BattleNews

ခရိုင်ကျွန်းသို့ စစ်ကောင်စီ လေယာဉ်ဗုံးကြဲမှုကြောင့်ကလေး ၁ ဦးသေဆုံး၊ လူ ၅ ဦး ဒဏ်ရာရ

တောင်ကုတ်၊ စက်တင်ဘာ ၂၊ ၂၀၂၄။

ရခိုင်ပြည်၊ တောင်ကုတ်မြို့နယ်၊ ခရိုင်ကျွန်း လက်ပံကျေးရွာသို့ ဩဂုတ် ၃၁ ရက် ည ၇ နာရီကျော်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ စစ်ကောင်စီ၏ လေယာဉ်ဗုံးကြဲမှုကြောင့် ၁၄ နှစ်အရွယ် ယောက်ျားလေးတဦး ပွဲချင်းပြီးသေဆုံးပြီး၊ အရပ်သား ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ပထမတလုံးမှာ ဘုန်းကြီးကျောင်းသို့ ကျရောက်ပြီး ကလေးငယ်တဦး ဗုံးစထိမှန်ကာ ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသခံ တဦးက ပြောသည်။

ကလေးငယ်မှာ လေယာဉ်ဗုံးကျဲခြင်းကြောင့် ပွဲချင်းပြီးသေဆုံးသွားပြီး လွင့်စင်နေသည့် ခေါင်းနှင့် ခြေထောက်အပိုင်းအစကိုသာ နံနက်မိုးသောက်ချိန်တွင် ပြန်တွေ့ကြရခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။

“ညဘက် ကြီး ဖြစ်တာလေ၊ ဘယ်သူမှ ဖြစ်နေတုန်းတော့ မသိဘူး၊ ထွက်မကြည့်ရဲကြတော့ဘူးလေ၊ မနက်ရောက်မှ သိရတာ၊ ကောင်လေးခန္ဓာကိုယ် ခေါင်းနဲ့ခြေထောက်ပဲ ရလိုက်တယ်၊ ကျန်တာ လုံးဝရှာလို့မတွေ့ဘူး” ဟု ဒေသခံတစ်ဦးကပြောသည်။

အဆိုပါ ဗုံးကျရောက်ပေါက်ကွဲမှုကြောင့် ကျောင်းဝင်းအတွင်းရှိ ဓမ္မာရုံနှင့် ဆွမ်းစားဆောင် ပျက်စီးသွားပြီး၊ ဒေသခံ ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

အလားတူ ဩဂုတ်လ ၂၂ရက်နေ့ကလည်း တောင်ကုတ်မြို့နယ် အနီးဝန်းကျင် ကျေးရွာ ၄ရွာထက် မနည်းကို စစ်ကောင်စီက လေကြောင်းဗုံးကြဲမှု ပြုလုပ်ခဲ့ရာ တောင်ကုတ်မြို့နယ်၊ မီးချောင်းထိုးကျေးရွာရှိ လူနေအိမ်တလုံးပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ရာ ရက်သားအရွယ် ကလေးငယ်တဦး၏မိခင် စစ်ရှောင်အမျိုးသမီးတဦး ဝမ်းဗိုက်ပွင့် ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး နေအိမ် ၃လုံး ပျက်စီးဆုံးရှုံးခဲ့သည်။

တောင်ကုတ်မြို့အနီးဝန်းကျင်ရှိ ကျေးရွာများသို့ ဩဂုတ်လအတွင်း လေယာဉ်ဗုံးကြဲမှုများ မကြာခဏ ပြုလုပ်လျက်ရှိရာ ကျေးရွာဒေသခံများ တိမ်းရှောင်စရာနေရာ မရှိ၍ ကြောက်ရွံ့နေကြရကြောင်း မိသားစုနှင့်အဆက်အသွယ်ရရှိသည့် ကျေးရွာဒေသခံတစ်ဦးက ပြောသည်။

“လေယာဉ်က ထင်ရာပတ်ကြဲနေတော့ ဘယ်ပြေးရမှန်းမသိဘူး၊ စစ်ရှောင်တွေလည်း အရင်လတွေထဲက ပြန်ကုန်ကြတာ ကြာပြီ၊ ရွာမှာ ရွာခံတွေနဲ့ အမျိုးနဲနဲပဲရှိတာ၊ ခုဗုံးကြဲတော့ ရွာထဲလည်း နေမရဲကြတော့ ဘူး၊ အရင်ကတည်းက ချောင်းမှာ ရှာစားရတာ၊ အခုကြောက်လို့ ဘာမှမလုပ်ရဲတော့ စားဖို့လည်း ခက်နေပြီ” ဟု ကျေးရွာ ဒေသခံတစ်ဦးက ပြောသည်။

စစ်ကောင်စီသည် အေအေတပ်ဖွဲ့ဝင်များ ရှိသည်ဟု ခန့်မှန်းကာ လူနေကျေးရွာများကို ရမ်းသမ်းဗုံးကြဲ နေပြီး၊ ဩဂုတ်လ နောက်ဆုံးပတ်အတွင်း တောင်ကုတ်မြို့အနီးဝန်းကျင် နေရာ ရှစ်ခုကို ဗုံးကြဲခဲ့ ကြောင်း၊ ယခု စက်တင်ဘာ ၁ရက် နံနက် မိုးသောက်ချိန်တွင်လည်း အတွဲဗုံးကြဲသံများ ကြားနေကြ ရကြောင်း ဒေသခံများက ပြောသည်။

ပြီးခဲ့သည့် ဇွန်လလယ်ခန့်ကလည်း တိုက်ပွဲဖြစ်ပွားနေခြင်းမရှိသည့် ပန်းတင်းကျွန်း၊ ကံဆိပ်ကျေးရွာကို စစ်ကောင်စီ၏လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား အမျိုးသမီး ၂ဦး ပွဲချင်းပြီးသေဆုံးခဲ့သည်။ အဆိုပါကာလဝန်းကျင်တွင် တောင်ကုတ်မြို့တဖက်ကမ်းတွင် အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့ရာ စစ်ကောင်စီ၏ လေကြောင်းက ပစ်ကူခြင်း၊ ဗုံးကြဲခြင်းများကြောင့် အရပ်သားသေဆုံးမှုများ ဖြစ်ပွားခဲ့သည်။

တောင်ကုတ်မြို့နယ်နှင့် တောင်ကုတ်-ပြည်ရိုးမဖြတ်ကျော်လမ်းပေါ်တွင် ပြီးခဲ့သည့် ဇွန်လအတိုင်းက တိုက်ပွဲအချို့ ဖြစ်ပွားခဲ့ပြီး၊ နောက်ပိုင်းတွင် ထိတွေ့တိုက်ပွဲမရှိတော့ဘဲ စစ်ကောင်စီက လက်နက်ကြီးဖြင့်ပစ်ခတ်ခြင်း၊ ညအချိန်မတော်လေကြောင်းဗုံးကြဲခြင်းများကို ပြုလုပ်နေခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပုံစာ – ဩဂုတ် ၃၁ရက်နေ့ညဦးပိုင်းတွင် စစ်ကောင်စီလေကြောင်းဗုံးကြဲမှုကြောင့် ထိမှန်ခဲ့သည့် လက်ပံကျေးရွာအနီးဝန်းကျင်မြင်ကွင်းများ။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button