
//ရုပ်ပုံလွှာ//
နိုင်ဝင်းအောင် ရေးသည်။
ဒွါရာဝတီ၊ မတ် ၁၊ ၂၀၂၅။
ဒွါရာဝတီ သံတွဲမြို့မှာ ဖေဖော်ဝါရီ ၁၁ ရက်၊ စစ်တပ်အာဏာသိမ်းမှုဆန့်ကျင်ဆန္ဒပြခြင်း ၄ ရက်မြောက်နေ့ဟာ အရှိန်အဟုန်အကောင်းဆုံးနဲ့ အရောင်အသွေးအစုံလင်ဆုံးနေ့လို့ ဆိုရမှာပါ။ မနေ့က အချိန်ခဏလေး ဆန္ဒပြခဲ့ ရပြီး အီလည်လည်ဖြစ်ခဲ့တဲ့ အခြေအနေကနေ ဒီနေ့မှာတော့ ဆန္ဒပြမှုပုံစံမျိုးစုံနဲ့ထွက်လာကြတယ်။
“စစ်အာဏာရှင်စနစ် အလိုမရှိ” ဆိုတဲ့ ဗီနိုင်းဆိုင်းဘုတ်ကြီးနဲ့အတူ ဆန္ဒပြတပ်ဦးရဲ့ ထိပ်ဆုံးမှာ အလံကိုင်က LGPT တဦးပါ။ အနောက်ဘက်မှာ တခြားသော LGPT တွေလည်း ပါဝင်လာကြတယ်။ ပြီးတော့ သံဃာတပါး ကိုလည်း တွေ့ရတယ်။
အဲဒီအနောက်ဘက်မှာ ကျောင်းသားသမဂ္ဂအလံလွှင့်ထူပြီး အဖြူအစိမ်းယူနီဖောင်းကိုယ်စီဝတ်ဆင်ထားကြတဲ့ ကျောင်းသားတွေ၊ ပြီးတော့ ကျောင်းဆရာ၊ ဆရာမတွေရဲ့ စစ်ကြောင်း၊ အင်ဂျင်နီယာကျောင်းသားတွေရဲ့ စစ်ကြောင်း၊ သရဲလို ဝတ်ဆင်ထားကြသူတွေ၊ ပြီးတော့ စားဖိုမှူးဝတ်စုံတွေ ဝတ်ဆင်ထားကြတဲ့ Rakhine Chief Association စစ်ကြောင်းစတဲ့ ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေ ပါဝင်လာကြတယ်။
ဆန္ဒပြစစ်ကြောင်းစထွက်တဲ့နေရာက ရန်ကုန်-ဂွ ကားလမ်း၊ ဆင်ခေါင်းကားဂိတ်အနီးကနေ စထွက်တာပါ။ ဆန္ဒပြစစ်ကြောင်းစထွက်တော့ ထိပ်ဆုံးက ဆန္ဒပြအမျိုးသားတဦးက “ရုံးမတက်နဲ့ ရုန်းထွက်” ဆိုတဲ့ စာရေးထိုးထားတဲ့ ကလေးကစားစရာ လေထိုးအရုပ်ကို ကိုင်ပြီး ချီတက်တယ်။

အဖြူအစိမ်းယူနီဖောင်း ဝတ်ဆင်ထားကြတဲ့ ကျောင်းဆရာ၊ ဆရာမ စစ်ကြောင်းကလည်း ” ‘မဲ’ မသမာမှုဟု စွပ်စွဲကာ အာဏာသိမ်းခြင်းသည် ဆရာ၊ ဆရာမများအား စော်ကားခြင်းဖြစ်သည်” ဆိုတဲ့ ဆိုင်းဘုတ်ကြီးကို ကိုင်ဆွဲပြီး ချီတက်တယ်။ အင်ဂျင်နီယာကျောင်းသားတွေကလည်း “အင်ဂျင်နီယာကျောင်းသားများ” ဆိုတဲ့ ဆိုင်းဘုတ်နဲ့ ပေါ်ပေါ်တင်တင်ထွက်လာကြတယ်။ ဆန္ဒပြသူကိုယ်စီရဲ့ လက်ထဲမှာလည်း အကြောင်းအရာ စုံလင်လှတဲ့ ဆိုင်းဘုတ်တွေ ကိုယ်စီကိုင်ထားကြတယ်။
