
ဂွ၊ ဒီဇင်ဘာ ၃၀၊ ၂၀၂၄။
ဒီဇင်ဘာ ၂၉ ရက် မွန်းလွဲ ၁၂နာရီတွင် ရခိုင်ပြည်နယ်တောင်ဘက်အစွန်ဆုံးရှိ ဂွမြို့ပေါ်ရှိ ခမရ (၅၆၂) နှင့် ခမရ (၅၆၃) တပ်ရင်းတို့အား ရှေ့ဆင့်နောက်ဆင့် တရက်တည်း သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း အာရက္ခတပ်တော်(အေအေ)က မြို့သိမ်းဓာတ်ပုံများနှင့်တကွ ထုတ်ပြန်လိုက်သည်။

ဒီဇင်ဘာ ၁၅ရက်(ရခိုင်ပြည်နယ်နေ့)မှ စတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည့် ဂွမြို့သိမ်းတိုက်ပွဲသည် ၁၄ ရက်သာ ကြာမြင့်ခဲ့ပြီး၊ တိုက်ပွဲကာလအတွင်း ဂွမြို့သို့ စစ်ကူလာခဲ့ကြသည့် သံချပ်ကာကား ၁၀စီး၊ အင်အား ၁၂၀၀ ကျော်ရှိ တပ်ရင်း ၁၂ခုတို့နှင့် မနားတမ်း ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရကြောင်း ဖော်ပြထားသည်။
ဂွမြို့သိမ်းတိုက်ပွဲတွင် တပ်မ (၂၂) တပ်မမှူး ဗိုလ်မှူးကြီး သန်းစိုးဝင်း အပါအဝင် တပ်ရင်းမှူးအချို့ အပါအဝင် အခြားအဆင့် စစ်ကောင်စီတပ်သား ၇၀၀ထက်မနည်း သေဆုံးနိုင်ကြောင်း မြေပြင် အလောင်းများ၊ ဖမ်းဆီးရမိသုံ့ပန်းများ၏ ထွက်ဆိုချက်နှင့် သိမ်းဆည်းရမိ စာရွက်စာတမ်းများ အရ သိရကြောင်း အေအေက ထုတ်ပြန်သည်။ တိုက်ပွဲကြောင့်ပျက်စီးသွားသော သံချပ်ကာအချို့၊ စစ်အသုံးအဆောင်လက်နက်ခဲယမ်းများနှင့် ရန်သူသုံပန်းအများအပြားကို ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဂွမြို့မှ ထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားများသည် ရခိုင်ပြည်နယ်မှ ဧရာဝတီတိုင်းသို့ ထွက်ပေါက်တခုဖြစ်သည့် ဂွမြို့ တဖက်ကမ်း မန်ကျည်းငူ – ကျောက်ချွန်-မကျီးဇင် ကမ်းခြေပတ်လမ်း အတိုင်း ကစဉ့်ကလျား ထွက်ပြေးနေကြောင်း ဒေသခံများနှင့် အဆက်အသွယ်ရရှိသူတဦးက ဒွါရာဝတီသို့ ပြောသည်။

“မနေ့ညကတည်းက စစ်ဖောကားတွေနဲ့လည်း ပြန်ဆုတ်လာတာရှိတယ်၊ ရွာတွေဖြတ်ပြေးတာ၊ တောထဲတွေကပြေးတာ၊ တနေ့လုံး၊ တညလုံး၊ ဒီနေ့ တနေ့လုံး အုပ်စုလိုက်ပြေးကြတာ မနည်းဘူးတဲ့၊ ချောင်းဝချိုင်၊ ပေါက်လှချိုင်၊ ကုလချောင်းကို ဖြတ်ပြေးတဲ့ ခွေးတွေအခြေအနေကြည့်ရတာ မကျည်းငူ၊ ရွေယချိုင်ဘက်မှာတောင် ကျန်ပါ့ဦးမလားတဲ့” ဟု အထက်ပါ ပုဂ္ဂိလ်က ပြောသည်။

၂၀၂၄ခုနှစ်၊ သြဂုတ်လ ၁၀ရက်က စတင်ခဲ့သည့် ဂွမြို့နယ်အတွင်း တိုက်ပွဲများ ၄လခွဲဝန်းကျင်တွင် အဆုံးသတ်သွားပြီဖြစ်ပြီး၊ စစ်ကြောင့် အရပ်သားသေဆုံးထိခိုက်မှုများ၊ ချောင်းကူးတံတားများ အပါအဝင် ပြည်သူပိုင်ပစ္စည်းဆုံးရှုံးမှု မြောက်များစွာရှိခဲ့သည်။
ရခိုင်တောင်ပိုင်းမြို့တမြို့ဖြစ်သည့် သံတွဲမြို့နယ်အတွင်း အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့သည် ၂၀၂၄ခုနှစ် ဧပြီလ ၁၃ရက်တွင် ၂ဖက်ထိတွေ့တိုက်ပွဲများ စတင်ခဲ့သည်။ ဇူလိုင် ၁၆ ရက်တွင် သံတွဲမြို့ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သလို၊ တောင်ကုတ်မြို့ကို ဒီဇင်ဘာ ၁၄ရက်တွင် သိမ်းပိုက်နိုင်ခဲ့သည်။

ယင်းသို့ သိမ်းပိုက်ပြီးနောက်ပိုင်း စစ်ကောင်စီသည် ၎င်းတို့ ရှုံးနိမ့်ခဲ့သည့် မြို့များကို လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်ခဲ့သည်။



Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.