BattleNews

ကျိန္တလီတွင် အရပ်သားတဦး မြေမြှုပ်မိုင်းထပ်မံထိ


ဂွ၊ ၈၊ ဇူလိုင်၊ ၂၀၂၄။

စစ်ကောင်စီထောင်ထားသည့်မြေမြှုပ်မိုင်းနင်းမိခြင်းကြောင့် ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ခွဲမှ မှိုရှာရန် သွားသည့် အရပ်သားပြည်သူတဦး ယနေ့ မွန်းလွဲ ၁နာရီဝန်းကျင်တွင် ဘယ်ခြေထောက်တဖက် ပြတ်တောက်သွားခဲ့ကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ကျိန္တလီမြို့နယ်တွင်၊ ဇူလိုင်လအတွင်း စစ်ကောင်စီထောင်ထားသည့် မြေမြှုပ်မိုင်းကြောင့် ယခုကဲ့သို့ ခြေထောက်ဖြတ်တောက်ရသည့် အရပ်သား ၂ဦးရှိပြီဖြစ်သည်။

“အခုအချိန်က မှိုပေါ်တဲ့ရာသီဆိုတော့ ၂ယောက်လုံးက ဝမ်းရေးအတွက်မှိုရှာထွက်ကြတဲ့လူတွေ” ဟု ဒေသခံတဦးက ပြောသည်။

ပြီးခဲ့သည့် ဇွန်လ ၂၉ ရက်ကလည်း ဂွမြို့နယ် ရဟိုင်ကွင်းကျေးရွာက ဒေသခံတစ်ဦး တောတက်ဝါးခုတ် သွားစဉ် မြေမြှုပ်မိုင်းနင်းမိကာ ညာခြေထောက်ပြတ်တောက်ပြီး သွေးထွက်လွန်အသက်ဆုံးရှုံးခဲ့ရသေးသည်။

ယခုအချိန်သည် သံတွဲမြို့နယ်၊ ဂွမြို့နယ်တွင် မှိုပေါက်သည့်ကာလဖြစ်ကာ ပုံမှန်အချိန်ကာလများ၌ ဒေသခံ များသည် တောထဲသို့သွားကာ မှိုရှာထွက်လေ့ရှိကြပြီး ရှာဖွေရလာသည့် မှိုများကို သံတွဲမြို့၊ ဂွမြို့ပေါ်သို့ သွားရောက် ရောင်းချလေ့ရှိသည်။

ရခိုင်ပြည်နယ်တောင်ပိုင်းဒေသသည် မြေမြှုပ်မိုင်းကင်းစင်နယ်မြေဖြစ်ခဲ့ပြီး၊ ယခုကဲ့သို့ စစ်ကောင်စီ၏ လူသတ်မြေမြှုပ်မိုင်းများကြောင့် တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်အတွင်း ထိခိုက်သူနှင့် သေဆုံးသူ စုစုပေါင်း ၉ဦးအထိရှိလာပြီဖြစ်သည်။

အဆိုပါ အရပ်သား အားလုံးမှာ ၎င်းတို့ရွာအနီးဝန်းကျင်ရှိ အရပ်သားများ မိရိုးဖလာအစဉ်အဆက် သွားလာလေ့ရှိသည့် တောတောင်များတွင် ယခုကဲ့သို့ ကြုံတွေ့ခဲ့ကြရခြင်းဖြစ်သည်။

အရပ်သားများသွားလာနေထိုင်ရာ ပတ်ဝန်းကျင်တွင် မြေမြှုပ်မိုင်းများလိုက်လံထောင်ထားသည့် စစ်ကောင်စီသည် ဂွမြို့နယ်၊ ကျိန္တလီမြို့နယ်ခွဲ၊ ရေစမ်းကွင်းရွာနောက်ဘက်တောင်ကြောမှ သဖန်းကွင်းရွာအနောက်ဘက်တောင်ကြောအထိ မိုင်းများထောင်ထားပြီး အကယ်၍ သွားလာရင်း ထိခိုက်မှုရှိပါက မိမိတာဝန်သာဖြစ်ကြောင်း ဇူလိုင်လဆန်းက လက်လွတ်စပယ် ထုတ်ပြန်ကြေငြာ ထားသေးသည်။

ဓာတ်ပုံ- ဒေသခံတဦး၏ လူမှုကွန်ရက်စာမျက်နှာ။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button