ဒီနေ့ဆန္ဒပြပြည်သူတွေချီတက်ကြတဲ့လမ်းကြောင်းဟာ မူလဆွဲထားတဲ့အတိုင်း ဌာနဆိုင်ရာလူကြီးတွေနေထိုင်တဲ့ ဘိုကုန်းဘက်ကို ချီတက်ဖို့ပါ။ ဒါကြောင့် ဆင်ခေါင်းကားဂိတ်နားကနေ ရန်ကုန်-ဂွလမ်းအတိုင်းချီတက်ခဲ့ပြီး သံတွဲမီးသတ်ရှေ့ရောက်တဲ့အခါ ဘယ်ဘက်ကိုကွေ့ဝင်ပြီး ဘိုကုန်းဘက်ကို တက်ခဲ့ကြတယ်။
ရှေ့ဆုံးက ဦးဆောင်ချီတက်သူတွေဟာ ရှေ့ရက်တွေတုန်းက ဦးဆောင်သူတွေ မဟုတ်ဘူး။ ဘယ်သူတွေဆိုတာ ကျနော် မသိဘူး။ ကျနော်တို့အစည်အဝေးမှာ တွေ့ကြတဲ့သူတွေကလည်း ဟိုနေရာမှာ တယောက်တွေ့လိုက်၊ ဒီနေရာမှာ တယောက်တွေ့လိုက်နဲ့ ကိုယ်စီအလုပ်ရှုပ်နေကြတယ်။

ဒီနေရာမှာ သတိထားမိတာက ကျနော်တို့တွေ အစည်းအဝေးမှာ လမ်းကြောင်းတွေ ဆွဲကြတယ်၊ ဘာတွေလုပ်ကြမယ်ဆိုတာ တိုင်ပင်ကြတယ်။ ဒါပေမဲ့ တကယ်တမ်းမှာ ဗီနိုင်းထုတ်တာ၊ စာရွက်တွေထုတ်တာ၊ စာရွက်ဝေတာ၊ ကြွေးကြော်သံတွေကို တိုင်ပေးတာ၊ လမ်းကြောင်းရှင်းတာ ဒါတွေကို ဝိုင်းလုပ်ပေးတဲ့သူတွေ ရှိနေသေးတယ်ဆိုတာပဲ။ နောက်ကွယ်ကနေ ကိုယ်စီတာဝန်ယူပြီး ဝိုင်းလုပ်ပေးနေတဲ့သူတွေရှိနေသေးတယ်။
သူတို့တွေ ဘယ်သူတွေဆိုတာ ကျနော် မသိချင်ဘူး။ သိဖို့လည်း မလိုဘူး။ ဘယ်သူတွေဆိုတာလည်း မစုံစမ်းဘူး။ ကိုယ်တာဝန်ယူထားတဲ့အပိုင်းကိုပဲ ကိုယ်တာဝန်ကျေအောင်လုပ်ဖို့ ကြိုးစားတယ်။ ဒီလို လှုပ်ရှားမှုတွေလုပ်တာ ဟာ လူမသိလေ ပိုကောင်းလေပါ။ ဘာကြောင့်လည်းဆိုတော့ မတော်လို့အဖမ်းခံရရင် ဟိုလူ့ကိုသိလား၊ ဒီလူ့ကို မြင်ဖူးလား၊ ဒါဘယ်သူလဲစသဖြင့် မေးတာမျိုးဆိုရင် မသိရင် မသိတဲ့အကြောင်း ပြောရတာ ပိုပြီးစိတ်သက်သာ တယ်။ ဒါကြောင့် လူတွေရဲ့ နာမည်တွေ၊ ဘယ်သူတွေက ဘာတွေလုပ်နေတယ်ဆိုတာကို သိဖို့ မကြိုးစားဘူး၊ မှတ်မထားဘူး။

