CrimeNews

ငပလီမြို့၊ ဂျိတ္တောရပ်ကွက်တွင် သားအဖနှစ်ဦးကို စစ်တပ်က သေနတ်ဖြင့် ပစ်သတ်

ငပလီ၊ ဇူလိုင် ၄ ၊ ၂၀၂၄။

သံတွဲမြို့နယ်၊ ငပလီကမ်းခြေ၏ တောင်ဘက်အစွန်ဆုံးရှိ ဂျိတ္တောရပ်ကွက်အတွင်း စစ်ကောင်စီ စစ်သား များက အရပ်သားများအား သ-တ်ဖြတ်ခြင်း၊ ဈေးဆိုင်များရှိ ပစ္စည်းများကို လက်နက်ပြ ခြိမ်းခြောက် ယူငင်ခြင်းများ ပြုလုပ်လျှက်ရှိကြောင်း ထွက်ပြေးလွတ်မြောက်လာသူများထံမှ သတင်းရရှိသည်။

မနေ့က(ဇွန် ၃ရက်)ညနေပိုင်းတွင် ဂျိတ္တောငါးဖမ်းဇုန်မှ သားအဖနှစ်ဦးအား စစ်ကောင်စီက ပစ်သ-တ် လိုက်ပြီး သားဖြစ်သူအလောင်းကို ကောက်ခွင့်မပေးကြောင်း သိရသည်။

သေဆုံးသွားသူများသည် ဂျိတ္တောရပ်ကွက်မှ ငါးရောင်းချသူ ဒေါ်ဘဲဥ၏ ခင်ပွန်းဖြစ်သူနှင့် သားဖြစ်သူတို့ဖြစ်ကြောင်း သိရသည်။

“အဖေကိုတော့ အိမ်ပေါ်တက်ပြီးပစ်တာ၊ သားကို လှေမောင်းဖို့ခေါ်သွားတာ၊‌ လှေမှာက စက်မရှိဘူးလို့ ပြောတာကို ကမ်းနားမှာတင် သ-တ်လိုက်တာ၊ အလောင်းကို ဘယ်သူမှမကောက်နဲ့ ရေတက်ရင် ပါသွား လိမ့်မယ်လို့ ပြောတယ် ” ဟု ဂျိတ္တောငါးဖမ်းဇုန်မှ ထွက်ပြေးလွတ်မြောက်လာသည့် ဒေသခံတဦးက ပြောသည်။

အလားတူ ဈေးဆိုင်အချို့တွင် စစ်ကောင်စီတပ်သားများက ပစ္စည်းအချို့ကို ယူငင်ကာ “ငွေတော့ ပေးစရာမရှိ ကျည်ဆံပဲရှိတယ်၊ ယူဖို့လား”ဟု မေးမြန်းကာ လိုအပ်သည်များကို ယူငင်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ကိုယ်တိုင်တွေ့မြင်ခဲ့ရသူတဦးက ပြောသည်။

ထို့ပြင် လင်းသာနှင့် မြပြင်ရပ်ကွက်တွင်း နေထိုင်သူများကို အိမ်များမှ ထွက်သွားရန် ခြိမ်းခြောက် ပြောဆိုခြင်းများကြောင့် ဒေသခံ စိုးရိမ်ပူပင်ကာ တိမ်းရှောင်နေကြကြောင်း မိသားစုဝင်များနှင့် အဆက်အသွယ်ရသည့် အဝေးရောက် ဒေသခံတဦးထံမှ သတင်းရရှိသည်။

ငပလီကမ်းခြေတွင် အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများ ဆက်လက် ပြင်းထန်နေပြီး စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် ငပလီကမ်းခြေ၊ ငပလီရပ်ကွက် သိဒ္ဓိလေးဖြာကုန်းမှ အသက် ၁၀ နှစ်အရွယ် ကလေးငယ်တဦး အပါအဝင် မိသားစုဝင် ၃ ဦးသေဆုံးသကဲ့သို့ ဂျိတ္တောရပ်ကွက်မှ သားအဖနှစ်ဦးလည်း သေနတ်ဖြင့် သတ်ပစ်ခံခဲ့ရခြင်းဖြစ်သည်။

ပုံ-ငပလီ၊ ဂျိတ္တောကမ်းခြေ။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button