CrimeNews

တောင်ကုတ်မြို့ပေါ်၌ အိမ်ဖောက်ထွင်းခံရမှုများဖြစ်နေ

တောင်ကုတ်၊ ဇွန် ၂၄၊ ၂၀၂၄။

တောင်ကုတ်မြို့ပေါ်ရပ်ကွက်အချို့တွင် နေအိမ်ဖောက်ထွင်းခံနေကြရကြောင်း မြို့တွင်းကျန်ရှိနေသည့် ဒေသခံများ ထံမှ သိရသည်။

စစ်ပွဲမဖြစ်ပွားခင်က ဖောက်ထွင်းခိုးယူမှုများ မကြုံဖူးသော်လည်း ယခုရက်ပိုင်းအတွင်း နေအိမ် အချို့တွင် ကြုံတွေ့လာကြရကြောင်း ဒေသခံအမျိုးသားတစ်ဦးကပြောသည်။

“ညက ကျွန်တော့်ဆိုင်ကယ်လည်း အခိုးခံလိုက်ရတယ်။ သူခိုးက သူ့ဖိနပ်အိမ်မှာထားခဲ့ပြီး ကျွန်တော့်ဖိနပ်နဲ့ ဆိုင်ကယ်ယူသွားတယ်။ နောက်ဘက်ကနေ ခြံဖျက်ဝင်လာတာ။ ခုပြန်ရထားပြီဗျ။ ကိုင်းရှည်ဂိတ်က မသင်္ကာလို့ ဖမ်းထားလိုက်တယ်။ ဆိုင်ကယ်ကိုယူထားပြီး လူတော့လွတ်ပေးလိုက်တယ်” ဟု ဒေသခံ တစ်ဦးက ပြောသည်။

တောင်ကုတ်မြို့၏ လက်ရှိအခြေအနေကို မြို့ခံအမျိုးသမီးတစ်ဦးကလည်း- “အိမ်ရှေ့‌အိမ် အဖောက်ခံ ရတယ်၊ ဆန်ခိုးရင်း ကြုံရာခိုးတာ၊ လူတွေမရှိကြတော့ အလုပ်လက်မဲ့ဖြစ်နေသူတွေက စားစရာဆန်မရှိ၊ ခိုးတာပေါ့၊ ကူညီပေးမယ့်သူမရှိလေ၊ တအားငတ်နေကြပြီ” ဟု ပြောသည်။

လမ်းပိတ်ဆို့မှုများကြောင့် ကုန်စည်ဝင်ရောက်ခွင့်ပင်မရှိတော့သည့်အခြေအနေမှာ အချိန်ကြာမြင့်လာပြီ ဖြစ်သလို မြို့တွင်း လက်ကျန်ကုန်ပစ္စည်းများ ဈေးနှုန်း မြင့်တက်လာမှုများရှိနေခြင်းကြောင့် ဒေသခံအချို့ စားဝတ်နေရေးခက်ခဲနေကြကြောင်း ဒေသခံများကပြောသည်။

ဆန်၊ ဆီ၊ ဆိုင်ကယ်၊ ဆိုက်ကား၊ ဖုန်း၊ ကားဘက်ထရီနှင့် အခြေခံစားသောက်ကုန်များကို ခိုးယူခံနေရခြင်း ဖြစ်ကြောင်း၊ ဒေသခံအများစုမှာအိမ်ကိုဟထား၍ စစ်ရှောင်ထွက်သွားကြခြင်းကြောင့် လူမရှိသည့်အိမ်များ ဖောက်ထွင်း ခံနေရခြင်းဖြစ်ကြောင်း ဒေသခံအချို့ကပြောသည်။

“ကိုယ့်အိမ်ကိုယ် သတိနဲ့စောင့်ကြည့်မီးထွန်းထားရတယ်၊ မီးလင်း၊ လူရှိရင် သိပ်တော့မခိုး၊ လူမရှိ အိမ်ခိုးတာ” ဟု ဒေသခံတစ်ဦးက ဒွါရာဝတီသို့ ပြောသည်။

သို့သော် ဒေသခံအချို့ကမူ စစ်ကောင်စီက မြို့အတွင်း ညကင်းများချကာ လှည့်လည်နေတတ်ချိန်တွင် ယင်းသို့ဖြစ်ခြင်းသည် စစ်ရှောင်သူများပြားခြင်းကြောင့် စစ်ကောင်စီက တဖက်လှည့်ဖြင့် ၎င်းတို့၏ လက်ပါးစေများကို ခိုးယူခိုင်းခြင်း ဖြစ်နိုင်ကြောင်း၊ ယခင်က အိမ်များ ဟလျက်ထားသော်လည်း ယင်းသိုမကြုံဖူးကြောင်း မြို့၏အခြေအနေကို သုံးသပ်သည်။

တောင်ကုတ်မြို့တွင် ယခုရက်ပိုင်းအတွင်း စစ်ဖြစ်ပွားခြင်းမရှိသေးသော်လည်း လမ်းပိတ်ဆို့ထားခြင်း ကြောင့် ဆန်ဆိုင်များ စစ်ရှောင် ထွက်သွားကြပြီဖြစ်သလို ဆေးဝါးနှင့် စားသုံးဆီ ဈေးကွက်အတွင်း ပစ္စည်းပြတ်နေပြီ ဖြစ်ကြောင်း သိရသည်။

ဓာတ်ပုံ-တောင်ကုတ်မြို့လယ် လမ်းဆုံ။ (ပုံဟောင်း)

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button