သံတွဲ၊ ဇူလိုင် ၁၂ ၊ ၂၀၂၄။
စစ်ကောင်စီတပ်အထိုင်ချထားသည့် သံတွဲအကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသားအချို့ ယနေ့ညဦးပိုင်းတွင် လွတ်မြောက်လာကြောင်း မိသားစုဝင်များနှင့် နီးစပ်သူများထံမှ သတင်းရရှိသည်။
ယနေ့ မွန်းလွန်ပိုင်းတွင် သံတွဲအကျဉ်းထောင်အတွင်းသို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခဲ့ပြီး ထောင်အတွင်း အော်ဟစ်ဆူညံသံများကို ကြားနေရသည့် သတင်းကြောင့် မိသားစုဝင်များ စိုးရိမ်ပူပင်မှုဖြစ် နေချိန်တွင် ယခုကဲ့သို့ လွတ်မြောက်လာခြင်းဖြစ်သည်။
“နိုင်ကျဉ်းတချို့ကို လွှတ်ပေးလိုက်တယ်။ အေအေနဲ့ ဆက်စပ်နေသူတွေနဲ့ နှစ်ကြီးသမား တချို့တော့ ကျန်နေသေးတယ်လို့ သိရတယ်။ အခုက ထောင်ထဲမှာ ဗျူဟာမှူးလည်း မရှိတော့ဘူး၊ ထောင်နံရံတွေ တောင်ပွင့်ထွက်သွားတယ်လို့ ပြောတယ်” ဟု အကျဉ်းသား မိသားစုဝင်များနှင့် နီးစပ်သူတဦးက ပြောသည်။
သံတွဲအကျဉ်းထောင်မှ အကျဉ်းသားများထံ အစားအသောက်နှင့်ဆေးဝါးများကို ထောင်ဝင်စာ ပို့ခွင့်မရ သည်မှာ လနှင့်ချီကြာမြင့်နေသလို၊ စစ်ကောင်စီတပ်သားများနှင့် မိသားစုဝင်များလည်း ထောင်အတွင်း ခိုလှုံနေခြင်းကြောင့် မိသားစုဝင်များက စိတ်ပူလျှက်ရှိကြသည်။
သံတွဲအကျဉ်းထောင်တွင် နှစ်ရှည်ထောက်ဒဏ်ချခံထားရသည့် နိုင်ငံရေးအကျဉ်းသား မိသားစုဝင် တဦးက “အဝေးရောက်နေလို့ အတိအကျ မသိရသေးပေမယ့် သတင်း ထူးတော့ထူးတယ်၊ ဒီက ဆက်သွယ်လို့ မရတော့ သူ့ဆီက အဆက်အသွယ် လုပ်လာဖို့ကို ပဲ စောင့်နေရတယ်” ဟု ဒွါရာဝတီသို့ ပြောသည်။
ယနေ့လွတ်မြောက်လာသည့် အကျဉ်းသားအရေးအတွက်နှင့် ပြစ်မှုအမျိုးအစားများ အတိအကျကို မသိရသေးပေ။
စစ်ကောင်စီသည် ဇွန်လအတွင်း သံတွဲအကျဉ်းထောင်အတွင်း လက်နက်ကြီးနှင့်တကွ ခံတပ်သဖွယ် သဘောထားကာ အကာအကွယ်ယူအထိုင်ချကာ ဇူလိုင် ၇ ရက်တွင် ထောင်အတွင်းမှ ပစ်ခတ် မှုများပြုလုပ်ခဲ့သည်။
စစ်ကောင်စီတပ်များသည် အာရက္ခတပ်တော်(အေအေ)၏ အပြင်းအထန်ထိုးစစ်ဆင်ခြင်းကို ခံနေရပြီး၊ ဇွန်လအတွင်းက ၎င်းတို့၏ စစ်ရေးပြင်ဆင်မှုအတွက် အချက်အချာကျသည့် မဇင်လေဆိပ်ကို လည်းကောင်း၊ ခမရ ၅၆၆ တပ်ရင်းနှင့် ခလရ ၅၅ ကိုလည်းကောင်း လောလောလတ်လတ် ဆုံးရှုံးထားကာ တပ်သားများ ကစဉ့်ကလျားထွက်ပြေးနေကြရသည်။
သံတွဲမြို့နှင့်အနီးတဝိုက်ကိုလည်း လေကြောင်းဗုံးကြဲမှုများ ပြုလုပ်နေပြီး သာသနိက အဆောက်အဦများ၊ စာသင်ကျောင်းနှင့် လူနေအိမ်များ ပျက်စီးဆုံးရှုံးမှုများရှိနေသလို၊ အရပ်သားသေဆုံးမှုနှင့် ထိခိုက်ဒဏ်ရာ ရရှိမှုများ မြင့်တက်နေသည်။