
တောင်ကုတ်၊ စက်တင်ဘာ ၂၅၊ ၂၀၂၄။
တောင်ကုတ်မြို့နယ်၊ ရွာမတိုက်နယ်သို့ စက်တင်ဘာလ ၂၄ ရက် ည ၇ နာရီ ၄၀ အချိန်တွင် တိုက်လေယာဉ်များဖြင့် ပေါင် ၅၀၀ ဗုံးကြဲချရာ ကလေးငယ်တဦးအပါအဝင် အရပ်သား ၂ဦးသေဆုံးခဲ့ပြီး၊ ကိုယ်လက်အင်္ဂါဆုံးရှုံးမှုနှင့် ထိခိုက်ဒဏ်ရာရရှိမှုများ ဖြစ်ပွားခဲ့ကြောင်း စုံစမ်းသိရှိရသည်။
စစ်ကောင်စီ၏ တိုက်လေယာဉ်မှ ဗုံးများကျဲချရာတွင် ရွာမရဲစခန်းအနီး တလုံး၊ ရွာမအထက်တန်းကျောင်း တလုံး၊ ရွာမဈေး တလုံး၊ ရွှေပြည်သာရွာ ကူးတို့ဆိပ်အနီး တလုံး ကျရောက်ပေါက်ကွဲခဲ့ကြောင်း ယင်းဗုံးများအနက် ပေါင် ၅၀၀ ဗုံး ၂ လုံးပါဝင်ကြောင်း သိရသည်။
အဆိုပါ လေကြောင်းဗုံးများအနက် တလုံးသည် ဆင့်ကဲပေါက်ကွဲခဲ့ပြီး၊ အဆိုပါဗုံး ပေါက်ကွဲချိန်တွင် ထန်းပင်တပင်ခန့်အမြင့် မီးလုံးကြီး မြင့်တက်ခဲ့ကြောင်း၊ စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက် မှုကြောင့် လူနေအိမ်များနှင့် ဆန်ဖွက်စက်တခုလည်း ပျက်စီးဆုံးရှုံးခဲ့ကြောင်း တောင်ကုတ်ဒေသခံများထံမှ သိရသည်။
“ဗုံး ၅ လုံး ကျဲတယ်၊ အချေ(ကလေးငယ်) တယောက်သေသွားတယ်၊ အမေ လက်ပြတ်တယ်၊ သံဃာတပါးထိ တယ်လို့တော့ ပြောနေကြတယ် အတိအကျမသိရသေး၊ ဖုန်းလိုင်းတွေ ပြတ်နေယာ(ပြတ်နေပြီ)” ဟု မြေပြင်အခြေအနေကို တယ်လီဖုန်းလိုင်းရသည့်နေရာသို့ သွားရောက်ကာ ဆက်သွယ်လာသည့် ရွာမဒေသခံတဦး၏ ပြောပြချက်ကို ကိုးကား၍ တောင်ကုတ်မြို့ပေါ်ရပ်ကွက်နေ ဒေသခံအမျိုးသမီးတဦးက ဒွါရာဝတီသို့ ပြောသည်။
အလားတူ စစ်ကောင်စီ၏ လေကြောင်းဗုံးထိမှန်၍ ရွာမ၊ အမှတ် (၄)ရပ်ကွက်မှ အသက် ၂၁ နှစ်အရွယ်၊ တတိယနှစ်(ရူပဗေဒ) ကျောင်းသား မောင်အောင်သူရလည်း သေဆုံးခဲ့ကြောင်း ၎င်း၏ မိတ်ဆွေတဦး ထံမှ သိရသည်။
“သူက ဆက်တက်ရမှာပါ၊ ကျောင်းဆက်တက်ဖို့အဆင်မပြေလို့ ယေ့မာ(အဲဒီမှာ) အလုပ် လုပ်ရင်းအိမ်ကိုထောက်ပံပေးနေတာပါ၊ ဖုန်းလိုင်းတွေဖြတ်ထားတော့ ယေ့ဖက်ကိုဆက်သွယ်လို့ကမရ” ဟု သေဆုံးသွားသူလူငယ်၏ မိတ်ဆွေဖြစ်သူက ပြောသည်။
ဗုံးများမကြဲမီ ၃ မိနစ်ခန့်အလိုတွင် ဖုန်းလိုင်းများ စတင်ပြတ်တောက်သွားခဲ့ကာ၊ မိုးသည်းထန်စွာ ရွာသွန်းနေချိန်တွင် ဗုံးများကျရောက်ပေါက်ကွဲခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ရွာမတိုက်နယ်ဆေးရုံသို့လည်း ဗုံးကျရောက် ပေါက်ကွဲသည်ဟု ကြားသိရကာ တယ်လီဖုန်းလိုင်း ပြတ်တောက်နေခြင်းကြောင့် မြေပြင်အခြေအနေအသေးစိတ်ကို ထပ်မံမေးမြန်းနိုင်ခြင်းမရှိသေးဘဲ၊ ဖုန်းလိုင်းမိသည့်နေရာမှ ဆက်သွယ်လာမည့်ဒေသခံ၏ ဖုန်းကိုသာ စောင့်မျှော်နေရကြောင်း တောင်ကုတ်မြို့ ပေါ်ရပ်ကွက်မှ ဒေသခံတစ်ဦးကပြောသည်။
