BattleNews

ဂွမြို့နယ်၊ ကူးတို့လေးကျေးရွာတွင် ဗုံးခိုကျင်းထဲက ရွာသား ၂ ဦးကို စစ်တပ်ကပစ်သ-တ်ပြီး၊ ၁ ဦးအား ဖမ်းဆီးသွား

ဂွ၊ အောက်တိုဘာ ၁၄၊ ၂၀၂၄။

ဂွမြို့နယ်၊ ကူးတို့လေးကျေးရွာကွက်သစ်တွင် ဗုံးခိုကျင်းထဲတွင် ပုန်းခိုနေသည့် ရွာသား ၂ဦးအား အိမ်တံခါး မဖွင့်ပေးဟုဆိုကာ စစ်ကောင်စီက ပစ်ခတ်ခဲ့သဖြင့် ရွာသား ၂ဦးသေဆုံးပြီး၊ ၁ဦးကို ဖမ်းဆီးသွား ကြောင်း မြေပြင်နှင့် အဆက်အသွယ်ရသည့် ဒေသခံတဦးထံမှ သတင်းရရှိသည်။

“ပစ်သတ်ခံရတာက ၂ယောက်၊ ပွဲချင်းပြီး ၁ယောက်၊ နောက်တယောက်က မနေ့ကအထိ အသက်ရှင်နေတယ်၊ ၁ ယောက်ကို အရှင်ဖမ်းသွားတယ်” ဟု သူက ပြောသည်။

အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား ပြင်းထန်နေသည့် တိုက်ပွဲများသည် ဂွမြို့နယ်၊ ကူးတို့လေးကျေးရွာသို့ အောက်တိုဘာ ၁၂ရက်နေ့က ရောက်ရှိလာပြီး၊ မွန်းလွဲပိုင်းတွင် ယင်းဖြစ်စဉ် ဖြစ်ပွားခဲ့ကြောင်းသိရသည်။

စစ်ကောင်စီက ပစ်သ-တ်သဖြင့် ကိုဝေယံ(ခ)ကိုရှင်းလေးက ပွဲချင်းပြီး သေဆုံးခဲ့ကာ၊ ဦးလှမောင်ရွှေက ဒဏ်ရာပြင်းထန်ခဲ့ပြီး၊ လူနာအားဆေးကုသရန် စစ်ကောင်စီက ရွာမှထွက်ခွင့်မပြုသဖြင့် ဆေးကုသခွင့်မရဘဲ ၁ရက်အကြာတွင် ထပ်မံသေဆုံးခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

“စစ်သားတွေဝင်လာလို့ လှရွှေမောင်အိမ်က ပုန်းတွင်းမှာ ပုန်းကြတာ၊ ကိုရှင်းလေးနဲ့ ကိုရဲရင့်အောင် ပါ ၃ယောက်အတူတူပုန်းနေတာမှာ ဝင်ပြီး ပစ်သ-တ်တာ” ဟု မြေပြင်အခြေအနေကို သိရှိသူတဦးက ဒွါရာဝတီသို့ ပြောသည်။

ကူးတို့လေးရွာသား ကိုရဲရင့်အောင်(ခ)ကိုအောင်ချမ်းလေးကို အေအေတပ်သားဟုဆိုကာ ဖမ်းခေါ်သွားခြင်းဖြစ်ကြောင်းသိရသည်။

လေကြောင်းဗုံးကြဲ၍ သေဆုံးသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ဖြစ်စဉ်မှာ လေကြောင်းဗုံးကြဲခြင်းကြောင့်မဟုတ်ကြောင်း သိရသည်။

တိုက်ပွဲဖြစ်ပွားသည့်နေ့က ကူးတို့လေးကျေးရွာတွင် ကြုံခဲ့ရပုံများကို “ကလေးတွေလည်း ပြေးတဲ့လူပြေး၊ မေ့တဲ့လူ မေ့(သတိလစ်ခြင်း)လို့ ရွာကနေ ထွက်ပြေးလာတဲ့သူတွေကပြောပြတယ်” ဟု စစ်ဘေးရှောင်များ၏ ပြောကြားချက်ကို ကိုးကား၍ ဂွမြို့နယ်အတွင်းနေထိုင်သည့် ဒေသခံတဦးက ပြောသည်။

အေအေနှင့် စစ်ကောင်စီတို့ကြားတိုက်ပွဲများကြောင့် ဒေသခံအချို့ ဘေးလွတ်ရာသို့ အရေးပေါ်ထွက်ပြေးတိမ်းရှောင်နေကြပြီး၊ မပြေးနိုင်သူအချို့လည်း ကျန်ရှိနေသေးကြောင်း သိရသည်။

စစ်ကောင်စီသည် အောက်တိုဘာ ၇ရက်နေ့တွင် ကျိန္တလီချောင်းကူးတံတားကို မိုင်းခွဲဖျက်ဆီးကာ ကုလားပြင်(ရတနာမြိုင်)ကျေးရွာမှ ၅မိုင်ကျော်အကွာရှိ ကြွေချိုင်ကျေးရွာသို့ တပ်ဆုတ် အထိုင်ချခဲ့သည်။

ထို့နောက် ဂွမြို့နယ်၊ ကုလားပြင်၊ ဘဲအင်း၊ ဒယ်ပုပ် စသည့် ကျေးရွာများတလျှောက် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်း ပစ်ကူခဲ့ကာ၊ အောက်တိုဘာ ၁၂ရက်နေ့တွင် ကူးတို့လေး ကျေးရွာသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ကူးတို့လေးကျေးရွာသည် ဂွမြို့နှင့် မိုင် ၃၀နီးပါးအကွာတွင်တည်ရှိသည့် ပင်လယ်ကမ်းနားကျေးရွာဖြစ်သည်။

ယခုလက်ရှိတွင် တိုက်ပွဲသံများ ငြိမ်သက်နေကြောင်း အနီးဝန်းကျင်ကျေးရွာများရှိ ဒေသခံများထံမှ သိရသည်။

ပုံစာ- ဂွမြို့နယ်အတွင်း တိုက်ပွဲများမဖြစ်ပွားမီက ငါးဖမ်းလုပ်ငန်းများ လည်ပတ်နေစဉ်။ (ပုံဟောင်း)

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button