ArticleOpinion

ရခိုင်ပြည်တောင်ပိုင်းမှာ သတိထားရမည့် စစ်တပ်နောက်လိုက်နှင့် အရေခြုံ ကိုယ်ကျိုးရှာသမားများ

ရဲဗလ

ရခိုင်ပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များတွင် တိုက်ပွဲများဖြစ်ပွားခြင်း မရှိဘဲ အာဏာသိမ်းစစ်တပ်က မြို့များကို ပိတ်ဆို့ဖြတ်တောက်မှုများပြုလုပ်ထားခြင်းကြောင့် တစ်လကျော်ကြာမြင့်လာသည့်အခါ မြို့နယ်အတွင်းရှိ လူထူ၏ စားဝတ်နေရေးမှာ တစ်နေ့တခြား ပိုမိုကျပ်တည်းလာနေသည်။


စစ်တပ်သည် မည်သည့်အတွက်ကြောင့်ဟူသော အကြောင်းပြချက်တစ်စုံတရာမရှိဘဲ ရခိုင်တောင်ပိုင်းရှိ ကမ္ဘာကျော်ငပလီကမ်းခြေမြို့အပါအဝင် တောင်ကုတ်၊ သံတွဲနှင့် ဂွ စသည့်မြို့နယ်များ၏ မြို့အဝင်အထွက် ဂိတ်များကို ပိတ်ဆို့ထားခြင်းဖြစ်သည်။


စက်သုံးဆီရောင်းချခွင့်များကို ထိန်းချုပ်တားမြစ်လိုက်သည့်အတွက် စက်သုံးဆီဈေးနှုန်းမှာ ယခင်က တစ်လီတာ ကျပ် ၂၀၀၀ ကျော်သာရှိနေရာမှ ယခုအခါ တစ်လီတာ ကျပ် ၂၅၀၀၀ အထိ အဆမတန်မြင့်တက်သွားသည်။


ထို့ထက်ဆိုးသည်က အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ ဆားနှင့် ဟင်းသီးဟင်းရွက်ဈေးနူန်းများ သည် ယခင်ရှိသည့်ဈေးနှုန်းထက် ၂ ဆ၊ ၃ ဆအထိမြင့်တက်သွားသည်။ ပိုက်ဆံရှိသည့်တိုင် ဝယ်ယူ၍ မရသည့် အခြေအနေများနှင့် ကြုံတွေ့သူများရှိသကဲ့သို့ ပိုက်ဆံမရှိ၍ ထမင်းမစားရသည့် မိသားစုများလည်း ရှိလာနေ သည်။


ရခိုင်ပြည်နယ်တောင်ပိုင်းတွင် နေထိုင်ကြသည့် ပြည်သူလူထု၏ ထူးခြားချက်မှာ အေးအေးချမ်းချမ်းနေထိုင်လိုသည့် သဘောထားများရှိကြသည်။ ပြဿနာများနှင့် တတ်နိုင်သမျှ ကင်းအောင်နေကြသည်။ သေနတ်လက်ထဲ ကိုင်ထားသည့် အုပ်ချုပ်သူလူတန်းစား စစ်တပ်ကလည်း ယင်းအခြေအနေကို အခွင့်ကောင်းယူကာ ဖိနှိပ်ချင်း တိုင်း၊ ဖိနှိပ်သည်။ ရခိုင်ပြည်သူလူထုအပေါ် လူပါးဝချင်တိုင်း ဝနေသည်။


ဤနေရာတွင် ပြောစရာရှိသည်က ရခိုင်လူထုအပေါ် အနိုင်ကျင့်နေသည့် အာဏာရှင်စစ်တပ်၏လုပ်ရပ်သည် အံ့ဩစရာ မဟုတ်သော်လည်း ရခိုင်ပြည်နယ်တွင် မွေး၊ ရခိုင်ပြည်တွင်ကြီးကာ ရခိုင်တိုင်းရင်းသားဖြစ်သူများက စစ်တပ်၏ လုပ်ရပ်ကို ထောက်ခံကာ စစ်တပ်ဘက်မှ အကာအကွယ်ပေးနေသည့်အဖြစ်များက ရင်နာစရာ ကောင်းလှသည်။