အဓိက အရေးကြီးတာက လူတိုင်းကိုယ်စီက ကိုယ့်တာဝန်ကိုယ်ကျေနေဖို့ပဲ။ ဟာကွက်မရှိ ထောင့်စေ့အောင် လုပ်ပေးနိုင်ကြဖို့ပဲ။ အခုလည်း သက်ဆိုင်ရာ နယ်ပယ်အလိုက်က အဖွဲ့အစည်းလိုက်ဖြစ်စေ၊ တဦးချင်းဖြစ်စေ သံတွဲမြို့ရဲ့ ဆန္ဒပြပွဲကြီးမှာ အာဏာရှင်စနစ်ကို ရွံ့မုန်းခြင်းဆိုတဲ့ တူညီတဲ့စိတ်ဆန္ဒတွေနဲ့ ပါဝင်လာကြတယ်။
ကျနော်တို့ကိုယ်တိုင်လည်း ဘယ်အဖွဲ့အစည်း၊ ဘယ်ပါတီလက်အောက်ရဲ့ ညွန်ကြားချက်၊ ခံစားချက်တွေနဲ့ ပါဝင်တာမဟုတ်ဘူး။ လွတ်လပ်ခြင်းရဲ့ အရသာ၊ ဒီမိုကရေစီရဲ့ အနှစ်သာရတွေကို တန်ဖိုးထားတယ်၊ လူကို လူလိုမြင်၊ လူလို တန်ဖိုးတာ၊ လူလို ဆက်ဆံတတ်တဲ့ လူ့အခွင့်အရေးစံနှုန်းတွေရှိတဲ့ အသိုက်အဝန်းကို တည်ဆောက်ချင်တယ်၊ ထိန်းသိမ်းချင်တယ်။
သေနတ်ပြောင်းဝကလာတဲ့ အမိန့်တွေ၊ ဥပဒေတွေ၊ စည်းကမ်းတွေကို မလိုလားဘူး၊ အားမပေးဘူး။ လူတဦး တယောက်ဆီကနေ အကျိုးအကြောင်းမညီညွတ်ဘဲ စိတ်ကူးပေါက်တိုင်းထထထုတ်တတ်တဲ့ အမိန့်တွေ၊ ဥပဒေတွေနဲ့ လောကကြီးကို မတည်ဆောက်ချင်ဘူး၊ တည်ဆောက်လို့လည်း မရဘူး။
ရှေးရှေးက စစ်အာဏာရှင်စနစ်ဆိုးရဲ့လက်ထက်မှာ ရွံစရာကောင်းတဲ့ လူတစုကောင်းစားရေး၊ “သားတူညီများ” ကောင်းစားရေးဆိုတာတွေကို ကိုယ်တိုင်မြင်တွေ့ခံစားခဲ့ရပြီးပြီ။ ဒါကြောင့် ကျနော်တို့လိုချင်တဲ့အနာဂတ်ဟာ “သာတူညီမျှ” ကောင်းစားရေးပဲ။ “တန်းတူညီမျှ” ကောင်းစားရေးပဲ။
ဒီလိုကိုယ့်ရဲ့ ယုံကြည်ချက်၊ ခံယူချက်တွေကို ရှင်းရှင်းလင်းလင်းမြင်တွေ့ထားတဲ့အခါ တချို့သော အတွေးတိမ် အမြင်ကျဉ်းမြောင်းသူတချို့ရဲ့ အရောင်ဆိုးမှု၊ အမျိုးမျိုးသော ပါတီတံဆိပ်ကပ်မှုတွေကို ခေါင်းထဲ မထည့်မိ တော့ဘူး၊ ကိုယ်ယုံကြည်ရာ အာဏာရှင်စနစ်ဆန့်ကျင်ရေးကို ဆက်လက်လျှောက်လှမ်းတယ်၊ တောင်းဆိုတယ်။
