ArticleNews Feature

ရခိုင်ပြည်သူများအပေါ် ရက်စက်ခဲ့သည့် စစ်သင်္ဘောသုံးစီး၏ နိဂုံး

ညီညီခိုင်

ရခိုင်ပြည်နယ်တွင် ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှစ၍ ရက္ခိုင့်တပ်တော် (အေအေ) နှင့် အာဏာသိမ်းစစ်ကောင်စီကြား တိုက်ပွဲများ ပြန်ဖြစ်ခဲ့ပြီးနောက် စစ်ကောင်စီသည် ကြည်၊ ရေ၊ လေ အင်အားကို တက်ကုန်၊ ရွက်ကုန်လွတ်ကာ ရက္ခိုင့်တပ်တော် (အေအေ) ကို ဖိတိုက်သည်။

ပင်လယ်နှင့် မြစ်ချောင်းအင်းအိုင်များပေါသည့် ရခိုင်ပြည်နယ်၌ စစ်ကောင်စီက ရေတပ်အင်အားကို ပိုမိုအသုံး ပြုပြီး တိုက်ခိုက်သည်။ စစ်ကောင်စီသည် စစ်ရေးပစ်မှတ်၊ အရပ်သားပစ်မှတ်ဟူ၍ မခွဲခြားတော့ဘဲ စစ်သင်္ဘော များဖြင့် အရပ်သားများနေထိုင်ရာ မြို့ပေါ်နှင့် ကျေးရွာများကို နေ့စဉ်ဆိုသလို ပစ်ခတ်မှုများပြုလုပ်နေသည်။ လူနေအိမ်များကို မီးရှို့သည်။ အရပ်သားသေဆုံးရမှုမှာ နေ့စဉ် မြင့်တက်နေသည်။

ဤကဲ့သို့ ပြည်သူအပေါ် ရက်စက်ခြောက်လန့်နေသည့် စစ်ကောင်စီ၏ စစ်သင်္ဘော ၃ စီးကို ရက္ခိုင့်တပ်တော် (အေအေ)က ဖေဖော်ဝါရီ ၇၊ ၈ ရက်၌ ကုလားတန်မြစ်ထဲသို့ နစ်မြှုပ်ပစ်လိုက်သည်။

ရန်သူ၏ စစ်သင်္ဘောများကို ရက္ခိုင့်တပ်တော်(အေအေ)၏ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့မှ ဗျူဟာမြောက်စွာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အေအေက ဖေဖော်ဝါရီ ၁၁ ရက်မှာ လူထုထံ အသိပေးထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၇ရက်၊ ၈ ရက်အတွင်း၌ စစ်ကောင်စီ၏ စစ်သင်္ဘော ၂ စီးနှင့် ဇက်သင်္ဘော ၁ စီးတို့ကို ရခိုင်ပြည် ကျောက်တော်မြို့နယ်၊ အပေါက်ဝရွာအနီး၌ တိုက်ခိုက်ပြီး ကုလားတန်မြစ်ထဲသို့ နစ်မြှုပ်ခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီဘက်မှ အထက်ပါ သင်္ဘော ၃ စီးကို ကူညီရန်လာခဲ့သည့် အခြားသော စစ်သင်္ဘော ၄ စီးကိုလည်း အနားကပ်မရနိုင်အောင် ရက္ခိုင့်တပ်တော်က လမ်းခုလတ်၌ပင် ကြားဖြတ်ဟန့်တာ တိုက်ခိုက်ခဲ့သည်။

ဤရေကြောင်းတိုက်ပွဲအတွင်း စစ်ကောင်စီသည် ရဟတ်ယာဉ်၊ ဒရော့ဗုံးများဖြင့် မရပ်မနား တောက်လျှောက် တိုက်ခိုက်နေခဲ့သည့်ကြားမှ ရန်သူ၏ စစ်သင်္ဘောများကို အေအေက တိုက်ခိုက်ခဲ့ရခြင်းဖြစ်သည်။

ရက္ခိုင့်တပ်တော်၏သမိုင်းတွင် ဖေဖော်ဝါရီ (၈) ရက်သည် အာရက္ခ ရေပြင်ထက်၌ ရန်သူ့သင်္ဘောများအား အလဲထိုးပြီး အောင်ပွဲရယူနိုင်ခဲ့သည့် နေ့တစ်နေ့ဖြစ်ခဲ့သည်ဟု AA က မှတ်ချက်ပြုသည်။

ရက္ခိုင့်တပ်တော်၏ ဗျူဟာမြောက် ရေကြောင်းတိုက်ပွဲတွင် စစ်ကောင်စီ၏ စစ်သင်္ဘော (၃) စီးစလုံးသည် ချက်ကောင်းကိုထိ၍ မီးလောင်ကျွမ်းခဲ့သည်။

သင်္ဘောများ စင်းလုံးပြတ် နစ်မြုပ်ရန် ဖြစ်နေသောအချိန်တွင် AA က လက်နက်ချ အညံ့ခံရန်၊ အလံဖြူထောင်ရန် လော်စပီကာများဖြင့် ၃ ကြိမ်တိုင် ပြောကြားခဲ့သော်လည်း နားထောင်ခြင်းမရှိဘဲ အာဏာရှင်စစ်တပ်ဘက်မှ တန်ပြန်ခုခံတိုက်ခိုက်နေသေးသည့်အပြင် လေကြောင်းမှ ဒရော့ဗုံးများဖြင့်ပါ အပြင်းအထန်ခုခံကာကွယ်ရန် ကြိုးစားခဲ့သည်။