ကိုယ့်လူမျိုးအပေါ် စော်ကားဖိနှိပ်အနိုင်ကျင့်နေသည့် စစ်တပ်ကို သတင်းပေး၊ ဒလန်လုပ်သည်။ စစ်တပ်၏ လုပ်ရပ်များ မည်သို့ပင် ဆိုးရွားစေကာမှု စစ်တပ်လုပ်သမျှကို အားပေးထောက်ခံကာ အကူအညီများ ပေးနေ ကြသည်။ ယင်းလူတစ်စုကြောင့်လည်း စစ်တပ်သည် ရခိုင်ပြည်နယ်တောင်ပိုင်းတွင် ထင်ရာစိုင်းနိုင်သည်ဟု ဆိုရမည်။


၂၀၂၁ ဖေဖော်ဝါရီ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် တောင်ကုတ်၊ သံတွဲ၊ ဂွ စသည့်မြို့များတွင် အာဏာ သိမ်းဆန့်ကျင်မှုများ နေ့စဉ်လုပ်ခဲ့ကြသည်။ စစ်တပ်က အကြမ်းဖက်ဖြိုခွဲပြီး ဖမ်းဆီးမှုများလုပ်သည်။ ယင်းနောက် လမ်းပေါ်ထွက်ဆန္ဒပြမှုများ ရပ်တန့်သွားခဲ့သည်။


သို့သော် သခင်အားရ ကျွန်ပါးဝသည့် စစ်တပ်ထောက်ခံသည့် ဆန္ဒပြပွဲများကတော့ သံတွဲမြို့ပေါ်တွင် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြသည်။ ယင်းဆန္ဒပြပွဲကိုကြည့်ခြင်းအားဖြင့် စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကို ထောက်ခံသည့် အင်အားမည်မျှရှိသည်ဆိုတာကို ခန့်မှန်း၍ရနိုင်သည်။


ရခိုင်ပြည်တောင်ပိုင်း၊ သံတွဲမြို့ပေါ်တွင် အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုများ ဟိုပြောက်ကျား၊ ဒီပြောက်ကျား ဆိုသလို လုပ်ခဲ့ကြသော်လည်း နောက်ပိုင်း လှုပ်ရှားမှုများ လုံးဝ ရပ်တန့်သွားရသည့်အချက်သည် အထက်ပါ စစ်တပ်ထောက်ခံသည့် လူတစ်စု၏ သတင်းပေး၊ ဒလန်လုပ်မှုကြောင့်ဟု ဆိုရမည်။


ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရက္ခိုင့်တပ်တော်(အေအေ)နှင့် အာဏာသိမ်းစစ်တပ်ကြား ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှစ၍ တိုက်ပွဲများပြန်လည် ဖြစ်ပွားသည့်အခါတွင်လည်း စစ်တပ်က တောင်ကုတ်မြို့၊ သံတွဲမြို့နှင့် ဂွမြို့ပေါ် ရှိ ပြည်သူလူထုတချို့ကို ဖမ်းဆီးထောင်ချသည်။ မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားခြင်းမရှိဘဲ မြို့ပေါ်လူထုကို ဖြတ်တောက်ပိတ်ဆို့မှုများ မျိုးစုံလုပ်သည်။


ယင်းလုပ်ရပ်နှင့်ပတ်သက်၍ အာဏာရှင်စစ်တပ်က တစ်စုံတစ်ရာ ထုတ်ဖော်ပြောဆိုခြင်းမရှိသော်လည်း ၎င်းတို့၏ တစ်ခုတည်းသော ရည်ရွယ်ချက်မှာ ရခိုင်လူထုနှင့် ရက္ခိုင့်တပ်တော်(အေအေ)ကို အထင်အမြင်လွဲ အောင် ရန်တိုက်ပေးသည့်သဘောသာဖြစ်သည်။


ယခုကဲ့သို့လုပ်ရခြင်းမှာ ၎င်းတို့အနေဖြင့် ဆန္ဒရှိ၍ လုပ်ရခြင်းမဟုတ်ဘဲ ရက္ခိုင့်တပ်တော်(အေအေ) တိုက်ပွဲများ ဖော်ဆောင်လာသည့်အတွက် လုပ်ရခြင်းဖြစ်သည်ဟု ဝါဒဖြန့်သည်။ အဆိုပါ ဝါဒဖြန့်သည့်အလုပ်ကို ၎င်းတို့ ကိုယ်တိုင်လုပ်တာမဟုတ်ဘဲ ၎င်းတို့၏ နောက်လိုက် သတင်းပေး၊ ဒလန်လုပ်သူများက မြို့ပေါ်ဝါဒဖြန့်ခြင်း၊ ဖေ့ဘွတ်ပေါ်တွင် ပြောဆိုဆွေးနွေးခြင်းများဖြင့် အကောင်အထည်ဖော်နေကြခြင်းဖြစ်သည်။


