BattleNews

တိုင်ကျိုးရွာမှာ စစ်လက်ကျန်ဗုံးသီး‌ပေါက်ကွဲ၍ ကလေးငယ် ၁ ဦးအပါအဝင် အရပ်သား ၃ ဦးသေဆုံး

လွတ်လပ်သူ

ဂွ၊ ဖေဖော်ဝါရီ ၄၊ ၂၀၂၅။

အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲပြင်းထန်ခဲ့သည့် ရခိုင်ပြည်၊ ဂွမြို့နယ်၊ တိုင်ကျိုး ကျေးရွာတွင် စစ်လက်ကျန်လက်နက်ပစ္စည်းဖြစ်သည့် ဗုံးသီးပေါက်ကွဲ၍ ယမန်နေ့(ဖေဖော်ဝါရီ ၃ ရက်) နေ့လယ်က အသက် ၅ နှစ်အရွယ် ကလေးငယ် ၁ ဦးနှင့် လူကြီး၂ ဦး ထိခိုက်သေဆုံးခဲ့ပြီး၊ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

သေဆုံးသူများမှာ အသက် ၅ နှစ်အရွယ်ကလေးငယ် ကျား ၁ ဦး၊ အသက် ၂၀ အရွယ် မ တဦးနှင့် အသက် ၄၀အရွယ် ဦးဂွတို တို့ဖြစ်ကြပြီး ဂွမြို့နယ်စစ်ဘေးရှောင်ကူညီပူးပေါင်းရေးအဖွဲ့တာဝန်ခံများက သင်္ဂြိုလ်ခဲ့ပြီး၊ ထိခိုက်ဒဏ်ရာရရှိသူ ၂ ဦးကို ဆေးကူသမှုခံယူရန် ကူညီပေးခဲ့ကြောင်းသိရသည်။

“ကလေး ၃ ဦး ဆော့ကစားရင်း ဗုံးသီးကို ဆုံထဲ ထည့်ထောင်းတယ်လို့ပြောတယ်။ အဲ့ကနေ ပေါက်ကွဲပြီး မိဘတွေရော ထိခိုက်သွားတယ်၊ ၅နှစ်အောက်ကလေးတယောက်က ဗိုက်ပွင့်ပြီးပွဲချင်းပြီးဆုံးတယ်၊ ဒဏ်ရာရတဲ့ ကလေး ၂ယောက်နဲ့ လူကြီး ၂ယောက်ကို လူနာတင်ကားနဲ့ ခေါ်လာတဲ့အချိန်မှာ လမ်းမှာ ၂ယောက်ထပ်ဆုံး သွားတယ်၊ လမ်းမှာ သင်္ဂြိုလ်ခဲ့ပြီး ကျန်တဲ့ ၂ ယောက်က ဆေးကုသမှု ခံယူနေပါတယ်” ဟု ဂွမြို့နယ်စစ်ဘေး ရှောင်ကူညီရေးပူးပေါင်းအဖွဲ့ ပြန်ကြားရေးတာဝန်ခံ ကိုနိုင်အောင်လင်းက ဒွါရာဝတီသို့ပြောသည်။

အဆိုပါအဖွဲ့က ကောက်ယူရရှိနိုင်သလောက် ကောက်ယူရရှိထားသော စစ်တမ်းများအရ ရခိုင်ပြည်၊ ဂွမြို့နယ် အတွင်း စစ်လက်ကျန်လက်နက်ပစ္စည်းများကြောင့် ထိခိုက်သေဆုံးသူ ၅နှစ်အောက်ကလေးငယ် ၃ဦးနှင့် လူကြီး ၁ဦး စုစုပေါင်း ၄ဦးရှိခဲ့ကာ ထိခိုက်ဒဏ်ရာရသူ ၃ဦးထိ ရှိလာကြောင်း မြေပြင်နှင့် ကွဲလွဲမှုရှိနိုင် ကြောင်း သိရသည်။

“ဂွမြို့နယ်က စစ်ရေးအတွေ့အကြုံနည်းပါးတယ်၊ အခုမှ ပထမဆုံးကြုံဖူးကြတာဆိုတော့ တခြားနေရာတွေ ထက် ပိုပြီး ဂရုစိုက်ဖို့လိုတယ်၊ ဂွမြို့က တိုက်ပွဲပြီးသွားပေမယ့် နေရပ်မပြန်နိုင်သေးတဲ့ စစ်ရှောင်တွေ ရှိနေ သေးတဲ့အခါ သူတို့အတွက် စားဝတ်နေရေးနဲ့ ယားနာတွေကူးစက်နေတဲ့ကိစ္စတွေက ရှိနေတယ်၊ မြေပြင် အခြေအနေအရ (မြေမြှုပ်မိုင်းအသိပညာပေးအတွက်) အကောင်းဆုံး ကြိုးစားပေး နေပေမယ့် ဖိဖိစီးစီး လုပ်ဖို့ကလည်း တခြားအလုပ်တွေက ရှိနေပါတယ်”ဟု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ပြောသည်။

