
မင်းသစ်
ပေါက်တော၊ စက်တင်ဘာ ၁၀၊ ၂၀၂၄။
ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ရှင်ရွာကျေရွာကို စက်တင်ဘာ ၈ ရက်၌ စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသမှုခံယူနေသည့် စစ်သုံ့ပန်းစစ်ကောင်စီအရာရှိတချို့အပါအဝင် လူ ၁၇ ဦး သေဆုံးခဲ့သည်ဟု အာရက္ခတပ်တော်(အေအေ)က ပြောသည်။
စက်တင်ဘာ ၉ ရက်က ထုတ်ပြန်ခဲ့သည့် အာရက္ခတပ်တော်(အေအေ)၏ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့ခြင်း ဖြစ်သည်။
စက်တင်ဘာလ (၈) ရက်၊ ညနေ ၇ နာရီတွင် ရခိုင်ပြည်၊ ပေါက်တောမြို့နယ်၊ ရှင်ရွာ ကျေးရွာရှိ စစ်သုံပန်းများနှင့် အကျဉ်းသားများအား ဆေးကုသပေးနေသော နေရာတစ်နေရာကို စစ်ကောင်စီသည် ဂျက်တိုက်လေယာဉ်ဖြင့် ၂ ကြိမ် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် စုစုပေါင်း ၁၇ ဦး သေဆုံးခဲ့ပြီး အလတ်စား၊ အပြင်းစား၊ စိုးရိမ်ရ ဒဏ်ရာရရှိသူ စုစုပေါင်း ၁၀ ဦးအထိရှိခဲ့သည်ဟုဆိုသည်။

အထက်ပါ သေဆုံးသူများထဲတွင် စစ်ကောင်စီ၏ သုံ့ပန်းများထဲမှ ကျန်းမာရေးဆိုးဝါး၍ ဆေးကုသရန် လိုအပ်လျက်ရှိသော အရာရှိကြီးတချို၊ စစ်ကောင်စီ၏ သတင်းပေးများနှင့် စစ်ကောင်စီထံ သတင်းပေးပို့ နေသည်ဟူသော သံသယဖြင့် ဖမ်းဆီးစစ်ဆေးနေသူတချို့၊ ပြစ်ဒဏ်ကျခံနေရသူတချို့၊ အကျဉ်းစခန်း ထိန်းသိမ်း ရေးတာဝန်ရှိသူတချို့၊ အေအေမှ ကျန်းမာရေးဝန်ထမ်းတချို နှင့် ယင်းအနီးပတ်ဝန်းကျင်ရှိ အရပ်သားပြည်သူ ကလေးတချို့ သေဆုံးခဲ့သည်ဟု သိရသည်။
စက်တင်ဘာ ၆ ရက်တွင်လည်း စစ်တွေမြို့ရှိ စစ်ကောင်စီ၏ အမှတ် (၁၂) ရဲတပ်ရင်းနှင့် ပွိုင့်ရေတပ်စခန်းတို့မှ ပေါက်တောမြို့အတွင်းသို့ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းကြောင့် အပြစ်မဲ့အရပ်သားပြည်သူ နေအိမ်အချို့ပျက်စီးခဲ့သည်။
စစ်ကောင်စီသည် နိုင်ငံတဝန်း တော်လှန်ရေးတပ်များထိန်းချုပ်ထားသော မြို့ရွာများရှိ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေးအဆောက်အအုံများ၊ ဈေးများ အစရှိသည့် နေရာများအား တိုက်လေယာဉ်များဖြင့် ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ကလေးငယ်များ၊ ကိုယ်ဝန်ဆောင်မိခင်များနှင့် သက်ကြီးရွယ်အိုများမှာ အစုလိုက်အပြုံလိုက် သေဆုံးသောဖြစ်စဉ်များ မြန်မာနိုင်ငံအနှံ့ နေ့စဉ်ရက်ဆက်ဆိုသလို ဖြစ်ပွားလျက်ရှိသည်။