BusinessNews

ဧရာဝတီတိုင်းနှင့် ရခိုင်ပြည် နယ်စပ်ရှိ ဗေဒါဂိတ်မှ ကုန်စည်ရောလူပါ ဖြတ်သန်းသွားလာခွင့်ပိတ်ထား


ဂွ၊ စက်တင်ဘာ ၁၅၊ ၂၀၂၄။

ဧရာဝတီတိုင်းနှင့် ရခိုင်ပြည်နယ်စပ် ဂွတောင်ကြားလမ်းရိုးမပေါ်ရှိ ဗေဒါစစ်ဆေးရေးဂိတ်မှ ကုန်စည်နှင့် ပြည်သူများ ဖြတ်သန်းသွားလာခွင့်ကို ယနေ့ စစ်ကောင်စီက စတင်ပိတ်လိုက်ကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

ဂွမြို့မှ ငါးသိုင်းချောင်းသို့ ဆက်သွယ်ထားသည့် ရခိုင်ရိုးမလမ်းပေါ်ရှိ ဗေဒါစစ်ဆေးရေးဂိတ်တွင် မော်တော်ယာဉ်နှင့် ဆိုင်ကယ်များ ဖြတ်သန်းသွားလာခွင့်ကို ပြီးခဲ့သည့် တပတ်အတွင်း စစ်ကောင်စီက တင်းကျပ်စွာစစ်ဆေးခဲ့ပြီး၊ ယနေ့ စက်တင်ဘာ ၁၅ ရက်မှစတင်ကာ သွားလာခွင့်ပိတ်ပစ်လိုက်သည်ဟု သိရှိရသည်။

“ခရီးသွားနေတဲ့ဆိုင်ကယ်တွေ ဒီနေ့ (ဂွဘက်ကို)ပြန်လှည့်သွားရတယ်၊ လမ်းပိတ်ထားတယ် လို့ပဲ သိရတယ် လူလဲ ဖြတ်မရဘူးပြောတယ်၊ ဒီနေ့မှ စပိတ်တာ၊ ဆိုင်ကယ်လိုင်စင်၊ ကားလိုင်စင်၊ အုံနာဘုတ်၊ ဝှီးတတ် အကုန်စစ်တယ်၊ စစ်တာစုံအောင်ပါလည်း အခုက ပိတ်ထားတယ်လို့ပဲပြောတယ်၊ ဘာအတွက် ကြောင့် ပိတ်တယ်တော့ မသိဘူး” ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူတဦး၏ ပြောပြချက်အရ ဒေသခံ တဦးက ဒွါရာဝတီသို့ ပြောသည်။

ယခုတပတ်အတွင်း ဧရာဝတီတိုင်းမှ ရခိုင်သို့ ဆန်၊ အခြေခံစားသောက်ကုန်များနှင့် စက်သုံးဆီများ သယ်ယူခွင့်ကိုလည်းကောင်း၊ ရခိုင်မှ ဧရာဝတီတို့ ငပိ၊ ငခြောက် စသည့် ဒေသထွက် ပစ္စည်းတချို့ တပိုင်တနိုင် သယ်ယူခွင့်ကိုလည်းကောင်း တဖြည်းဖြည်း ကန့်သတ်ခဲ့ရာမှ ယနေ့ တဆင့်တက်ကာ လူဖြတ်သန်းခွင့်ကိုပါ ပိတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

“ပြီးခဲ့တဲ့ရက်က ဂွရိုးပေါ်ဗေဒါမှာ အဖမ်းဆီးကြမ်းတယ်၊ (ဆန်) တပြည်တောင်မသယ်ရဘူး၊ စစ်တာမှာ တွေ့ရင်ထားခဲ့ရတယ်၊ ဓာတ်ဆီသယ်တာမြင်ရင် ဆိုင်ကယ်ထဲ ထည့်ခိုင်းတယ်၊ ပိုရင် အဲဒီနားက (ဂိတ်နားက)တနေရာမှာ သိမ်းထားဖို့ ပြောတယ်” ဟု ခရီးသွားပြည်သူတစ်ဦးက ပြောသည်။