ဂွမြို့နယ်တွင် မြေမြှုပ်မိုင်းကြောင့် သေဆုံးသူနှင့် ကိုယ်လက်အင်္ဂါဆုံးရှုံးခဲ့ရသူများလည်း ရှိပြီး ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာ ၁၈ရက်က ဂွမြို့နယ်၊ ဂျိုင်ကောက်ကျေးရွာမှ အသက် ၄၇ နှစ်အရွယ် ဦးကျော်စိုးလွင်နှင့် ဒီဇင်ဘာ ၁၇ ရက်နေ့တွင် ဂွမြို့နယ်၊ ကျိန္တလီမြို့၊ ကုလားပြင်(ရတနာမြိုင်)ကျေးရွာမှ အသက် ၃၀နှစ်အရွယ် မမိုးမိုးစံ တို့သည် စစ်ကောင်စီတပ်များ မဆုတ်ခွာမီ ခံစစ်ပြင်စဉ်က ထောင်ထားခဲ့သည့် မြေမြှုပ်မိုင်းများကို နင်းမိကာ ခြေတဖက်စီဆုံးရှုံးခဲ့ကြရကြောင်း မြေပြင်တွင် လူမှုကူညီရေးလုပ်ကိုင်နေသူများထံမှ သိရသည်။

အဆိုပါ ခြေတဖက်စီဆုံးရှုံးရသူများသည် အရပ်သားများနေ့စဉ်နေထိုင်သွားလာလေ့ရှိသည့် နွားကျောင်း၊ စပါးရိတ် စသည့် နေရာများတွင် မြေမြှုပ်မိုင်းဒဏ်ကို ခံခဲ့ကြရခြင်းဖြစ်သည်။

ဂွမြို့နယ်နှင့် ကျိန္တလီမြို့နယ်အတွင်းရှိ စေတနာ့ဝန်ထမ်းအဖွဲ့များ စုပေါင်းထားသည့် ဂွမြို့နယ်စစ်ဘေးရှောင် ကူညီရေးပူးပေါင်းအဖွဲ့က ပြည်သူလူထုအတွက် စစ်ကျန်လက်နက်ပစ္စည်းများအန္တရာယ်နှင့်ပတ်သက်၍ လက်ကမ်းစာစောင်ဖြန့်ချိခြင်း၊ အသိပညာပေးဆိုင်းပုတ်များထောင်ခြင်းတို့ကို တာဝန်ရှိသူများနှင့် ပူးပေါင်း လုပ်ဆောင်သွားရန် အစီအစဉ်များရှိကြောင်း သိရသည်။

စစ်ကောင်စီသည် တပ်စွဲထားစဉ်က စားဝတ်နေရေးအတွက် တောတောင် ဥယျာဉ်ခြံများကို မှီခိုနေရသည့် အရပ်သားများ သွားလာနေထိုင်ရာ ပတ်ဝန်းကျင်ဖြစ်သည့် ဂွမြို့နယ်၊ ကျိန္တလီ မြို့နယ်ခွဲ၊ ရေစမ်းကွင်းရွာ နောက်ဘက်တောင်ကြောမှ သဖန်းကွင်းရွာအနောက်ဘက်တောင်ကြောအထိ မြေမြှုပ်မိုင်းအများအပြား ထောင်ထားခဲ့ပြီး အကယ်၍ သွားလာရင်း ထိခိုက်မှုရှိပါက မိမိတာဝန်သာဖြစ်ကြောင်း ၂၀၂၄ ဇူလိုင် လဆန်းက ထုတ်ပြန်ကြေငြာခဲ့ဖူးသည်။

ဒွါရာဝတီက မှတ်တမ်းတင်ထားသည့် အချက်အလက်များအရ ရခိုင်ပြည်၊ ဂွမြို့နယ်အတွင်း မြေမြှုပ်မိုင်းနှင့် စစ်လက်ကျန်ပစ္စည်း၊ ဗုံးသီးများကြောင့် ကလေးငယ် ၂ဦးအပါအဝင် သေဆုံးသူ (၄)ဦး ရှိခဲ့ပြီး၊ ကိုယ်လက်အင်္ဂါ ဆုံးရှုံးခဲ့သူ (၅)ဦး ရှိပြီဖြစ်သည်။ မြေပြင်သတင်းရရှိထားသည့် အချက်အလက်ကိုမူတည်၍ မှတ်တမ်း တင်ထားခြင်းဖြစ်ပြီး၊ သတင်းမရသည့် ဖြစ်စဉ်များလည်း ရှိကောင်းရှိနိုင်ပါသည်။

ရခိုင်ပြည်နယ်ရှိ မြို့နယ်အများစုသည် လျှပ်စစ်မီး၊ တယ်လီဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက် နေပြီး မြေပြင်မှလူထုသည် ရေဒီယို၊ တီဗီ၊ အင်တာနက်၊ သတင်းစာမျက်နှာများမှတဆင့် မြေမြှုပ်မိုင်းနှင့် စစ်လက်ကျန်ပစ္စည်းများဆိုင်ရာ အန္တရာယ်နှင့်ပတ်သက်သည့် အသိပညာပေးသတင်းအချက်အလက်များ ရရှိနိုင်စွမ်းမရှိသည့် အခြေအနေနှင့် ရင်ဆိုင်နေရသည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button