
သံတွဲ၊ ဇူလိုင် ၂၇၊ ၂၀၂၄။
ရခိုင်ပြည်နယ်၊ သံတွဲ-ဂွလမ်းပေါ်ရှိ ချင်းကွင်းတံတားကို မိုင်းခွဲဖျက်ဆီးအပြီး စစ်ကောင်စီတပ်သားများ ယနေ့နံနက်ပိုင်းတွင် ချင်းကွင်းကျေးရွာမှတပ်ဆုတ်သွားပြီး ဂွမြို့နယ်ဘက်သို့ ထွက်ခွာသွားကြောင်း ဒေသခံများထံမှသတင်း ရရှိသည်။
“အင်အား ၇၀ လောက်ရှိမယ်၊ ဂွဘက်ကို တက်သွားတယ်” ဟု အမည်မဖော်လိုသည့် ဒေသခံတဦးက ဒွါရာဝတီသို့ ပြောသည်။
သံတွဲမြို့နှင့် ၃၅မိုင်ခန့်အကွာတွင် အခိုင်အမာ ဂိတ်ချတပ်စွဲထားသည့် ယင်း စစ်ကောင်စီ တပ်သားများ သည် ပြီးခဲ့သည့် ဇူလိုင် ၂၅ရက် ညပိုင်းတွင်း ချင်းကွင်းတံတားကို မိုင်း ၃လုံးခွဲကာ ဖျက်ဆီးခဲ့ပြီး၊ တံတား ပျက်စီးမှုမှာ ၎င်းတို့ ရည်ရွယ်ထားသလို အလုံးစုံမကျိုးပျက်ခြင်းကြောင့် ဇူလိုင် ၂၆ နံနက်ပိုင်းတွင် ပိုမိုအားပြင်းသော ခဲယမ်းများကို အသုံးပြုကာ ထပ်မံဖျက်ဆီးခဲ့ရာ သံတွဲမြို့နယ်ဘက်အခြမ်းရှိ တံတားအကန့်မှာ အားလုံးပျက်စီးသွားကြောင်း ဒေသခံများထံမှ သိရသည်။
အလားတူ သံတွဲမြို့နှင့် မိုင် ၅၀ ဝန်းကျင်အကွာ ဂွမြို့နယ်၊ ရတနာမြိုင်တံတားတွင် စစ်တပ်ရောက်ရှိ တပ်စွဲနေသည်မှာ ၃ရက်ခန့်ရှိပြီဖြစ်ပြီး၊ ယနေ့တွင် ဂိတ်တခု တည်ဆောက်နေကြောင်း ဂွမြို့ခံ တဦးထံမှ သိရသည်။
ရတနာမြိုင်တံတား(ကျိန္တလီမြစ်ကူးတံတား)သည် ပြီးခဲ့သည့်ရက်က စစ်ကောင်စီလက်ချက်ဖြင့် ပျက်စီး သွားသည့် ချင်းကွင်းတံတားထက် ၃ဆ/၄ဆခန့်ပို၍ရှည်သည့် တံတားတစင်းဖြစ်ကာ သံတွဲ-ဂွ-ရန်ကုန် ကားလမ်းပေါ်ရှိ အရေးပါဆုံး တံတားများအနက် တစင်းဖြစ်သည်။
အလားတူ ဂွမြို့နယ်၊ ဆပ်သွားကျေးရွာတံတားအနီးရှိ ဘုန်းတော်ကြီးကျောင်းတကျောင်းတွင်လည်း အင်အား ၈၀ခန့်နှင့် လွန်ခဲ့သည့် တပတ်ဝန်းကျင်ကစတင်ကာ တပ်စွဲလျှက်ရှိကြောင်း သတင်းရရှိသည်။
စစ်ကောင်စီတပ်များသည် အာရက္ခတပ်တော်(အေအေ)၏ ထိုးစစ်ဆင်ခြင်းများကို အဆက်မပြတ် ခံနေရပြီး သံတွဲမြို့မြောက်ဘက် မိုင် ၂၀ ခန့်မှ တဖြည်းဖြည်းဆုတ်ခွာလာရသည်မှာ လက်ရှိတွင် သံတွဲမြို့တောင်ဘက် မိုင် ၄၀ ဝန်းကျင်အကွာတွင်ရောက်ရှိနေပြီဖြစ်သည်။
ချင်းကွင်းကျေးရွာမှ ဆုတ်ခွာသွားသော်လည်း လတ်တလောတွင် လက်ကျန် စစ်ကောင်စီတပ်သားများရှိနေသေးကြောင်း ယခု ညနေပိုင်းတွင် ကိုယ်တိုင်သွားရောက်ခဲ့သူတဦးထံမှ သတင်းပေးပို့ချက်အရ သိရသည်။
သူက “လက်နက်ကြီးတပ် ဆုတ်သွားတယ်၊ လက်ရှိ ရဲအင်အား ၄၀ကျော်နဲ့ စစ်တပ်က ဘန်ကာတွေထဲမှာ နည်းနည်းကျန်နေသေးတယ်၊ တံခါးတွေ အကုန်ပိတ်ထားတယ်” ဟု ဒွါရာဝတီသို့ ပြောသည်။
ကားလမ်းတလျှောက်ဆုတ်ခွာထွက်ပြေးနေသည့် စစ်ကောင်စီတပ်သားများသည် သံတွဲမြိုနယ်အတွင်းရှိ တံတားများကို မိုင်းခွဲဖျက်ဆီးရန် ကြိုးစားခဲ့ပြီး မအောင်မြင်ခြင်းများလည်းရှိခဲ့ပြီး၊ ဖျက်ဆီးခဲ့သည့် တံတားများမှာ သံတွဲ-ဂွလမ်းပေါ်ရှိ ချင်းကွင်းတံတား၊ ဇလွန်-မေရိုးဘေးကားလမ်းပေါ်ရှိ ဆင်ဒင်လေး တံတား၊ သရက်ပင်ကွင်းတံတား၊ အုန်းပင်ဝတံတားနှင့် မြို့ချောင်းတံတားဟူ၍ စုစုပေါင်း ၄စင်း ဖျက်ဆီးခဲ့သည်။
ဓာတ်ပုံ- သံတွဲမြို့မှ စစ်ကောင်စီမဆုတ်ခွာမီ မြို့အထွက်တွင် တပ်စွဲခဲ့သည့် နေရာတခု။