CrimeNews

လစာထုတ်ပြီးအပြန် အဖမ်းခံရသည့် အစိုးရဝန်ထမ်းများ ၃ရက်ကျော်ကြာသည်အထိ မိသားစုနှင့်အဆက်အသွယ်မရသေး

တောင်ကုတ်၊ ဩဂုတ် ၃၊ ၂၀၂၄။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့သို့ လစာလာထုတ်သည့် အစိုးရဝန်ထမ်းအချို့ နှင့် ကလေးငယ် ၁ဦးကို စစ်ကောင်စီက ဖမ်းဆီးထားပြီး ၃ရက်ကျော်ကြာသည်အထိ အဆက်အသွယ်မရသေးကြောင်း မိသားစုနှင့် နီးစပ်သူတဦးထံမှ သတင်းရရှိသည်။

တောင်ကုတ်မြို့နယ်၊ ဂျီပြင်ရွာတွင် တာဝန်ကျနေသည့် သူနာပြု(သားဖွား) ဆရာမ ၂ဦး၊ ကျောင်းဆရာမ ၁ဦးနှင့်သူ၏ကလေးငယ်၊ စုစုပေါင်း ၄ဦးတို့သည် တောင်ကုတ်မြို့ပေါ် သို့ လာရောက် လစာထုတ်ယူပြီး အပြန် ဇူလိုင် ၃၁ ရက်၊ ညနေ ၄နာရီဝန်းကျင်တွင် တောင်ကုတ်မြို့အထွက် ဖုံညို စစ်ဆေးရေး မောင်းတံ ဂိတ်တွင် ဖမ်းဆီး လိုက်ခြင်း ဖြစ်ကြောင်း သိရသည်။

“ဘာကြောင့်ဖမ်းသွားလဲဆိုတာ မသိရသေး၊ လက်ရှိ ၅၄၄ တပ်ထဲမှာ ထိန်းသိမ်း ထားတယ်လို့ သိရ တယ်၊ မိသားစုနဲ့ အဆက်အသွယ်မရသေးပါဘူး၊ ဖမ်းခံရတဲ့အထဲက တယောက် က ကျနော့ ညီမ ဝမ်းကွဲတော်စပ်ပါတယ်” ဟု ဖမ်းဆီးခံထားရသူတဦး၏ မိသားစုနှင့် နီးစပ်သူ တဦးက ဒွါရာဝတီသို့ ပြောသည်။

ဖမ်းဆီးခံရသူများမှာ သူနာပြု(သားဖွား)များဖြစ်သည့် မမိုးစန္ဒာနှင့် မသီသီလွင်၊ အမည်မသိသေးသည့် ပညာရေးဝန်ထမ်းဆရာမတဦးနှင့် သူ၏ ကလေးငယ် တို့ဖြစ်ကြောင်း အထက်ပါ ပုဂ္ဂိုလ်ထံမှ သိရသည်။

ဖုံညိုစစ်ဆေးရေးဂိတ်သည် တောင်ကုတ်မြို့မှ သံတွဲမြို့ဘက်သို့အထွက် တပ်ရင်း ၃၄၆ အနီးတွင် တည်ရှိသည်။

တောင်ကုတ်မြို့သည် အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီကြား စစ်ရေးတင်းမာနေပြီး ဇွန်လလယ်တွင် မြို့ပေါ်တိုက်ပွဲ ၁ကြိမ်ဖြစ်ပွားခဲ့သလို၊ တောင်ကုတ်-ပြည် ရိုးမဖြတ်ကျော်လမ်းမ ပေါ်တွင်လည်း တိုက်ပွဲများ ဖြစ်ပွားခဲ့သည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button