HealthNews

တပတ်ကြာသတိမေ့မျောနေသည့် ကလေးငယ် ပြန်လည်သတိရသက်သာလာပြီးမှ ဆုံးပါး

ဂွ၊ ဩဂုတ် ၃၊ ၂၀၂၄။

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ဆပ်သွားဆေးရုံတွင် ဥဏှောက်ပိုးဝင်ကာ တပတ်ကြာသတိလစ်မေ့မျော ဆေးကုသ ခံနေရသည့် ကလေးလူနာအား ရန်ကင်းကလေးဆေးရုံကြီးသို့ လွှဲပြောင်းပို့ဆောင်ကာ ကုသနေစဉ် ရက်အတန်ကြာသက်သာလာခဲ့သော်လည်း ယနေ့ မွန်းလွဲ ၃နာရီဝန်းကျင်တွင် ဆုံးပါးသွားခဲ့ကြောင်း ကူညီပေးနေသည့် လင်းရောင်ခြည် လူမှုကူညီရေးအသင်း(ကမ်းသာယာ)မှ သိရသည်။

လင်းရောင်ခြည် လူမှုကူညီရေးအသင်း(ကမ်းသာယာ)မှ တာဝန်ရှိသူတဦးက “ကလေးလူနာဆုံးပြီဗျာ၊ စိတ်မကောင်းစရာ၊ အားလုံးကူညီကြသူရော၊ အလှူရှင်ရော၊ ဆရာဆရာမတွေပါ အရမ်းကြိုးစား မျော်လင့်လင့်ခဲ့ကြတာပါ၊ ရန်ကင်းဆေးရုံမှနေ၍ ထိမ်ပင်သုသာန် သို့သယ်ဆောင်သဂြိုလ်ပါမည်၊ အားလုံးဝိုင်းကူကြပါမိတ်ဆွေတို့ရေ အားလုံး ကျေးဇူးတင်ပါတယ်” ဟု သူ၏ လူမှုကွန်ရက်မှတဆင့် အသိပေးခဲ့သည်။

အဆိုပါ ကလေးငယ်သည် ဂွမြို့နယ်၊ သိုင်းကျွန်းကျေးရွာမှ ကလေးငယ်တဦးဖြစ်ပြီး ဆက်လက် ဆေးကုသမှုခံယူနိုင်ရန်နှင့် ရန်ကင်းကလေးဆေးရုံကြီးသို့ လွှဲပြောင်း နိုင်ရန်အတွက် အနယ်နယ် အရပ်ရပ်မှ စေတနာရှင်များက ငွေကြေးအားဖြင့် ဝိုင်းဝန်းကူညီခဲ့ကြသည်။

ငွေကြေးရရှိသော်လည်း နွမ်းပါးသည့်လူနာရှင်မိဘများက ရန်ကုန်သို့ သွားရန် ကြောက်ရွှံ့စိတ်ရှိခြင်း၊ လူနာစောင့်အပိုမရှိခြင်း၊ ခက်ခဲသောမိသားစုဖြစ်၍ လူနာစောင့်အဖြစ်လိုက်ပါကူညီနိုင်သူ နားလည် တတ်ကျွမ်းသူဆွေမျိုးသားချင်းမရှိခြင်းကြောင့် ပြည်မသို့ စစ်ဘေးရှောင်နေသည့် သံတွဲဒေသခံ တဦးကလုပ်အားကူညီမှုအဖြစ် လိုအပ်သလို လူနာစောင့်အဖြစ် ဝိုင်းဝန်းကူညီ ပေးခဲ့သည်။

တပတ်ကြာသတိလစ်မေ့မျောနေရာမှ ပြန်လည်သတိရခဲ့သည့် ကလေးငယ်သည် သူ့မိခင်၊ အဘွားတို့နှင့်အတူ ရန်ကင်းကလေးဆေးရုံကြီးတွင် ကုသမှုခံယူနေစဉ် သတိရပြီး ၁၄ရက် အကြာတွင် ဆုံးပါးခဲ့ခြင်းဖြစ်သည်။

ဒွါရာဝတီမှာတဆင့် ကလေးငယ်သတင်းကို သိရှိကာ စာနာမှုဖြင့် ဝိုင်းဝန်းကူညီပေးခဲ့ကြသည့် စာဖတ်သူများသိရှိနိုင်စေရန် နောက်ဆက်တွဲသတင်းအဖြစ် စိတ်မကောင်းစွာ ဖော်ပြအပ်ပါသည်။

စိတ်ရောကိုယ်ပါ ဝိုင်းဝန်းကူညီခဲ့ကြသူများအားလုံးနှင့်ထပ်တူ ဒွါရာဝတီအဖွဲ့သားများက စိတ်ထိခိုက်ရပါသည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button