
မောင်တော၊ ဩဂုတ် ၈၊ ၂၀၂၄။
ရခိုင်ပြည်၊ မောင်တောမြို့တွင် စစ်ကောင်စီလက်အောက်ခံတပ်များနှင့် အစွန်းရောက်မွတ်ဆလင် လက်နက်ကိုင် အဖွဲ့များဖြစ်သော ARSA RSO ARA တို့သည် အပြစ်မဲ့ပြည်သူများအား ဘေးကင်းလုံခြုံရာ နေရာများသို့ ထွက်ခွာ၍ မရစေရန် လက်နက်၊ လူအင်အားသုံး၍ ခြိမ်းခြောက်တားမြစ်ခြင်းများပြုလုပ်သကဲ့သို့ လူနည်းစု ဖြစ်သော ရခိုင်၊ ဟိန္ဒူ၊ ခမီနှင့် မြို လူမျိုးများပေါ် ခြိမ်းခြောက်၊ နှိပ်စက်၊ သတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိ သည်ဟု သိရသည်။
ဩဂုတ် ၇ ရက် ယမန်နေ့က ထုတ်ပြန်သည့် ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
စစ်ကောင်စီအပါအဝင် အစွန်းရောက်အကြမ်းဖက်အဖွဲ့များသည် မောင်တောမြို့ထဲ၌ ပိတ်မိနေသည့် အဆိုပါ လူနည်းစုလူမျိုးစုများအပြင် မြို့ခံမွတ်ဆလင်များကိုပါ ခြိမ်းခြောက်၊ နှိပ်စက်၊ သတ်ဖြတ်နေခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
စစ်ကောင်စီနှင့် အကြမ်းဖက်သမားများသည် လူနည်းစုမျိုးနွယ်စုများဖြစ်ကြသည့် ရခိုင်၊ ခမီ၊ ဟိန္ဒူ၊ မြို စသည့်လူမျိုးများအပြင် ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ကြသော မွတ်ဆလင်များ၏ အသက်အန္တရာယ်ကိုပါ ခြိမ်းခြောက်လျက်ရှိကြောင်း၊ ထို့အပြင် ၎င်းတို့သည် မွတ်ဆလင်မဟုတ်သောသူများနှင့် ဘာသာခြား (လူမျိုးခြား)များကို ဈေးမရောင်းချရန်၊ မဆက်ဆံကြရန်၊ ဖယ်ကြဉ်ထားကြရန် လိုက်လံစည်းရုံးလှုပ်ဆော် ခြင်းများကိုလည်း ပြုလုပ်လျက်ရှိသည်ဟု သိရသည်။
စစ်ကောင်စီထိန်းချုပ်ထားသော နေရာများတွင် လူမျိုးရေး၊ ဘာသာရေး အမုန်းတရားများဖြစ်ပေါ်အောင် ပြောဆိုလှုံ့ဆော်ခြင်း၊ လက်ကမ်းစာစောင်များဖြန့်ဝေခြင်း၊ စာကပ်ခြင်းများကို လုပ်ဆောင်လျက်ရှိကြောင်း၊ ထို့အပြင် ULA/AA တွင် တာဝန်ထမ်းဆောင်နေကြသော ရဲဝန်ထမ်း၊ အုပ်ချုပ်ရေးမှူး ပြည်သူ့ဝန်ထမ်းမွတ်ဆလင် အချို့ကို လုပ်ကြံသတ်ဖြတ်ခြင်း၊ ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်၌ နယ်စပ်ကင်းလှည့် လုံခြုံရေးယူနေကြသော အေအေ လုံခြုံရေးတပ်ဖွဲ့ဝင်များကို လက်နက်ငယ်များဖြင့် ချောင်းမြောင်းပစ်ခတ်ခြင်းပြုလုပ်လျက်ရှိသည်ဟု ဆိုသည်။
ယခုရက်ပိုင်းများအတွင်း မောင်တောမြို့အနီး ပင်လယ်ကမ်းစပ်တစ်နေရာ၌ မြို့ထဲမှ ထွက်ပြေးလာကြသော မွတ်ဆလင်များထဲမှ အများအပြားသည် လက်နက်ကြီး၊ လက်နက်ငယ်ထိမှ(သို့မဟုတ်) ဗုံးထိမှန်(သို့မဟုတ်) ရေနစ်သေဆုံး (သို့မဟုတ်) လေကြောင်းမှ တိုက်ခိုက်ခံရမှု( သို့မဟုတ်) ကြီးမားသော ပေါက်ကွဲမှု တခုခုဖြစ်၍ သေဆုံးနေသည်ကို ဆိုရှယ်မီဒီယာများမှတစ်ဆင့် ကြားသိရသောကြောင့် များစွာစိတ်မကောင်းဖြစ်ရကောင်း၊ အဆိုပါ သေဆုံးမှုနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို စုံစမ်းစစ်ဆေးနေပြီး ဖြစ်စဉ်၊ ဖြစ်ရပ်မှန်များကို သိရှိရပါက မိမိတို့အနေဖြင့် အမြန်ဆုံး ထုတ်ပြန်ပေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။