
သံတွဲ၊ ၂၁၊ ဇွန်၊ ၂၀၂၄၊
ယနေ့ မွန်းလွဲပိုင်းတွင် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် သံတွဲမြို့နယ်၊ ကျောင်းတိုက်နှင့် နတ်ပြင်ကျေးရွာများမှ ဒေသခံအရပ်သား ၂ဦး သေဆုံးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရှိရသည်။
သေဆုံးသွားသူများမှာ နတ်ပြင်ကျေးရွာမှ ဦးထွန်းနိုင်နှင့် ကျောင်းတိုက်ကျေးရွာမှ အသက် ၇၀ ဝန်းကျင်အရွယ် ဦးမောင်ညို ဖြစ်ကြောင်း ကနဦး သတင်းရရှိထားသည်။
“ဇာဒီပြင်ရွာမှာ အိမ်တလုံးပျက်စီးတယ်၊ နတ်ပြင်မှာ ဦးထွန်းနိုင် ဗုံးစထိပြီး သေတယ်၊ အမျိုးသမီးတဦး ဒဏ်ရာရတယ်” ဟု သံတွဲဒေသခံတဦးက ဒွါရာဝတီသို့ ပြောသည်။
ယမန်နေ့ညကလည်း သံတွဲမြို့မြောက်ဘက် မိုင် ၂၀ခန့်အကွာရှိ လင်းသီ၊ ရွှေလှေနှင့် ပြင်ယောင်းကျေးရွာ များအား လေယာဉ်ဗုံးကြဲခဲ့ပြီး ရွှေလှေကျေးရွာမှ စစ်ရှောင် အမျိုးသမီး ၃ဦး ပွဲချင်းပြီး သေဆုံးခဲ့သည်။ လင်းသီကျေးရွာနှင့် ပြင်ယောင်းကျေးရွာများတွင် နေအိမ်ထိခိုက်ပျက်စီးမှုအချို့ရှိခဲ့ကြောင်းသိရသည်။
စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် မနေ့ကနှင့် ဒီနေ့ သေဆုံးသူ ၅ဦး ရှိပြီဖြစ်သည်။
နောက်ထပ် ဒေသခံတဦးက “စစ်ရှောင်ဖို့ကလည်း ထွက်မယ့် လမ်းပေါက်အကုန်ကို စစ်တပ်က ပိတ်ဆို့ ထားတယ်၊ လူတွေဟာ ဒီရွာမှာဖြစ်ရင် ဟိုရွာရှောင်၊ ဟိုရွာမှာဖြစ်ရင် ဒီရွာရှောင်နဲ့ အဝတ်တထည် ကိုယ်တခု နဲ့ ပြေးလွှားနေရတယ်၊ ဘယ်ရွာမှာ စစ်ရှောင်နေတဲ့လူတွေရှိတယ်ဆိုတာ မပြောရဲဘူး၊ လေကြောင်းနဲ့ လိုက်ပြီး ကြဲနေတာ”ဟု ပြောသည်။
ယခုညနေပိုင်းတွင် စစ်ကောင်စီက သံတွဲမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာ တဝိုက်သို့ ဟောင်ဝှစ်ဇာ အမြှောက်များဖြင့် ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။
ယနေ့ တနေ့လုံး စစ်ကောင်စီနှင့် အာရက္ခတပ်တော်-အေအေ ကြား ထိတွေ့တိုက်ပွဲ ပြင်းထန်နေပြီး လက်နက်ကြီး၊ လက်နက်ငယ်သံများကို သံတွဲမြို့ပေါ်မှ အဆက်မပြတ်ကြားနေရကြောင်း သိရသည်။
သံတွဲမြို့တွင် အာရက္ခတပ်တော်(အေအေ)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများဖြစ်ပွားနေသည်မှာ ၂လခွဲဝန်းကျင် ကြာမြင့်လာပြီဖြစ်သည်။ သံတွဲဒေသအတွင်း တိုက်ပွဲများကြောင့် အရပ်သား ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပြီး၊ ကိုယ်လက်အင်္ဂါဆုံးရှုံးရခြင်းများ ဖြစ်ပွားခဲ့သည်။
ဓာတ်ပုံ- မေလလယ်က တိုက်ပွဲမရှိဘဲ စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် အရပ်သား ၁၀ ဦးသေဆုံးကာ နေအိမ်အများအပြား မီးလောင်ဆုံးရှုံးခဲ့သည့် လင်းသီကျေးရွာ။



Your article helped me a lot, is there any more related content? Thanks!
Thanks for sharing. I read many of your blog posts, cool, your blog is very good.