အခုသံတွဲမြို့ပေါ်မှာ လမ်းပေါ်ထွက်ဆန္ဒပြကြတဲ့ ပြည်သူတွေရဲ့ စိတ်ဆန္ဒဟာလည်း ဒီအတိုင်းပဲ ထပ်တူကျမယ်ဆို တာ ယုံကြည်တယ်။ ဒါ့ကြောင့် သူတို့ဟာ ယုံကြည်ရာတွေကို ဆွဲကိုင်ပြီး လမ်းပေါ်တက်၊ လမ်းပေါ်ထွက်လာကြ တာဖြစ်တယ်။
ဆန္ဒပြသူတွေဟာ စောပန်းခြံရေကန်ကို ပတ်ပြီး ဘိုကုန်းကို လက်ယာဘက်ကနေ ဖြတ်တက်တယ်။ ဘိုကုန်းမှာ ရှိတဲ့ မြန်မာ့လယ်ယာဖွံ့ဖြိုရေးဘဏ်ရှေ့နားအရောက်မှာ ဘဏ်ဝန်ထမ်းတွေဟာ လူအုပ်ကြီးကို မြင်ပြီး ဘဏ် တံခါးတွေ ပိတ်လိုက်ကြတယ်။ ဘယ်လိုစိတ်ကူးနဲ့ပိတ်တယ် မသိ၊ CDM မလုပ်နိုင်သေးဘဲ စစ်တပ်ရဲ့ လက် အောက်မှာ အလုပ်လုပ်နေသေးတဲ့သူတို့ကို ဆန္ဒပြသူတချို့က လက်ခုပ်လက်ဝါးတီးကာ နှုတ်ဆက်ကြတယ်။

ပြီးတော့ ဆန္ဒပြသူတွေဟာ ကလပ်ကွင်း(တင်းနစ်ကွင်း)ဘက်ကို ကွေ့ပြီး လေးမျက်နှာကုန်းဘုရားဘက်ကို ဦးတည်ချီတက်ခဲ့ကြတယ်။ ချီတက်ရာလမ်းတလျှောက်မှာ သံတွဲခရိုင်၊ မြို့နယ် အုပ်ချုပ်ရေးမှူးတွေနဲ့ ရဲအရာရှိတွေ နေထိုင်ရာ အိမ်တွေရှေ့ကို ဖြတ်သန်းပြီး ချီတက်ကြရတာပါ။
လေးမျက်နှာကုန်းဘုရားအဆင်းနားအရာက်မှာ အနီရောင်ကုတ်အင်္ကျီဝတ်ဆင်ထားတဲ့ ဂျိုကာပုံစံ ဆန္ဒပြသူ တဦးကိုလည်း တွေ့လိုက်ရသေးတယ်။ သူဟာ “ Save Myanmar” ဆိုတဲ့ စာတမ်းရေးထားတဲ့ ဂစ်တာတလုံးကို ထမ်းပြီး ဆန္ဒပြလူအုပ်ကြီးကို စောင့်နေတာပါ။ သူ့ကိုမြင်တော့ လူအုပ်ကြီးက လက်ခုတ်၊ လက်ဝါးတီးကြတယ်။ ဓာတ်ပုံတွေ တွဲရိုက်ကြတယ်။

လေးမျက်နှာဘုရားကုန်းအဆင်း တာဝတိံသာလမ်းပေါ်ဖြတ်အတက်မှာ လက်နက်ကိုင် လုံခြုံရေးရဲတွေက ရှေ့ကနေ တားဆီးထားတာကြောင့် ဆန္ဒပြလူအုပ်ကြီးရှေ့မဆက်နိုင်ဘဲဖြစ်လိုက်ပါသေးတယ်။ နောက်တော့ ဘယ်လိုညှိနှိုင်းမှုရသွားတယ် မသိ၊ ဆန္ဒပြလူတန်းကြီးဟာ လိုရာခရီးကို ရှေ့ဆက်နိုင်ခဲ့တယ်။
