BattleNews

ဂွမြို့ပေါ်တိုက်ပွဲ ဧရာဝတီတိုင်းဘက်ကူးဆက်လာမည်ကို ဒေသခံများစိုးရိမ်ပြီး စစ်ရှောင်ရန်ပြင်ဆင်

မင်းသစ်

ဂွ၊ ဒီဇင်ဘာ ၁၉၊ ၂၀၂၄။

ရခိုင်ပြည်၊ ဂွမြို့ပေါ်၌ အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီကြား တိုက်ပွဲများပြင်းထန်လျက်ရှိရာ နှစ်ဘက်တိုက်ပွဲများသည် ဂွ-ငသိုင်းချောင်း ရိုးမပေါ်တွင်လည်း ဖြစ်ပွားနေခြင်းကြောင့် စစ်ပွဲသည် ဧရာဝတီတိုင်း အတွင်းသို့ ရောက်ရှိလာမည်ကို ဒေသခံများစိုးရိမ်သောကြောင့် စစ်ဘေးရှောင်ကြရန် ပြင်ဆင်နေကြသည်ဟု သိရသည်။

ဒီဇင်ဘာတတိယအပတ်အတွင်း ဂွမြို့ပေါ်၌ နှစ်ဘက်တိုက်ပွဲများပြင်းထန်လျက်ရှိပြီး အာရက္ခတပ်တော်က ရဲစခန်းကိုသိမ်းပိုက်ထားပြီဆိုသည့် သတင်းများလည်းထွက်ပေါ်လျက်ရှိသည်။

စစ်ကောင်စီသည် ဂွမြို့ပေါ်သို့ လေကြောင်း ဗုံးကြဲမှုများဆက်တိုက်ပြုလုပ်လျက်ရှိပြီး လက်ရှိအခြေအနေ၌ ဖုန်းလိုင်းများပြတ်တောက်သွားသည့်အတွက် ဒေသခံများပိတ်မိခြင်း၊ ဒဏ်ရာရသေဆုံးသည့်အခြေအနေများကို မသိရသေးကြောင်း ဒေသခံနှင့်နီးစပ်သူတဦးက ပြောသည်။

တိုက်ပွဲများသည် ဂွမြို့ပေါ်တွင်လည်း ပြင်းထန်နေသကဲ့သို့ ဂွရိုးပေါ် ၁၉ မိုင် ဗောဓိကျေးရွာအနီ ဖျံချောင်းပေါက်( ယခင် သစ်ထုတ်သည့်လမ်း)အနီး၌လည်း တိုက်ပွဲများဖြစ်ပွားနေကြောင်း၊ ဂွ-ငသိုင်းချောင်းရိုးပေါ်တိုက်ပွဲ၌ စစ်ကောင်စီက လက်နက်ကြီးပစ်ကူ၊ လေကြောင်းပစ်ကူများအသုံးပြုနေခြင်းကြောင့် လက်နက်ကြီးပစ်ခတ်သံ များကို ဧရာဝတီတီုင်း၊ ငသိုင်းချောင်းမြို့နယ်ထဲမှ အတိုင်းသားကြားနေရကြောင်း ငသိုင်းချောင်းမြို့နယ်အတွင်း ပြောင်းရွေ့နေထိုင်သည့် ဂွမြို့ခံဒေသခံတဦးက ပြောသည်။  

“ဧရာဝတီတိုင်းဘက်အခြမ်းမှာ ညက လက်နက်ကြီးအသံတွေစကြားရပြီး လက်နက်ငယ်သံတွေပါ ကြားလာရ တယ်။ ဧရာဝတီတိုင်ဘက်က လူတွေစိုးရိမ်ပြီး ရွှေ့ပြောင်းဖို့ စီစဥ်ကြတာမျိုးရှိတယ်” ဟု သူက ဆက်ပြောသည်။

ပုံစာ-ဧရာဝတီတိုင်းအတွင်းရှိ ဂွ-ငသိုင်းချောင်းလမ်းခွဲ။

စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်းပစ်ခတ်မှုများကြောင့် ဒေါင့်ချောင်းကျေးရွာ စာသင် ကျောင်းနှင့် လူနေအိမ်တချို့ ပျက်စီးခြင်း၊ ဂွရိုးပေါ်ရှိ စစ်ကောင်စီ၏ ဂိတ်စခန်းများကို အာရက္ခတပ်တော် (အေအေ)သိမ်းပိုက်ခြင်းစသည့်သတင်းများထွက်ပေါ်လျက်ရှိသော်လည်း အဆိုပါ အကြောင်းအရာများကို အတည်ပြုရန် ခက်ခဲနေဆဲဖြစ်သည်ဟု ဒေသခံများက ဆိုသသည်။

ဂွမြို့တိုက်ပွဲ၌ စစ်ကောင်စီဘက်မှ အသေအဆုံးများနေပြီး ဂွမြို့၊ မြို့မရပ်ကွက်နှင့် မြို့မရပ်ကွက် အလယ်ရွာဘက် ခြမ်းရှိ နေအိမ်အချို့ မီးလောင်ပျက်စီးခဲ့သည်ဟုသိရသည်။

#ဂွ #ရခိုင် #စစ်ကောင်စီ #ဒေါင့်ချောင်း #ဗေဒါ

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button