
လွတ်လပ်သူ
သံတွဲ၊ ဇူလိုင် ၂၉၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ သံတွဲမြို့ပေါ်တိုက်ပွဲများ ပြင်းထန်စဉ်က မြို့အတွင်း ပိတ်မိကျန်နေခဲ့သည့် မိသားစုဝင်များနှင့် အဆက်အသွယ်ပြတ်တောက်နေကြသော အဝေးရောက် မိသားစုဝင်များက လူမှုကွန်ရက်တွင် တင်ကြသည့် လူပျောက်ကြော်ငြာပါ ဖုန်းနံပတ်များကို အသုံးချကာ အမည်မသိ လူတစုက ငွေကြေးခြိမ်းခြောက်လိမ်လည်မှုပြုလုပ်ခဲ့ကြောင်း သံတွဲဒေသခံများထံမှ သတင်းရရှိသည်။
“ဒီနေ့မနက် ကျမကို လူတယောက်ကဖုန်းဆက်ပြီး မိသားစုအဖမ်းခံထားရပြီ၊ လာရွေးမလား၊ မရွေးဘူးလား မေးပါတယ်၊ ဘာမှဆက်မေးလို့မရလိုက်ဘဲ ဖုန်းချသွားပါတယ်၊ လူလိမ်လို့တော့ ထင်ပါတယ်၊ ငွေညှစ်မယ့်ပုံစံပါပဲ၊ အမှန်ဖြစ်နေမှာကြောက်လို့ပါ၊ မြို့တွင်း အခြေအနေလေး သိရင် ပြောပါဦး”ဟု ကိုယ်တိုင်ကြုံတွေ့ခဲ့ရသည့် သံတွဲသူအမျိုးသမီးက သံတွဲသူ၊ သံတွဲသားများ စကားဝိုင်းလူမှုကွန်ရက်စာမျက်နှာတွင် အကူအညီတောင်းထားသည်။
ဇူလိုင်လလယ်က ပြင်းထန်ခဲ့သည့် သံတွဲတိုက်ပွဲများအတွင်း စစ်ကောင်စီက လေကြောင်းဗုံးကြဲခြင်းများ နေ့ရောညပါပြုလုပ်ခဲ့ရာ တာဝါတိုင်အချို့ ကျိုးကျခဲ့ပြီး၊ ဇူလိုင် ၁၃ ရက်နေ့လည်ပိုင်းက စတင်ကာ တယ်လီဖုန်းလိုင်းများ အဆက်အသွယ်ပြတ်တောက်နေကြသည်မှာ လဝက်ရှိလာပြီဖြစ်သည်။
ထို့ကြောင့် မိသားစုဝင်များနှင့် အဆက်အသွယ်ပြန်လည်ရရှိနိုင်ရန်ရည်ရွယ်၍ ဒေသတွင်း သတင်းဌာန များမှဖြစ်စေ၊ လူမှုကွန်ရက်များတွင်ဖြစ်စေ လူပျောက်ကြောငြာများကို တင်ခဲ့ကြရသည်။
ယင်းကြော်ငြာများတွင်ထည့်သွင်းထားသည့် ဖုန်းနံပတ်များကို အသုံးချကာ ယခုကဲ့သို့ လိမ်လည်ခြိမ်းခြောက် ငွေညှစ်ခြင်းဖြစ်ကြောင်း ကာယကံရှင်မိသားစုဝင်များထံမှ သိရသည်။
“မနက်အစောကြီး အစ်မတဝမ်းကွဲဆီကိုဖုန်းဆက်တယ်၊ ဦးအုန်းမောင်၊ ဒေါ်အေးအေးမာ ငါတို့လက်ထဲရောက်နေတယ်၊ ငွေပေးရမယ်ဘာညာပေါ့၊ ဘယ်အဖွဲ့ကလဲ၊ ဘယ်မှာလဲမေးတော့ နင့်ကို မေးခိုင်းဖို့ ငါတို့ဖုန်းဆက်တာမဟုတ်ဘူးဆိုပြီး အပြန်အလှန်ပြောကြရင်း ဆဲပြီး ဖုန်းချသွားတယ်၊ လိမ်နေမှန်းသိလိုက်တော့ ငွေအမောင့်ပြောတဲ့အဆင့်ထိ မရောက်လိုက်ဘူး”ဟု နောက်ထပ် ကိုယ်တွေ့ကြုံခဲ့ရသည့် မိသားစုဝင်တဦးက ဒွါရာဝတီသို့ ပြောသည်။
သူက ဆက်လက်၍ “တကယ်သာအမှန်ဆိုရင် အမေနဲ့ အပါက အစ်ကိုအကြီးဆုံးဆီ အရင်ဆက်သွယ် ခိုင်းဖို့လေ၊ အခုက အစ်မဝမ်းကွဲဖုန်းနံပတ်ပဲတင်ထားတော့ အဲ့နံပတ်ကိုဆက်တာနဲ့ လိမ်မှန်းတန်းသိတာ”ဟု ပြောသည်။
အလားတူ သံတွဲသားတဦးကလည်း “ကျနော့အစ်မကို ဆက်တော့ အစ်မက မေးတယ်၊ ငွေဘယ်ကိုလာပေးရမလဲ၊ ဘယ်မှာလဲဆိုတာ မေးတော့ ဗမာပြည်ဘက်ကလေသံနဲ့ ငါတို့ရှိတဲ့နေရာ မင်းကိုပြောရမလားဆိုပြီး ဖုန်းချသွားတယ်၊ အဲ့ဖုန်းကို ဦးလေးက ပြန်ခေါ်တော့ ယောကျာ်းသံကြားတာနဲ့ မပေးတော့ဘူး ဆိုပြီး ဖုန်းချသွားတယ် ” ဟု မိသားစုဝင်များ၏ အတွေ့အကြုံကို ဒွါရာဝတီသို့ ရှင်းပြသည်။
အလားတူ သံတွဲမြို့ပေါ်တွင် တယ်လီဖုန်းလိုင်းနှင့် အင်တာနက်လိုင်းပြတ်တောက်ကာ မိသားစုဝင်များကြား အဆက်အသွယ်ပြတ်တောက်နေသည်ကို အခွင့်ကောင်း ယူကာ မိသားစုဝင် ယောက်ျားလေးများကို စစ်မှုထမ်းရန် ခေါ်ထားကြောင်း၊ ပြန်ရွေးလိုပါက ငွေပေးရမည် ဖြစ်ကြောင်း ဖုန်းဆက်လိမ်လည်မှုများလည်း ပြုလုပ်နေကြောင်း သိရသည်။
ကာယကံရှင်များထံ စုံစမ်းမေးမြန်းချက်အရ ၎င်းတို့ထံ ဖုန်းဖြင့်ဆက်သွယ် ငွေညှစ်ခဲ့သည့် နံပတ်များမှာ 09 690491820/ 09764469597 တို့ဖြစ်ကြောင်း သိရသည်။



Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me. https://www.gate.com/share/XwNAUwgM
Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.