CrimeNews

ဂွမြို့နယ်၊ ရေကျော်ရွာတွင် စစ်ကောင်စီက သက်လတ်ပိုင်းအမျိုးသား ၁၂ ဦးကို ဖမ်းဆီး

ကျိန္တလီ၊ ဩဂုတ် ၃၁၊ ၂၀၂၄။

ငပလီကမ်းခြေမြို့၊ ဂျိတ္တောရပ်ကွက်မှ ဂွမြို့နယ်၊ ရေကျော်ကျေးရွာသို့ စစ်ဘေးရှောင်ရန် ရောက်ရှိနေသည့် သက်လတ်ပိုင်း အမျိုးသား ၁၂ ဦးကို စစ်ကောင်စီက ယခုလ ၂၉ ရက် ညနေပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားပြီး၊ ဖမ်းဆီးရခြင်း အကြောင်းအရင်းကို မသိရသေးကြောင်း ဒေသခံများထံမှ သတင်းရရှိသည်။

ရေကျော်ကျေးရွာတွင် စစ်ဘေးရှောင်နေသည့် သံတွဲဒေသမှ ပြည်သူများကို စစ်ကောင်စီက ဆက်တိုက် ဖမ်းဆီးနေခြင်း၊ ကျေးရွာအဝင်လမ်းများကို ပိတ်ဆို့ စစ်ဆေးနေခြင်းများကြောင့် ဒေသခံများ ထိတ်လန့်နေ ကြကြောင်း ရွာနှင့် အဆက်အသွယ် ရရှိခဲ့သည့် အမည်မဖော်လိုသူ ဒေသခံတဦးက ပြောသည်။

သူက “အရင်ကလည်း ဖမ်းတယ်၊ အရင်ဖမ်းတဲ့လူတွေကို ပြန်လွှတ်ပေးတယ်လို့လည်း ကြားတယ်၊ မနေ့လောက် ကဆို လူတွေ ဈေးတောင်ထွက် မဝယ်ရဲကြဘူး၊ ရေကျော်မှာ ဆေးခန်းရှိတော့ နေထိုင်မကောင်းရင် ရေကျော် ဆေးခန်းကို သွားပြရတယ်၊ သွားမပြရဲလို့ စစ်ရှောင် ကျောင်းသားလေးတယောက် အရင်တပတ်လောက်က ဆုံးတယ်လို့ ကြားတယ်” ဟု ဒွါရာဝတီသို့ ပြောသည်။

ယခုလအတွင်း တိုက်ပွဲပြင်းထန်ခဲ့သည့် ကျိန္တလီမြို့နယ်နှင့် ရေကျော်ကျေးရွာသည် ၇ မိုင်ဝန်းကျင်ခန့် ကွာဝေး သည်။

ယခုလ ၂၂ ရက်က အဆိုပါ ရေကျော်ကျေးရွာအပြင်ဘက်ကို စစ်ကောင်စီနေဗီ သင်္ဘောမှ ပစ်ခတ်သည့် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အထိအခိုက်မရှိခဲ့ကြောင်း သိရသည်။

ကျိန္တလီမြို့နယ်၊ ကျောက်ပါးစပ်ကျေးရွာနှင့် ကိုင်းခုံကျေးရွာကြားတွင် အာရက္ခတပ်တော်(အေအေ) နှင့် စစ်ကောင်စီတပ်တို့ကြား ထိတွေ့တိုက်ပွဲ ဆက်လက်ရှိနေဆဲ ဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

“ခုရက်ပိုင်းမှာတော့ ငြိမ်နေတယ်၊ မနေ့က ည ၁၀ နာရီခွဲလောက်က ရေကနေ တချက်ချတယ် (ပစ်တယ်)” ဟု အမည်မဖော်လိုသူတဦးက ဒွါရာဝတီသို့ ပြောသည်။

ကျိန္တလီမြို့နယ်တိုက်ပွဲများသည် ယခုလ ၁၀ ရက်တွင် စတင်ခဲ့ပြီး စစ်ကောင်စီက ကြည်း၊ ရေ၊ လေ ပူးပေါင်းကူပစ်ပေးရသည်အထိ ပြင်းထန်ခဲ့သည်။

အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှု များပြားခဲ့ပြီး ဆေးရုံ၊ သာသနိက အဆောက်အဦများ၊ ပြည်သူပိုင်အဆောက်အအုံများပျက်စီးခဲ့ရသည်။

သို့သော် အင်တာနက်နှင့် တယ်လီဖုန်းလိုင်းများ ပြတ်တောက်နေခြင်းကြောင့် မြေပြင် သတင်းအချက်အလက်နဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရခြင်း၊ ပြည်သူတို့၏ နစ်နာဆုံးရှုံးမှုများကို မှတ်တမ်းတင်နိုင်ရန် ခက်ခဲနေဆဲဖြစ် သည်။

ပုံ-ကျိန္တလီမြို့၌ စစ်ကောင်စီတပ်ဖွဲ့က စစ်ဆေးရေးပြုလုပ်နေစဉ်။ (ပုံဟောင်း)/ ဓာတ်ပုံ- ပြန်/ဆက်

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button