
ချစ်ဆွေ
သာယာတဲ့ မနက်ခင်းတစ်ခု၊
သစ်ရိပ်၊ ဝါးရိပ်တွေကြား ထိုးကျလာတဲ့
နေရောင်ခြည်လေးတွေရဲ့ မနက်ခင်း တစ်ခု၊
ကျေးငှက်သံတွေ တီတီတာတာ၊
ပန်းပေါင်းစုံ၊ လိပ်ပြာလေးတွေနဲ့ သာသာယာယာ ပတ်ဝန်းကျင်တစ်ခု။
လူတွေအားလုံးမှာ အပြုံးမျက်နှာတွေနဲ့။
ဒီလို ချစ်စရာကောင်းတဲ့ မနက်ခင်းတစ်ခုကို
အလိုက်မသိတဲ့ လူတစ်စု၊ ကိုယ့်အတ္တကို အရင်းပြုပြီး
ဖျက်ဆီး နင်းချေပစ်လိုက်တယ်၊
ရုပ်ဆိုးအကျည်းတန်စေခဲ့တယ်၊
ဒါကိုပဲ လူရမ်းကားပြုံး ပြုံးပြီး ဂုဏ်ယူဝံ့ကြွားနေသေးတယ်။
သာယာနေတဲ့ မနက်ခင်းတစ်ခုဟာ ရုတ်ချည်းဆိုသလို တိတ်ဆိတ်သွားတယ်၊
အမှောင်ကျသွားတယ်။
အော်……မိစ္ဆာဝင်တဲ့ မနက်ခင်းတစ်ခုပါလား။
ပြုံးရယ်နေကြတဲ့ မျက်နှာတွေမှာ
ငိုမဲ့ကုန်ကြတယ်၊ ခက်ထန်လာတယ်၊
အံကိုကြိတ်ပြီး လက်သီးတွေဆုတ်လာကြတယ်။
အင်း… ဒေါသကြီးနေတဲ့ လောကကြီး။
ဘယ်သူမှ မလိုချင်ခဲ့တဲ့ ဒေါသလောကကြီး၊ သောကလောကကြီးပါလား။
အိမ်တွေ ပြာပုံဖြစ်ခဲ့ရတယ်၊ အလောင်းတွေလည်း ထပ်ခဲ့ရတယ်၊
မိဘတွေ မဲ့ခဲ့ကြတယ်၊ မိသားစုဘဝတွေ ပျက်ခဲ့ရတယ်….
အဲဒီ ဘဝတွေ…..ဘဝတွေ…..သိန်းသန်းချီလို့ပါပဲ….
အဲဒီမိစ္ဆာတွေ ဝင်မွှေခဲ့တဲ့ မနက်ခင်းအလွန်ပေါ့။
ဘယ်သူတရားပျက်ပျက် ကိုယ်မပျက်နဲ့တဲ့၊
အခုလို ခေတ်ပျက်ကြီးမှာတော့ ရွံ့စရာအကောင်းဆုံးစကား။
တစ်ကိုယ်ကောင်းသမားတွေရဲ့ လက်သုံးစကား၊
နိဗ္ဗာန်နဲ့ ထမင်းတစ်လုတ်ကြားမှာ အငြင်းပွားရမယ့်စကား၊
မိစ္ဆာအတွက်တော့ ဘုရားစကားလည်း အလကားပါပဲ။
အသက်တွေပေး၊ ဘဝတွေပျက်၊ အကျဉ်းတွေကျ
ဒါတွေက သာယာတဲ့ မနက်ခင်းတစ်ခုကို ပြန်တည်ဆောက်ဖို့ပေးဆပ်နေတာကွ၊
မင်းတို့ဖျက်ဆီးယုတ်မာခဲ့သမျှကို ပြန်တည်ဆောက်ဖို့။
သေလူချင်းတူခဲ့ရင်တောင် မင်းတို့က အဖျက်သမား လူရမ်းကားတစ်သိုက်၊
သမိုင်းမှတ်တမ်းတင်ကြစတမ်းဆိုရင်
အဲဒီတစ်ချက်တည်းနဲ့တင် ငါတို့က နိုင်ပြီးသား။ ။
ဖေဖော်ဝါရီ ၁ ရက် ၂၀၂၄။




I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.