BattleNews

လေကြောင်းဗုံးကြဲမှုကြောင့် သံတွဲ၊ အမှတ် ၅ရပ်ကွက်တွင် သက်ကြီးပိုင်း အမျိုးသမီးတဦး သေဆုံး

သံတွဲ၊ ဇူလိုင် ၁၅၊ ၂၀၂၄။

သံတွဲမြို့၊ အမှတ် ၅ရက်ကွက်၊ မဟာဗောဓိလမ်းတွင် လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား အမျိုးသမီးတဦး ပွဲချင်းပြီးသေဆုံးခဲ့ပြီး နေအိမ် ၃လုံးမီးလောင်ကာ နေအိမ်အချို့ ပျက်စီးခဲ့ကြောင်း စစ်ဇုန်အတွင်းက တိမ်းရှောင်လာသည့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ကာယကံရှင်မိသားစုနှင့် နီးစပ်သူတဦး၏ ပြောကြားချက်အရ အမှတ် ၅ရပ်ကွက် (ကွင်းထဲ)၊ မဟာဗောဓိလမ်းပေါ်ရှိ ကိုမင်းဆွေဦးကားပြင်ရုံမှ သက်ကြီးပိုင်း အမျိုးသမီးတဦး ဖြစ်ကြောင်းသိရသည်။

“ကားဝပ်လျှော့ဆရာရဲ့ အမေကို ထိပြီးဆုံးသွားတာလို့သိရတယ်၊ ဒီနေ့ လက်နက်ကြီး အနီးအနားမှာ စစ်ရှောင်နေတဲ့သူတွေက မြို့မှာအသံတွေတိတ်သွားလို့ အပိုင်းကို ခဏပြန်ဝင်တုန်းမှာ သိခဲ့ရတာ”ဟု ၎င်းက ပြောသည်။

အလားတူ အဆိုပါပတ်ဝန်းကျင်ရှိ ဦးမြင့်စိုးအိမ်အပါအဝင် လူနေအိမ် ၃လုံး မီးလောင် ကျွမ်းခဲ့သလို၊ အမှတ် ၅ရပ်ကွက်၊ မန်းတောင်အနီး တွင်လည်း ဒေါ်စန်းစန်းရီနေအိမ်နှင့် ဦးခင်မောင်နေအိမ်နှင့် အနီးဝန်းကျင် နေအိမ်အချို့တို့ ကို လက်နက်ကြီးအစနအနများထိမှန်ခဲ့ပြီး ထိခိုက်ပျက်စီးမှုများရှိကြောင်း သိရသည်။ အလားတူ ရွှေဆံတော်ဘုရားကားတက်လမ်းပေါ်ရှိ ဒေါ်နီနီခိုင်နေအိမ်တခြမ်းလည်း ထိမှန်က တခြမ်းပြိုကျခဲ့ကြောင်း သိရသည်။

“မြို့ပေါ်ရပ်ကွက်တွေကို လက်နက်ကြီးနဲ့ ရမ်းသမ်းပစ်နေတာရော၊ လေကြောင်းကနေ ဗုံးကြဲနေတာတွေရော ဆက်တိုက်ဖြစ်နေတာကြောင့် မြို့ပြင်ရောက်နေတဲ့သူတွေကို အေအေက ပြန်မဝင်ခိုင်းဘူး၊ မြို့က ထွက်ခွင့်တော့ ပေးတယ်”ဟု သံတွဲဒေသခံ စစ်ရှောင် တဦးကပြောသည်။

ရခိုင်ပြည်နယ်တောင်ပိုင်း၊ သံတွဲမြို့နယ်ရှိ စစ်စခန်းတွေတခုခုပြီးတခု ဆုံးရှုံးနေရသည့် စစ်ကောင်စီသည် သံတွဲမြို့ပေါ်နှင့် အနီးတဝိုက်နယ်မြေများကို ဇူလိုင် ၇မှ စတင်ကာ ဆက်တိုက်ဆိုသလို လက်နက်ကြီး များဖြင့် ပစ်ခတ်ခြင်း၊ အရပ်သားပစ်မှတ်ထားကာ လေကြောင်း ဗုံးကြဲခြင်း၊ ရေတပ်မှ လက်နက်ကြီး ပစ်ခတ်ခြင်း တို့ကို ပြုလုပ်နေပြီး အရပ်သား သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှု၊ နေအိမ်များ ပျက်စီးဆုံးရှုံး ခြင်း၊ သာသနိက အဆောက်အအုံများ ပျက်စီးခြင်း၊ စာသင်ကျောင်းများ ပျက်စီးဆုံးရှုံးခြင်းတို့ ဖြစ်ပွားခဲ့သည်။

ဒွါရာဝတီက စုဆောင်းထားသည့် အချက်အလက်များအရ ဇူလိုင်ဒုတိယပတ်အတွင်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် ဗုံးစထိမှန်ကာ သံတွဲမြို့နယ်၊ ငပလီ ကမ်းခြေမြို့တွင် ဂျိတ္တောရပ်ကွက် PVR ဟိုတယ်အနီးတွင် အရပ်သား ၁ဦး၊ ပဒဲကော ကျေးရွာမှ အမျိုးသမီးတဦး၊ ကျောက်ဆိပ်ကျေးရွာတွင် အမျိုးသမီးတဦး၊ အနော်ရထာ လမ်းပေါ်တွင် အရပ်သားတဦး၊ သံတွဲအကျဉ်းထောင်မှ အကျဉ်းသူ ၂ဦးနှင့် ယခု အမှတ် ၆ရပ်ကွက်တွင် အမျိုးသမီးတဦး စုစုပေါင်း ၇ ဦးသေဆုံးခဲ့ပြီဖြစ်သည်။ ထိခိုက်ဒဏ်ရာ ရရှိခြင်းများလည်း ရှိခဲ့သလို၊ သတင်းစုဆောင်းနိုင်ရန် လက်လှမ်းမမီသေးသည့် အရပ်သားသေဆုံးမှုများ ရှိနိုင်သေးသည်။

စစ်ကောင်စီ၏ လေကြောင်းဗုံးထိမှန်၍ သမိုင်းဝင်ရှေးဟောင်း ရွှေနံတော် စေတီတောင် ကုန်းပေါ်ရှိ တယ်လီဖုန်းတာဝါတိုင် ပျက်စီးခဲ့ခြင်းကြောင့် သံတွဲမြို့တွင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းများ ပြတ်ကာ စစ်ဇုန်အတွင်း ပိတ်မိနေသူများ နှင့် အဝေးရောက် မိသားစုဝင်များကြား အဆက်အသွယ်လုံးဝ ပြတ်တောက်နေသည်မှာ ၃ရက်ရှိပြီ ဖြစ်သည်။

ဓာတ်ပုံ- (ပုံ-၁)ဇွန် ၁၃ရက်က စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် ရှေးဟောင်းသမိုင်းဝင် ရွှေနံတော်စေတီတောင်ပေါ်ရှိ ဓမ္မာရုံတခု လက်နက်ကြီးထိမှန်ပျက်စီးခဲ့ပုံ၊

(ပုံ- ၂) စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် ပျက်စီးဆုံးရှုံးခဲ့ရသည့် သံတွဲမြို့၊ အ.ထ.က (၂) စာသင်ကျောင်းဆောင်များ။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button