မြို့ပေါ်တွင် လူထုသည် စစ်တပ်ကို ဝေဖန်ထောက်ပြသည့်စကားမဆိုရဲ၊ ဖေ့ဘွတ်ဆိုရှယ်မီဒီယာပေါ်တွင်လည်း မှတ်ချက်မပြုရဲ။ ဝေဖန်ထောက်ပြမည်ဆိုပါက စစ်တပ်လိုလားသည့် သတင်းပေးဒလန်များ၏ လက်ချက်ဖြင့် အဖမ်းခံရနိုင်သည်။ ထို့ကြောင့် ရခိုင်ပြည်နယ်တောင်ပိုင်းတွင် စစ်တပ်ကို ကန့်ကွက်ဝေဖန်သည့် စကားမကြားရ။


သို့ဖြင့်၍ မည်သို့ပင် မြို့နေပြည်သူများ ကျပ်တည်းဆင်းရဲပြီး ဒုက္ခများရောက်နေပါစေ ဘာပြဿနာမျှမရှိ၊ ဘာမှ မဖြစ်သည့် ပုံစံမျိုးဖြင့် လူများသွားလာလှုပ်ရှားနေကြသည်။ အွန်လိုင်းပေါ်၌လည်း ဘာမှမဖြစ်ဘဲ အားလုံး အေးအေးဆေးဆေးပဲရှိသည်ဆိုသော အခြေအနေမျိုးကို စစ်တပ်ထောက်ခံသူများက ဝိုင်းဝန်းဝါဒဖြန့်ပေးနေကြ သည်။


ဤနေရာတွင် နောက်ထပ်လူတန်းစား တစ်ရပ်ကျန်နေသေးသည်။ ယင်းက စစ်တပ်ထာဝရထောက်ခံ၊ အရေခြုံကိုယ်ကျိုးရှာသမား၊ ပုဂ္ဂိုလ်ရေးကျော်ကြားလိုသူများဖြစ်သည်။ အဆိုပါ လူတန်းစားတစ်ရပ်သည်လည်း စစ်တပ် ၏ အခွင့်ထူးခံလူတန်းစားများဖြစ်ကြသည်။ လက်ရှိတွင် ၎င်းတို့သည် ကြောင်လက်သည်းဝှက်နေ နေကြသည်။ အစွယ်ထုတ်မပြသေး။ ၎င်းတို့သည် စစ်တပ်၏ နောက်ဆုံးလက်နက်ဖြစ်နိုင်သည်။


ဤနေရာတွင်ပြောလိုသည့်အချက်မှာ ရခိုင်ပြည်နယ်တောင်ပိုင်းရှိ မြို့နယ်များတွင် တိုက်ပွဲများဖြစ်ပွားခြင်း မရှိဘဲ စစ်တပ်က မျိုးစုံဖိနှိပ်ပိတ်ဆို့ထားခြင်းကြောင့် ရခိုင်လူထုသည် အကျပ်အတည်းများဖြင့် နေ့စဉ်ကြုံလာရသည်။ ထမင်းမစားရသည့်မိသားစုများ ရှိလာသည်။


ဤအခြေအနေကို စစ်တပ်က ၎င်းတို့ကိုထောက်ခံသည့် လူတစ်စုနှင့် ဖုံးဖိအကာကွယ်ယူထားသည်။ သို့သော် စစ်တပ်သည် အခြေအနေမကောင်းလျှင် အခွင့်ထူးခံအရေခွံခြုံကိုယ်ကျိုးရှာသမားများဖြင့် ရခိုင်လူထုကို နောက်ထပ် ပြဿနာများ ရှာနိုင်သည်ဆိုသည့်အချက်ကို သတိထားစောင့်ကြည့်ကြရန် တင်ပြလိုက်ခြင်းဖြစ်သည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button