ဂွ၊ ဇွန် ၂၆ ၊ ၂၀၂၄။
စစ်ဇုန်အတွင်းကျရောက်နေသည့် သံတွဲစစ်ရှောင် ပြည်သူများသည် ဂွတောင်ကြားလမ်းကိုကျော်ကာ စစ်ရှောင်မည်ဆိုပါက ထွေအုပ်ထောက်ခံစာ လိုအပ်ပြီး ဂွမြို့ထွေအုပ်ရုံးတွင် ထောက်ခံစာယူနိုင်သည်ဟု ကြားသိရကြောင်း ဂွမြို့ဒေသခံတဦးက ဒွါရာဝတီသို့ ပြောသည်။
တိုက်ပွဲများနီးကပ်လာသည့် ယခုရက်ပိုင်းအတွင်း သံတွဲမြို့မှ ရဲနှင့် ထွေအုပ်ဝန်ထမ်းများ ထွက်ပြေးသွားခြင်းကြောင့် ခရီးသွားထောက်ခံစာ ရယူနိုင်ခဲ့ခြင်းမရှိဘဲ အရေးပေါ်တိမ်းရှောင် လာကြသည့် သံတွဲဒေသခံများအတွက်ရည်ရွယ်ကာ “စစ်ရှောင်တွေ ရိုးကျော်မယ်ဆိုရင် ဟိုရက်တွေကလို မှတ်ပုံတင်၊ အိမ်ထောင်စုဇယားနဲ့ မရတော့ဘူး၊ စီမံ ထောက်ခံချက်လိုတယ်၊ ဂွကလူတွေလည်း ထွေအုပ်ရုံးမှာစာတင်ရတယ်၊ သံတွဲကလူတွေလည်း ဂွထွေအုပ်ရုံးမှာ စာတင်လို့ရတယ်၊ သံတွဲ ထွေအုပ်ကလူတွေ ဂွမှာရောက်နေတယ်” ဟု အဆိုပါ ပုဂ္ဂိုလ်က ဒွါရာဝတီကတဆင့် သံတွဲဒေသခံများကို သတင်းစကားပါးခြင်းဖြစ်သည်။
ရခိုင်ပြည်နယ် သံတွဲ၊ ဂွမြို့များမှ ဒေသခံများသည် လွန်ခဲ့သည့် လများစွာကတည်းက နယ်စပ်ကို ကျော်လွန်ကာ ပြည်မသို့ ခရီးထွက်မည်ဆိုပါက ရပ်ကွက်၊ ရဲစခန်းနှင့် ကျန်းမာရေး ထောက်ခံစာများနှင့် အတူ မြို့နယ်အလိုက် စစ်ကောင်စီ ထွေအုပ်ရုံးတွင် ခရီးသွားခွင့်ပြု မိန့်တောင်းယူကာ သွားလာနေကြ ရသည်။
“သံတွဲဘက်က စစ်ရှောင်လာကြသူတွေကို ည ၇နာရီနောက်ပိုင်း ဂွမြို့က ပေးမဝင်ဘူး၊ ပြီးခဲ့တဲ့ ရက်ပိုင်းကတော့ မှတ်ပုံတင်၊ အိမ်ထောင်စုဇယားပြနိုင်ရင် ထွက်ခွင့်ပေးတယ်လို့ ပြောတယ်၊ အခု ထွေအုပ်ထောက်ခံစာ ပါရတော့မယ်တဲ့၊ မပါရင် ရေနံ့သာဂိတ်မှာ မဖြတ်ရဘူးလို့ ပြောတယ်” ဟု သံတွဲမြို့မှ နေရပ်စွန့်ခွာ တိမ်းရှောင်လာရသည့် သံတွဲဒေသခံတဦးက ပြောသည်။
ယခုလက်ရှိတွင် သံတွဲမှ အရေးပေါ်တိမ်းရှောင်လာရသူများသည် ထောက်ခံစာ ပါလာခြင်း မရှိကြသည့်အတွက် ရခိုင်ရိုးမကိုကျော်ကာ ပြည်မဘက်သို့ စစ်ရှောင်ရန် စိုးရိမ်လျှက်ရှိကြကြောင်း ဒေသခံစစ်ရှောင်များထံမှသိရသည်။
ဇွန်လလယ်ခန့်က သံတွဲမှ ဧရာဝတီတိုင်းဘက်သို့ စစ်ဘေးမှတိမ်းရှောင်လာခဲ့သည့် အမျိုးသမီးတဦး ကလည်း “ကျမတို့ထွက်လာတုန်းက သံတွဲမှာ ထောက်ခံစာကပေါက်ဈေး ၅သောင်း၊ ကျန်းမာရေး ထောက်ခံစာ က ၄သောင်းပေးပြီး ယူရတယ်၊ အခုရက်စစ်ရှောင်မယ့်လူတွေကျတော့ ရဲတွေရော၊ ထွေအုပ်တွေရော မြို့က ထွက်ပြေးပြီဆိုတော့ တော်တော်များများမှာ ထောက်ခံစာ မပါကြဘူး၊ ဂွကနေ ဖြတ်လို့ရမလား၊ မရလား စိတ်ပူနေကြတယ်” ဟု ဒွါရာဝတီသို့ ပြောသည်။
လက်ရှိတွင် အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား ပြင်းထန်နေသည့် တိုက်ပွဲများကြောင့် သံတွဲဒေသခံများ ဘေးလွတ်ရာသို့ တိမ်းရှောင်နေကြရသည်။
သံတွဲမြို့ပြင် ကျေးရွာများမှ တိမ်းရှောင်လာသူများက မြို့စွန်ဘုန်းတော်ကြီးကျောင်းများတွင်လည်းကောင်း၊ သံတွဲမြို့ပေါ်နှင့် နေရာအစုံမှ တိမ်းရှောင်လာသူများက သံတွဲမြို့၏တောင်ဘက် သံတွဲ-ဂွ လမ်းတလျှောက်ရှိ ကျေးရွာများတွင်လည်းကောင်း နီးစပ်ရာတွင် ခိုလှုံလျှက်ရှိကြသည်။
အချို့က လက်ခံစောင့်ရှောက်နိုင်မည့် ဆွေမျိုးသားချင်းများရှိရာ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းများသို့ တိမ်းရှောင်လျှက်ရှိကြသည်။
အခက်အခဲအမျိုးမျိုးကြောင့် ဝေးဝေးသို့ မတိမ်းရှောင်နိုင်သည့် ကျေးရွာဒေသခံများသည် လတ်တလောတိုက်ပွဲဖြစ်ပွားနေခြင်းမရှိသည့် သံတွဲမြို့နယ်အတွင်းရှိ ကျေးရွာများတွင် အပြန်အလှန် တိမ်းရှောင်နေကြရသည်။
ပုံစာ- (၁) ဂွမြို့အထွက် စစ်ဆေးရေးဂိတ်တွင် တန်းစီစောင့်ဆိုင်းနေသည့် မော်တော်ယဉ်များ။
(၂) ဂွတောင်ကြားလမ်းတနေရာ။