ရက္ခိုင့်တပ်တော်ဘက်မှ အဆိုပါသင်္ဘော ၃ စီးပေါ်တွင် လိုက်ပါလာသောသူများ အသက်ချမ်းသာရာရရှိမည့် အခွင့်အရေးအဖြစ် နောက်ဆုံးအကြိမ် အချိန် မိနစ် ၃၀ ထပ်ပေးသည့်အခါ၌လည်း စစ်ကောင်စီသည် ဒရော့ဗုံး များဖြင့်သာ တိုက်ခိုက်ခဲ့ခြင်းကြောင့် AA တပ်ဖွဲ့ဝင် ၁၀ ကျော်ထိခိုက်ဒဏ်ရာရခဲ့ပြီး ကျဆုံးသူအချို့ရှိခဲ့သည်ဟု အေအေ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စစ်ကောင်စီ၏ စစ်သင်္ဘောသည် ရက္ခိုင့်တပ်တော်(အေအေ)မှ လက်နက်ချအညံ့ခံရန် ပြောကြားသည်ကို နားထောင်ခဲ့မည်ဆိုပါက စစ်သင်္ဘောပေါ်ပါလာသည့်သူများမှာ အသက်ချမ်းသာခွင့် ရရှိခဲ့မည်ဖြစ်သည်။

စစ်သင်္ဘောများ မီးလောင်နေစဉ် AA တပ်ဖွဲ့ဝင်တစ်ဦး ရိုက်ကူးထားသည့် ရုပ်သံတွင်လည်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များသည် စစ်သင်္ဘောတိုက်ခိုက်ခံရပြီး မီးလောင်သည့်အချိန်မှ အလံဖြူတောင်ကြသည်ကို တွေ့ရ သည်။

ယင်းသို့အချိန်နှောင်းမှ လုပ်သည့်လုပ်ရပ်အပေါ်ကိုပင် အေအေတပ်ဖွဲ့ဝင်များမှ ဂရုဏာဒေါသဖြင့် ဆဲဆိုထား သည်ကိုပင် တွေ့ရသည်။

မည်သို့မှ မဖြစ်နိုင်တော့သည့်အချိန်မှ အလံဖြူတောင်ပြကာ ရေထဲသို့ခုန်ချရေကူးကြလေတော့သည်။ ထို့ကြောင့်လည်း ရက္ခိုင့်တပ်တော်(အေအေ)က ရေကူးလာသူများကို ကယ်တင်ပေးခဲ့သည့်တွက် အသက်ဘေးမှ လွတ်မြောက်လာသူများ ရှိသည်ဟု အေအေက ထုတ်ပြန်သည်။

ယင်းသို့ ရေကူလာသူများကို ကယ်တင်ပေးခဲ့ရာ၌ အေအေတပ်ဖွဲ့ဝင်တစ်ဦးပင် အသက်ဆုံးရှုံးခဲ့ရသေးသည်ဟု အေအေက ပြောသည်။

အဆိုပါစစ်သင်္ဘောများသည် ၎င်းတို့ချီတက်ရာလမ်းကြောင်းတစ်လျှောက်ရှိ မြစ်၊ ချောင်း နံဘေးရှိ ရခိုင်ပြည် သူများ၏ ကျေးရွာများအား လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသန်းပစ်ခတ်ခြင်း၊ တမင်တကာရည်ရွယ် ချက်ရှိရှိ နေ့၊ ည အချိန်မရွေး ပစ်ခတ်တိုက်ခိုက်ခြင်းများကို နှစ်ရှည်လများပြု လုပ်လာခဲ့ကြသည်။

ယခုအချိန်၌လည်း ယင်းသို့ရပ်လုပ်များကို စစ်ကောင်စီ၏ စစ်သင်္ဘောများက ကျူးလွန်နေဆဲဖြစ်သည်။ ထို့ကြောင့်လည်း အရပ်သားပြည်သူလူထု သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုများမှာ နေ့တိုင်းရှိခဲ့သည်။

ယင်းအတွက်ကြောင့်လည်း အေအေက လက်တုံ့ပြန်သည့်အနေဖြင့် စစ်ကောင်စီ၏ စစ်သင်္ဘောကို ကုလားတန် မြစ်အတွင်း ဖျက်ဆီ နစ်မြှုပ်ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီ ၁၂ ရက် ပြည်ထောင်စုနေ့တွင်လည်း မင်းပြားမြို့နယ်အတွင်း သွားလာနေသည့် စစ်ကောင်စီ၏ စစ်သင်္ဘောတစ်စီးကို ရက္ခိုင့်တပ်တော် (အေအေ)က မြစ်အတွင်း ထပ်မံနစ်မြှုပ်တိုက်ခိုက်ခဲ့သေးသည်။

ထို့ကြောင့် လက်ရှိအချိန်ထိ ရခိုင်ပြည်သူများကို ဒုက္ခပေးခြိမ်းခြောက်နေသည့် စစ်ကောင်စီ၏ စစ်သင်္ဘော ၄ စီးသည် ရခိုင်ပြည်က မြစ်အတွင်း၌ နိဂုံးချုပ်ခဲ့ရပြီဖြစ်သည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button