
ဒွါရာဝတီ
ဂွ၊ ဇူလိုင် ၂၄၊ ၂၀၂၄။
လွန်ခဲ့သည့် ၆ရက်ဝန်းကျင်က ပျောက်ဆုံးနေသည့် သံတွဲစစ်ရှောင်ပြည်သူ အမျိုးသားတဦးကို ဂွမြို့နှင့် ရဟိုင်ကူးတို့ကျေးရွာကြားရှိ တိုင်ကျိုးချောင်းပေါက်အမည်ရ ပင်လယ်ထွက်ပေါက် ချောင်းရိုး ဒီရေတောအတွင်း သေဆုံးနေသည် ကို တွေ့ရကြောင်း ဒေသခံများထံမှ သတင်းရရှိ သည်။

သေဆုံးသူအမည်နှင့် အသေးစိတ်အချက်အလက်ကို မသိရဘဲ၊ ကျန်းမာရေးမကောင်းသူ စစ်ရှောင်ပြည်သူတဦးဟု သိရပြီး၊ အလောင်းသယ်ယူရန် ဂွမြို့ပေါ်မှာ နာရေးကူညီမှုအသင်းကို အကူအညီတောင်းကာ သယ်ယူခဲ့ပြီး ရဟိုင်ကူးတို့ သုသာန်သို့ ပို့ဆောင်ပေးလိုက်ကြောင်း ဒေသခံများထံမှ သိရသည်။

သံတွဲမြို့အနီးဝန်းကျင်တွင် အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား ဆက်တိုက် ဖြစ်ပွားနေသောတိုက်ပွဲများကြောင့် ဒေသခံများ စစ်ဇုန်အတွင်းမှ ဘေးလွတ်ရာသို့ တိမ်းရှောင်ပြီး သံတွဲ-ဂွကြား ကျေးရွာများတွင် အသီးသီးစစ်ဘေးရှောင်လျှက်ရှိကာ စားနပ်ရိက္ခာနှင့် နေထိုင်ရေးအတွက် အခက်အခဲများ ကြုံတွေ့နေကြရသည်။

ပြီးခဲ့သည့် ဇူလိုင် ၁၅ရက်နေ့ကလည်း ရခိုင်ပြည်၊ ဂွမြို့ စစ်ဆေးရေးဂိတ်၌ အသက် ၈၃ နှစ်အရွယ် စစ်ရှောင်အဘိုးတစ်ဦးသည် အစစ်အဆေးခံဖို့ ထိုင်စောင့်နေစဉ် အစာနင်ကာ သေဆုံးသည့်ဖြစ်စဉ်တခု ဖြစ်ပွားခဲ့သေးသည်။
ဓာတ်ပုံ- ထာဝရမေတ္တာနာရေးကူညီမှုအသင်း-ဂွမြို့