တောင်ကုတ်မြို့၏ အမြင့်ဆုံးရပ်ကွက်များအထိ ရေတက်လာပြီး မြို့ခံများနှင့် စစ်ရှောင်များ ရေဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြရ
တောင်ကုတ်၊ ၂၅ ဇူလိုင်၊ ၂၀၂၄။
တောင်ကုတ်မြို့တွင် မိုးဆက်တိုက်ရွာသွန်းလျက်ရှိပြီး ချောင်းရေမြင့်တက်လျက်ရှိရာ ဇူလိုင်လ ၂၅ ရက် မွန်းလွဲပိုင်းမှစတင်ကာ စစ်ဘေးရှောင်ပြည်သူများနှင့် မြို့ပေါ်ဒေသခံအချို့ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေကြရပြီဖြစ်ကြောင်း ဒေသခံများက ပြောသည်။
ရွှေ့ပြောင်းနေရာချထားရေးအတွက် တောင်ကုတ်မြို့ပေါ်ရှိ လူမှုကူညီရေးအသင်းများက ကူညီနေကြပြီး နိုင်သလောက်ကူညီကယ်ဆယ်နေကြောင်း၊ ဆေးရုံကွက်သစ် ၇လမ်းဘက်တွင် ပိတ်မိနေသူများကို ကူညီရန်အတွက် အခက်အခဲရှိနေကြောင်း တောင်ကုတ်မြို့၊ လူမှုကူညီရေး စေတနာ့ဝန်ထမ်းတဦးက ဆိုသည်။
“လည်ပင်းထိမြုပ်နေပီမို့ လုံးဝဝင်မရဖြစ်နေတယ်၊ ရေကလဲ တရိပ်ရိပ်တက်ပြီး ရေစီးကသန် ဆိုင်ကယ်စီးမရ၊ လှေရှာမရတော့ခရီးမတွင်” ဟု သူက ဆိုသည်။
အချို့ကျေးရွာများတွင် စစ်ဘေးရှောင်နေကြသည့် ဒေသခံများ ရေနစ်မြုပ်နေသောကြောင့် ရေလွတ်ရာ နေရာများသို့ ရွှေ့ပြောင်း ပေးနေရကြောင်း
အာရက္ခတပ်တော် အေအေနှင့်နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။
“စစ်ရှောင်တွေတော့ ရေဘေးပါထပ်ရှောင်နေရတယ်” ဟု ၎င်းကပြောသည်။
မြို့ပေါ်ရပ်ကွက် ကမ်းနားအိမ်များ၊ ကင်းတောင်တိုက်နယ် ရွာမ၊ တောင်ကုတ်-မအီ ကားလမ်းမအနီးရှိ ကျေးရွာများတွင်လည်း ရေနစ်မြုပ်လျက်ရှိရာ ဒေသခံများ ဘေးလွတ်ရာ အမြင့်ပိုင်းနေရာများသို့ ပြောင်းရွှေ့နေကြရကြောင်း ဒေသခံများထံမှ သိရသည်။
“ဆားပြင် ရွာတွေ အားလုံး ရေနက်နေတယ်၊ အခြေအနေက ရေထပ်တက်ဦးဖို့” ဟု အဆိုပါကျေးရွာများနှင့် ဆက်သွယ်ရရှိသည့် မိသားစုဝင်တစ်ဦးကပြောသည်။
တောင်ကုတ်မြို့အနိမ့်ပိုင်း ရပ်ကွက်တခုဖြစ်သည့် ချောင်းကောက်ရပ်ကွက်တွင် ဇူလိုင်လ ၂၅ ရက် နံနက်ပိုင်းတွင် အိမ်တချို့ ရေဝင်နစ်မြုပ်လျက်ရှိကြောင်း ဒေသခံများကပြောသည်။
တောင်ကုတ်မြို့၏ အမြင့်ဆုံးအပိုင်းဖြစ်သည့် ကိုင်းရှည်ရပ်ကွက် နိဗ္ဈာန်လမ်း ဗုဒ္ဓဂါယာစေတီအနီးထိ မွန်းလွဲပိုင်းတွင် ရေတက်နေပြီဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
“မနက်က လုံးဝရေမရောက်သေးဘူး အခု အိမ်အောက်ထပ်ရေဝင်သွားပြီ ဒူးလောက်ရှိနေပြီ ရေစီးက တအားသန်တာ၊ ခု ရေတက်နေတယ် မိုးရောလေပါထန်တယ်” ဟု ၎င်းက ရေမြင့်တက်နေမှုအခြေအနေကို ဒွါရာဝတီသို့ ပြောသည်။
ဗုဒ္ဓဂါယာစေတီရှိရာ စေတျာရာမ ဘုန်းတော်ကြီးကျောင်းတွင် ကိုင်းရှည်ရပ်ကွက် အနိမ့်ပိုင်းရှိ တထပ်အိမ်များမှ ပြည်သူများ ပြောင်းရွှေ့ခိုလှုံနေကြရကြောင်း ဒေသခံတစ်ဦးကပြောသည်။
စေတျာရာမ ဘုန်းကြီးကျောင်း တံတိုင်းလည်း ပြိုပြီး ရေစီးနဲ့ပါသွားပြီ၊ တာဝတိံသာလမ်းမကြီးဘက်ဆို ခါးလောက်ဖြစ်နေပြီ ဟု ဒေသခံတစ်ဦးကပြောသည်။
တောင်ကုတ် ကံပိုင်ရပ်ကွက် ညဈေးအနီးရှိ နေအိမ်များတွင် မွန်းလွဲပိုင်းတွင် လူကြီး ရင်ဆို့အထိ ရေတက်နေပြီဟု ယင်းအနီးနေထိုင်သည့် ဒေသခံတစ်ဦးကပြောသည်။
မြို့ပေါ်ရှိ ရေသန့်စက်ရုံတစ်ခုတွင် စက်ရုံအတွင်း ရေဝင်ရောက်နေသော်လည်း တမြို့လုံးရေဘေး အန္တရာယ် ရင်ဆိုင်နေရ၍ ရေကျမှသာ ပြန်လည်စစ်ဆေးရမည်ဟု စက်ရုံပိုင်ရှင်က ပြောသည်။
တောင်ကုတ်မြို့အနီး ရခိုင်ရိုးမတလျှောက်တွင် ဇူလိုင်လ ၂၄ ရက်နေ့မှ ယခု ဇူလိုင်လ ၂၅ ရက် မွန်းလွဲပိုင်းအထိ ဆက်တိုက်ရွာသွန်းလျက် ရှိရာ မြစ်ရေ ၂ ပေမှ ၃ ပေခန့်အထိ ထပ်မံတက်နိုင်ဖွယ် ရှိကြောင်း ရေကြီးမှုအခြေအနေ စောင့်ကြည့်နေသည့် ဒေသခံတစ်ဦးက ပြောသည်။
ပုံစာ- (၁) တောင်ကုတ်မြို့ ကိုင်းရှည်ရပ်ကွက် နိဗ္ဗာန်လမ်း၊ တောင်ကုတ်မြို့နယ်အပိုင် ကျေးရွာများရှိ အနိမ့်ပိုင်းရပ်ကွက်များ ယခုညနေပိုင်းတွင် ရေနစ်မြုပ်နေပုံ။