ရဲတပ်ဖွဲ့ဝင်တွေက တာဝတိံသာလမ်းမှာ တန်းစီပိတ်ဆို့ထားတာကြောင့် ဆန္ဒပြသူတွေဟာ စိတ္တသုခလမ်းအတိုင်း သံတွဲ-တောင်ကုတ်လမ်းမအထိ ချီတက်ကြတယ်။ အဲဒီကမှတဆင့် ဒွါရာဝတီ-သံတွဲဈေး အနော်ရထားလမ်းထဲ ပြန်ကွေ့ဝင်လိုက်ကြတယ်။ လူတန်းကြီးဘယ်လောက်ရှည်တယ်ဆိုတာ ကျနော်အဆုံးအထိ ရပ်ကြည့်နေမိတယ်။

ဆရာ၊ ဆရာမတွေရဲ့ စစ်ကြောင်းနောက်မှာ အဖြူအစိမ်းယူနီဖောင်းနဲ့ကျောင်းသား၊ ကျောင်းသူတွေပါ လိုက်ပါလာတာတွေ့ရတယ်။ အင်ဂျင်နီယာကျောင်းသားတွေကလည်း မူလထွက်လာတာထက် ပိုပြီး အင်အားတိုးလာတာတွေ့ရတယ်။ ပြီးတော့ အဖြူရောင်ဝတ်စုံတွေနဲ့ စားဖိုမှူးတွေ။ ပြီးတော့ သရဲအဖွဲ့နဲ့ ဖက်ရှင်မျိုးစုံ။ အဲဒီနောက်မှာ အသက်အရွယ်မျိုးစုံသော ပြည်သူတွေ။ အားလုံးရဲ့နောက်မှာ ဆိုင်ကယ်တန်းကြီး။ သူတို့ဟာ လမ်းလျှောက်သူအားလုံးရဲ့နောက်မှာ ဆိုင်ကယ်ကိုယ်စီ စီးပြီး လိုက်ပါဆန္ဒပြဟန်ရှိတယ်။

အဲဒီနေ့က သံတွဲဈေးကိုပိတ်ထားကြတယ်။ အနော်ရထားလမ်းတလျှောက်မှာ လူတွေအပြည့်ဖြစ်သွားတယ်။ တကယ်တော့ ဒီနေ့မှာ မိန့်ခွန်းပြောမယ့်အစီအစဉ်တခုပါတယ်။ အဲဒီအတွက်ကို ကျနော်တို့ ကြိုတင်ဆွေးနွေးခဲ့ ကြသေးတယ်။ ဘယ်သူပြောမလဲ၊ ဘယ်လိုပြောမလဲ၊ ပြောလို့ရော ရဖို့လား။ မိန့်ခွန်းထွက်ပြောရင် ဦးဆောင်သူ တဦးအနေနဲ့ဖြစ်ပြီး အဲဒီလူဟာ ဖမ်းဆီးတာမျိုးတွေ ခံရနိုင်မလား၊ အဲဒီစွန့်စားမှုကို ယူကြဖို့လားစသဖြင့် ဆွေးနွေးကြသေးတယ်။
နောက်တော့ မိန့်ခွန်းကို အသံသွင်းပြီး စပီကာတွေနဲ့ ဖွင့်ကြမလားဆိုပြီးတော့လည်း ထပ်ဆွေးနွေးခဲ့ကြတယ်။ အဓိကက လုံခြုံရေးကိစ္စကို ကျနော်တို့ စဉ်းစားကြတာပါ။ အဲဒီတုန်းက ဆွေးနွေးပွဲမှာ ဦးဆောင်သူတဦးက သူစီစဉ်လိုက်မယ်ဆိုပြီး အဲဒီကိစ္စကို အဆုံးသတ်လိုက်တယ်။

