောင်မစောင့်လိုက်ရ ခဏဆို ထွက်ရတယ်၊ မဟုတ်ရင် တညနေလုံး တန်းစီရ တယ်တဲ့၊ နောက်အိမ်စီးကားတစီးကိုဆို ပါသမျှ အကုန်ထုတ်၊ သွန်ချ၊ တော်တော်ဆိုးဆိုးရွားရွား စစ်နေတာမြင်ခဲ့တယ်” ဟု သံတွဲမြို့နယ်မှ ဧရာဝတီတိုင်းသို့ စစ်ဘေးရှောင်သွားသူတဦးက ပြောသည်။

စစ်ကောင်စီသည် သံတွဲ-ဂွ-ရန်ကုန် ကားလမ်းမပေါ်ရှိ ချင်းကွင်းတံတားကိုလည်း ဇူလိုင်လ အတွင်းက မိုင်းခွဲဖျက်ဆီးခဲ့ပြီး၊ တံတားအနီး စစ်ကောင်စီရဲဂိတ်က ဖြတ်သွားဖြတ်လာ ဆိုင်ကယ် များအား တစီးလျှင် ၃သောင်းကျပ်အထိ ဆက်ကြေးတောင်းနေသလို၊ ကုန်ပစ္စည်း သယ်ယူ လာပါက သိမ်းဆည်းခြင်း၊ ငွေညှစ်ခြင်းများ ပြုလုပ်လျှက်ရှိကြောင်း ကိုယ်တိုင်ကြုံရသူများထံမှ စုံစမ်းသိရှိရသည်။

ရခိုင်ပြည်နယ်မှာ ပြည်မသို့ ထွက်ခွာသည့် လမ်းများ မပိတ်ခင်က သံတွဲ-ရန်ကုန် အများပြည်သူသုံးလိုင်းကားခမှာ ကျပ် ၃သောင်းဝန်းကျင်သာ ရှိခဲ့ရာမှ၊ တိုက်ပွဲများဖြစ်ပွားပြီးနောက်ပိုင်း ပုဂ္ဂလိက ယာဉ်ငယ်များက ပြေးဆွဲခဲ့ပြီး ကျပ် ၂သိန်းဝန်းကျင်အထိ တဖြည်းဖြည်း မြင့်တက်လာခဲ့ကြောင်း သိရသည်။

ယခုလက်ရှိတွင် ချင်းကွင်းတံတားကို စစ်ကောင်စီက မိုင်းခွဲလိုက်ပြီးနောက်ပိုင်း သံတွဲ-ရန်ကုန် တိုက်ရိုက်ပြေးဆွဲနိုင်ခြင်းမရှိကြတော့ဘဲ သင့်တော်သလို ခရီးစဉ်ပိုင်းဖြတ်ကာ ပြေးဆွဲနေကြရသည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button