တောင်ကုတ်မြို့အနီး ရခိုင်ရိုးမပေါ်ရှိ နေပူတောင်သို့ စက်တင်ဘာလ ၁၉ ရက် နံနက် ၁ နာရီ ၃၅ မိနစ်ကလည်း တိုက်ပွဲမရှိဘဲ နေပြည်တော်လေတပ်မှ ဂျက်လေယာဉ်တစင်း ပျံသန်းလာကာ လေယာဉ်ဗုံးကြဲရာ နေပူတောင် ကျောက်ထုတ်လုပ်ရေးစခန်းရှိ အလုပ်သမားတန်းလျားတွင် အိမ်စောင့်ကျန်ရှိနေသည့် အသက် ၄၅ နှစ်ဝန်းကျင် အမျိုးသမီးတဦး သေဆုံးခဲ့သည်။
အဆိုပါ အလုပ်သမ အမျိုးသမီးမှာ ပန်းတောင်း တောင်ကုတ်လမ်းပိုင်း ဒိုးနွယ်စမ်းကျေးရွာမှာ ဒေသခံတစ်ဦးဖြစ်ပြီး အလုပ်သမားတန်းလျားတွင် အိပ်ပျော်နေစဉ် ဗုံးစထိမှန်ခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးကပြောသည်။
တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ တောင်ကုတ်မြို့နှင့် အနီးတဝိုက်ကျေးရွာများကို စစ်ကောင်စီက လေယာဉ်ဗုံးကြဲမှုများကြောင့် အမျိုးသမီးများ၊ ကလေးသူငယ်များ ထိခိုက်သေဆုံးလျက်ရှိပြီး ကျန်ရှိနေသည့် ဒေသခံများမှာလည်း လေကြောင်းရန် အန္တရာယ်ကြားတွင် လုံခြံမှုကင်းမဲ့နေကြောင်း ဒေသခံများကပြောသည်။
သြဂုတ် ၂၂ရက် မွန်းလွဲပိုင်းက တောင်ကုတ်မြို့နယ်၊ မီးချောင်းထိုးကျေးရွာရှိ လူနေအိမ်တလုံးပေါ်သို့ စစ်ကောင်စီ၏ လေကြောင်းဗုံးကျရောက်ပေါက်ကွဲခဲ့ရာ ရက်သားအရွယ်ကလေးငယ်၏ မိခင်ဖြစ်သူတဦး ဝမ်းဗိုက်ပွင့်ဒဏ်ရာဖြင့် သေဆုံးခဲ့ပြီး နေအိမ် ၃လုံး ပျက်စီးဆုံးရှုံးခဲ့သည်။
အလားတူ တောင်ကုတ်မြို့နယ်၊ ခရိုင်ကျွန်း လက်ပံကျေးရွာသို့ ဩဂုတ် ၃၁ ရက် ည ၇ နာရီကျော်တွင် တိုက်ပွဲဖြစ်ပွားနေခြင်းမရှိဘဲ စစ်ကောင်စီ၏ လေယာဉ်ဗုံးကြဲမှုကြောင့် ၁၄ နှစ်အရွယ် ယောက်ျားလေးတဦး ပွဲချင်းပြီးသေဆုံးပြီး၊ အရပ်သား ၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။



Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me. https://www.binance.bh/register?ref=IXBIAFVY
Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me. https://www.binance.bh/futures/ref?code=L4EUT9FG