အဲတော့ မနေ့က အစည်းအဝေးရဲ့ အစီအစဉ်အရဆိုရင်တော့ ဆန္ဒပြသူတွေက အနော်ရထာလမ်းထဲမှာ အပြည့် ရောက်နေကြပါပြီ။ မိန့်ခွန်းပြောဖို့သာ ကျန်ပါတော့တယ်။ ဆန္ဒပြသူတွေအားလုံး ရပ်သွားကြတယ်။ ထိုင်ထိုင် ဆို တော့ အားလုံးက ထိုင်ကြတယ်။ ကျနော်က လူတန်းကြီးရဲ့အနောက်ဘက် ဈေးထောင့်၊ ရေခဲဆိုင်ရှေ့နား လောက် မှာပါ။ ‘မိန့်ခွန်းပြောမယ်ထင်တယ်’ ဆိုပြီး ကျနော်က လက်လှမ်းမီသလောက် အနားက လူတွေကိုလိုက်ပြောဖြစ် တယ်။ မိန့်ခွန်းထွက်ပြောလိမ့်မယ်လို့ ကျနော်ကိုယ်တိုင်လည်း မျှော်နေမိတယ်။ ဒါပေမဲ့ မိန့်ခွန်းသံလိုလို၊ သီချင်းသံ လိုလိုကြားလိုက်တယ်။ ပြီးတော့ အားလုံးလူစုခွဲလိုက်ကြတယ်။
လူစုခွဲလိုက်ပြီးနောက် ကျနော့်မှာ တွေးစရာတွေ အများကြီးပေါ်လာတယ်။ ကျနော်တို့ရဲ့အခြေအနေဟာ ဒီထက် မပိုတော့ဘူးဆိုတာ နားလည်လိုက်တယ်။ ဒီလို ဆန္ဒပြမှု၊ လူထုလှုပ်ရှားမှုတွေလုပ်တဲ့အခါ ဝန်းရံပေးသူ၊ ပံ့ပိုးပေး သူ၊ တက်ကြွလှုပ်ရှားသူ၊ ရှေ့က ဦးဆောင်ပေးသူ ခေါင်းဆောင်ဆိုတာ သူ့နေရာနဲ့သူ၊ သူ့တာဝန်နဲ့ သူလုပ်ကြရ တာ။ ဝန်းရံသူ၊ တက်ကြွလှုပ်ရှားသူကို “ဒီလောက် မင်းတက်ကြွနေရင်၊ သတ္တိရှိနေရင် ဦးဆောင်ပါလား” လို့သွား ပြီး တိုက်တွန်းလို့ မရဘူး။ သူတတ်နိုင်တာ၊ သူကျွမ်းကျင်တာ၊ သူစိတ်ပါတာပဲ သူကလုပ်မှာ။

အလားတူ ဦးဆောင်သူကို “မင်း ဝန်းရံသူ တယောက်အနေနဲ့ ဒီလိုတွေ လိုက်လုပ်ပေးပါလား၊ ဒီတာဝန်တွေ ယူပေးပါလား” လို့ သွားခိုင်းလို့ မရဘူး။ သူ့အရည်အချင်း၊ သူ့အခြေအနေ၊ သူ့စိတ်ပါတာနဲ့ တည့်တည့်ကျမှ ဖြစ်နိုင်တာ။ ဒါကြောင့် ဒီနေရာမှာ အရေးကြီးတာက ကဏ္ဍတိုင်းမှာ သူ့တာဝန်၊ သူကျေကြဖို့ပဲ။
ဖမ်းဆီးခံရနိုင်ခြေ၊ ထောင်ကျနိုင်ခြေဆိုတာ ဒီလိုလူထုလှုပ်ရှားမှုတွေလုပ်ကြတဲ့ ဦးဆောင်သူကစလို့ တက်ကြွ လှုပ်ရှားသူ၊ ဝန်းရံသူ၊ နောက်ကနေ ထောက်ပံ့ပေးသူ အလယ်၊ လက်ခုတ်တီးပေးသူအဆုံး အားလုံးရင်ဆိုင် ရနိုင်တယ်။ ထောင်ကျနိုင်ခြေရှိတယ်။ အဆိုးဆုံးက အသက်ပါပေးရနိုင်ခြေရှိတယ်။
