BattleNews

စစ်ကောင်စီက ဂွရိုးပေါ်သို့ လေထီးဖြင့် အင်အားဖြည့်နေ

လွတ်လပ်သူ

ဂွ၊ ၁၉၊ ဒီဇင်ဘာ၊ ၂၀၂၄။

ငါးသိုင်းချောင်း-ဂွရိုးပေါ်ဘက်ခြမ်းသို့ စစ်ကောင်စီက လေကြောင်းမှ အရာဝတ္တုတချို့ ပစ်ချနေကြောင်း ယနေ့ညနေ ၄နာရီကျော်တွင်မြင်တွေ့ခဲ့ရကြောင်း ဒေသခံတဦးထံမှ သတင်းရရှိသည်။

လေထီးဖြင့်ချနေသည့် အရာဝတ္ထုများမှာ လူ(သို့မဟုတ်)ရိက္ခာ မည်သည့်အရာဖြစ်သည်ကို ခန့်မှန်း၍ မရနိုင်ကြောင်း အဆိုပါ ဒေသခံကပြောသည်။

“ လူလား၊ ရိက္ခာလည်း မသဲကွဲ၊ လေထီးနဲ့ ရိုးပေါ်ဘက်အခြမ်းလောက်ကို ချတာလို့ ခန်းမှန်းရတယ်၊ အလင်းကန်နေလို့ အနီးကပ်ဆွဲကြည့်တာ ၁ခုပဲ မြင်ရတယ်” ဟု အထက်ပါ ဒေသခံက ဒွါရာဝတီသို့ ဆက်သွယ်ပြောကြားသည်။

စစ်ကောင်စီသည့် လွန်ခဲ့သည့် ၂ရက်ခန့်က ဂွရိုးပေါ်၊ ဧရာဝတီတိုင်းမှ မိုင် ၂၀ ဝန်းကျင်တွင် လက်နက်ကြီး အထိုင်ချတပ်ဆင်ထားပြီး၊ အနီးဝန်းကျင်ရှိ နေအိမ်များကို ဖယ်ရှားခိုင်းခဲ့ကြောင်း အဆိုပါ လမ်းကြောအခြေအနေကို နေ့စဉ်စောင့်ကြည့်နေသူတဦးက ပြောသည်။

“ရိုးလမ်းက ပိတ်သွားပြီ၊ လတ်တလောက ဧရာဝတီတိုင်းကနေ အခုလက်နက်ကြီးဆင်ထားတဲ့ မိုင်၂၀ ဝန်းကျင်အထိတော့သွားလို့ရသေးတယ်လို့ ပြောတယ်၊ အခုက ဧရာဝတီတိုင်းဘက်အခြမ်းမှာပါ ခပ်လှုပ်လှုပ်ဖြစ်နေတယ်၊ ခပ်လှုပ်လှုပ်ဆိုတာ ရှောင်ဖို့တိမ်းဖို့ ပြင်ဆင်တာမျိုးတွေပေါ့” ဟု အမည်မဖော်လိုသည့် ယင်းဒေသခံက ဒွါရာဝတီသို့ ပြောသည်။

စစ်ကောင်စီသည် ရခိုင်ပြည်နယ်တောင်ဘက်ခြမ်းရှိ ဂွမြို့နယ်အတွင်း ပြင်းထန်နေသည့် စစ်မြေပြင်သို့ စစ်လက်နက်၊ ရိက္ခာနှင့် လူအင်အားဖြည့်တင်းရာတွင် အနီးဆုံး ရိုးမဖြတ်ကျော်လမ်းဖြစ်သည့် ဂွတောင်ကြားလမ်းကို အဆက်မပြတ်အသုံးပြုခဲ့သည်။

“အခုတလော ကားအသွားအလာ သိပ်မမြင်ရ၊ လွန်ခဲ့တဲ့ တပတ်ကတော့ တော်တော်များတယ်၊ ကား ၂စီးအပြည့်နဲ့ ဒဏ်ရာရတဲ့သူတွေတင်လာတာလည်း မြင်တဲ့သူတွေ မြင်ကြတယ်၊ အခုရက်တော့ တစီးတလေ ရိုးဘက်တက်သွားလိုက်၊ ပြန်ဆင်းလာလိုက်လုပ်နေတာမျိုး အသွားအလာကတော့ နေ့တိုင်းရှိတယ်” ဟု ဧရာဝတီတိုင်းမှ ရခိုင်ပြည်နယ်သို့ ဆက်သွယ်သွားလာသည့် လမ်းကြောင်းပေါ်တွင် မြင်တွေ့နေရသည့် အခြေအနေကို အထက်ပါဒေသခံက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ပထမပတ်၊ သံတွဲမြို့သိမ်းတိုက်ပွဲမဖြစ်မီ ရက်ပိုင်းအလိုတွင်လည်း စစ်ကောင်စီက အရပ်ဘက်သုံး လေယာဉ်ကို အသုံးပြုကာ သံတွဲအကျဉ်းထောင်တွင် တပ်စွဲခဲ့သည့် စစ်သားများထံ ဆန်နှင့် ကျည်ဆံ၊ ဗုံးသီးကဲ့သို့ လက်နက်ခဲရမ်းများ ပစ်ချပေးခဲ့ဖူးသည်။

အာဏာသိမ်းစစ်တပ်နှင့် အာရက္ခတပ်တော်(အေအေ)ကြား သြဂုတ် ၁၀ရက်က ဂွမြို့နှင့် မိုင်ပေါင်း ၄၀အကွာတွင် စတင်ဖြစ်ပွားခဲ့သည့် ဂွမြို့နယ်တိုက်ပွဲများသည် ယခု ၄လအကြာတွင် ဂွမြို့ပေါ်သို့ ရောက်ရှိနေပြီဖြစ်သည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button