မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဂွတောင်ကြားလမ်းအပိုင်း ကားဖြတ်သန်းနိုင်မှု ရပ်ဆိုင်း
ဂွ၊ ဇူလိုင် ၂၇၊ ၂၀၂၄။
ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းသို့ ဆက်သွယ်ထားသည့် ဂွတောင်ကြားလမ်း မြေသားများအက်ကွဲပျက်စီးနေသည့်အတွက် ကားကြီး၊ ကားငယ်များ အသုံးမပြုသင့်ကြောင်း ဂွမြို့ ဒေသခံတဦးက ပြောသည်။
ရက်ဆက်မိုးရွာသွန်းနေသည့်အတွက် ဂွ-ငါးသိုင်းချောင်း ရိုးမဖြတ်ကျော်လမ်းအပိုင်း ၁၆မိုင်နှင့် ၁၇မိုင်ကြား၊ ဗောဓိတောင်ကြောအနီးတွင် ဖြစ်ပွားနေသည့် မြေသားပြတ်ရွှေ့မှုသည် အချိန်မရွေးပြိုကျနိုင်သည့် အခြေအနေဖြစ်ကြောင်း သူကဆိုသည်။
“အခုလိုမိုးကောင်းတဲ့ပုံနဲ့ဆိုရင် အန္တရာယ်ရှိတယ်၊ အချိန်မရွေး အကုန်ပြတ်ကျသွားနိုင်တယ်၊ မိုးက တချက်လည်း မညော(မတိတ်)သေး၊ စစ်ရှောင်တွေအတွက်တော့ ဒုက္ခပဲ၊ ကားကြီးသွားလို့ မရတော့ဘူး၊ ကားလေးတွေလဲ မသွားသင့်ဘူးလို့ထင်တယ်” ဟု ဂွမြို့မှ ဒေသခံတဦးက ဒွါရာဝတီသို့ ပြောသည်။
ရခိုင်ပြည်နယ်သည် မိုးများသည့်ဒေသဖြစ်ရာ ရိုးမပေါ်တွင် မြေပြိုခြင်း၊ လမ်းချော်ခြင်းများနှစ်စဉ် ဖြစ်လေ့ရှိသော်လည်း ယခုကဲ့သို့ မြေသားပြတ်ရွေ့သည့် ပုံစံမျိုးမဖြစ်သည်မှာ ဆယ်စုနှစ်ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။
“နှစ်တိုင်းဖြစ်လေ့ရှိတဲ့ တောင်ပြိုတာမျိုးလောက်ကတော့ စက်ကြီးတွေနဲ့ လာလုပ်သွားကြတာ ခဏပဲ၊ အခုအခြေအနေ ကတော့ သူတို့လည်း ဘယ်နင်းရဲပါ့မလဲ၊ ကားကြီးတင်မက ကားလေးပါ သွားလို့မရတဲ့ အခြေအနေဖြစ်နေတယ်” ဟု ဒေသခံတဦးက ပြောသည်။
အဆိုပါ ရိုးမဖြတ်ကျော်လမ်းအပိုင်း ပျက်စီးမှုကြောင့် စစ်ပွဲများမှ ဘေးလွတ်ရာသို့ တိမ်းရှောင်မည့် ပြည်သူများ၊ အရေးပေါ်လူနာများ၊ အခြေခံစားနပ်ရိက္ခာနှင့် ကုန်ပစ္စည်းသယ်ယူပို့ဆောင်ရေးအတွက် အခက်အခဲများစွာကြုံတွေ့ရနိုင်ကြောင်း သိရသည်။
ဓာတ်ပုံ- ဂွမြို့ဒေသခံတဦး
ပုံစာ- ရခိုင်ပြည်နယ် ဂွမြို့နှင့် ဧရာဝတီတိုင်း၊ ငသိုင်းချောင်းမြို့ကြားရှိ ဂွတောင်ကြားလမ်း ဗောဓိရွာအနီးရှိ လမ်းအပိုင်း ပျက်စီးမှု မှတ်တမ်းများ။