အာဏာရှင်တော်လှန်ရေး အရေးအခင်းတွေ၊ အရေးတော်ပုံတွေမှာ ခေါင်းဆောင်တွေပေါ်ထွက်ခဲ့ကြတယ်၊ ထောင်ကျသူတွေလည်း အများကြီး၊ သေသွားရတဲ့ ခေါင်းဆောင်တွေလည်းရှိတယ်။ အလားတူ ဦးဆောင်သူတွေ ကိုသာ လူသိကြပြီး မှတ်တမ်းတင်ခြင်း မခံရတဲ့ အညတရ တက်ကြွလှုပ်ရှားသူ၊ ဝန်းရံသူတွေလည်း ဒုနဲ့ ဒေး။ လူမသိ၊ သူမသိ သေသွားရတဲ့သူတွေ၊ ထောင်ကျ ဘဝပျက်သွားရတဲ့သူတွေလည်း အများကြီး။ ခေါင်းဆောင် တွေ၊ သူရဲကောင်းတွေဆိုတာလည်း တိုက်ပွဲကြား၊ အရေးအခင်းတွေကြားထဲကပဲ ထွက်လာတတ်ကြတဲ့သဘောကို ကျနော်တွေးနေမိတယ်။

ဒီနေ့အခြေအနေကိုကြည့်ပြီး ကျနော့်စိတ်ထဲ အားမလို၊ အားမရဖြစ်ခဲ့ရပေမယ့် နယ်မြို့လေးတခုဖြစ်တဲ့ သံတွဲအခြေအနေနဲ့ လက်ရှိ ဆန္ဒပြလှုပ်ရှားမှုတွေဟာ အကောင်းဆုံးအခြေအနေလို့ ယူဆလိုက်တယ်။ အားလုံးဟာ တတ်နိုင်သမျှ အကောင်းဆုံးပါဝင်ခဲ့ကြတယ်၊ လက်တွဲခဲ့ကြတယ်၊ အခုအထိဖြစ်လာတာကိုပဲ ကျေးဇူးတင်မိလိုက်တယ်။

နေ့ခင်းပိုင်းမှာ ကျနော်တို့ အစည်းအဝေးလုပ်ကြတယ်။ လူ မစုံတော့ဘူး။ သစ္စာ အပါအဝင်အားလုံး ၄ ယောက်။ ကျန်သူတွေကို မေးကြည့်တော့ မလာကြတော့ဘူး၊ အလုပ်မအားတာရယ်၊ နာမည်စာရင်းပေါက်နေလို့ အိမ်က မလွှတ်တော့ဘူးဆိုတာရယ်။ သစ္စာက ကျနော့်ကို ကြည့်ပြီး “ရှိတဲ့သူနဲ့လုပ်ကြတာပေါ့” တဲ့။ အရင်ရက်တွေက သိပ်မဆွေးနွေးတဲ့ သစ္စာက ဒီနေ့တော့ စကားတွေ များများပြောတယ်။ သူ့ကြည့်ရတာ ကျနော့်ကို စကားတွေ ပြောချင်နေပုံပေါက်တယ်။

ကျနော်နားလည်လိုက်တာက နွေဦးတော်လှန်ရေးဟန်းနီးမွန်းကာလကုန်ခါနီးပြီဆိုတာပဲ။ ဘယ်သူတွေကျန်ပြီး ဘာတွေဆက်လုပ်ကြမလဲဆိုတာပဲ ကျနော်တွေးနေမိတယ်။
(ဆက်လက်ဖော်ပြပါမည်)