ယခုကဲ့သို့ ဗေဒါစစ်ဆေးဂိတ်ကို ပိတ်ဆို့ပြီး ပစ္စည်းသယ်ယူခွင့်များ ပိတ်ထားခြင်းကြောင့် ဂွမြို့နယ်အတွင်း ရိက္ခာ ပြတ်လပ်မှု ဖြစ်ပေါ်နေပြီး၊ ဒေသခံအချို့သည် စုဆောင်းထားသည့် လက်ကျန်စားသောက်စရာများကို စားသောက် နေကြရကာ၊ ကျေးရွာအချို့တွင် ဝယ်ယူ၍ မရတော့လောက်အောင် ဆန်ပြတ်လတ်မှုများ ရင်ဆိုင်နေကြရပြီ ဖြစ်ကြောင်း သိရသည်။

“ဆားချက်နှင့် သပြုချောင်းကြားက ရွာတွေမှာ အကုန်ပြတ်နေပြီ၊ အကူအညီလိုနေတယ်၊ ရွာမှာ ညဆို ခိုးတဲ့သူက များလာပြီ၊ ကူညီကြပါဦး”ဟု ဂွမြို့နယ်အတွင်း နေထိုင်သည့် အမည်မဖော်လိုသူ ဒေသခံ အမျိုးသမီးတဦးက ဒွါရာဝတီသို့ ပြောသည်။

အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတို့ကြား ထိတွေ့တိုက်ပွဲများသည် ဂွမြို့နယ် ကျိန္တလီမြို့နယ်ခွဲအတွင်းရှိ ကံ့ကော်တောင်ကျေးရွာအနီးဝန်းကျင်တွင် ဖြစ်ပွားနေပြီး၊ အဆိုပါ တိုက်ပွဲများသည် ဂွမြို့နှင့် မိုင် ၄၀ ဝန်းကျင်အကွာတွင်ရှိသည်။

ယခင်က ဂွရိုးမပေါ် ၁၁ မိုင်တွင် အထိုင်ချထားသည့် စစ်ကောင်စီ၏ လက်နက်ကြီးကိုလည်း ယခုအခါ ဂွရိုးအလယ်အလတ်ရှိ စွမ်းထက်စားသောက်ဆိုင်ရှေ့သို့ ပြောင်းရွှေ့အထိုင်ချထားသည်ဟု သိရသည်။

စစ်ကောင်စီသည် ယခုရက်ပိုင်းအတွင်း ဧရာဝတီတိုင်းမှ ရခိုင်ပြည်နယ်သို့ စစ်အင်အား ဖြည့်တင်းလျှက် ရှိပြီး၊ ဂွမြို့ပေါ်ရှိ ခလရ ၅၆၃ တပ်ရင်းအတွင်း မစ်ဇိုင်းဒုံးတင် စစ်ကားများကို လည်းကောင်း၊ ဂွမြို့နယ် ကြွေချိုင်ကျေးရွာအဝင်တွင် လက်နက်ကြီးတပ်ကို လည်းကောင်း အသီးသီး အထိုင်ချထားကာ လက်နက်ကြီးပစ်ခတ်မှုများကို မကြာခဏ ပြုလုပ်လျှက်ရှိကြောင်း ဒေသခံများထံမှ စုံစမ်းသိရှိရသည်။

အေအေက ၎င်းတို့ သိမ်းပိုက်ရန် ကျန်ရှိနေသေးသော လက်ကျန်မြို့များထဲမှ မောင်တောမြို့ အပါအဝင် တောင်ကုတ်၊ ကျိန္တလီ၊ ဂွ၊ အမ်း၊ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့များအားလုံးကို တမြို့မကျန် အလုံးစုံသိမ်းပိုက်ရရှိရေးအတွက် ထိုးစစ်များကို ဆက်လက်ဆင်နွှဲလျက်ရှိကြောင်း စက်တင်ဘာ ၁၃ရက်နေ့ စွဲဖြင့် ထုတ်ပြန်ထားသည်။

အေအေသည် စက်တင်ဘာ ၅ရက်က သံတွဲမြို့နယ်ကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့သည်။

ပုံစာ- ရခိုင်နှင့် ဧရာဝတီတိုင်းနယ်စပ်တနေရာ။

Related Articles

3 Comments

  1. I’m not that much of a internet reader to be honest but your sites really nice, keep it up! I’ll go ahead and bookmark your site to come back down the road. Cheers

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button