
သံတွဲ၊ ဇူလိုင် ၂ ၊ ၂၀၂၄။
အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်တို့ကြား ၁ လတာကြာမြင့်လာပြီဖြစ်သည့် ငပလီ ကမ်းခြေတွင် စစ်ခန်းသိမ်းတိုက်ပွဲများ ထိုးစစ်ဆင်လျှက်ရှိရာ တိုက်ပွဲများပြင်းထန်နေမှုကို အခွင့်ကောင်းယူ၍ မသမာသူ အုပ်စုတစုက ULA/AA နာမည်ကိုအသုံးပြုပြီး သံတွဲ၊ ငပလီပတ်ဝန်းကျင်ရှိ ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်းရှင်များထံမှ အတင်းအဓမ္မ ငွေလိမ်လည် တောင်းခံကောက်ယူနေကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)က ထုတ်ပြန်သည်။
အဆိုပါထုတ်ပြန်ချက်တွင် ULA/AA နာမည်ကိုအသုံးပြုကာ အယောင်ဆောင် ငွေလိမ်တောင်းခံနေသောသူများသည် ယင်းသို့ လုပ်ရပ်များအား ချက်ချင်းရပ်တန့်ရန် ULA သတိပေးထားသည်။
၎င်းတို့အနေဖြင့် သံတွဲ၊ ငပလီပတ်ဝန်းကျင်ရှိ ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်းရှင်များထံမှ ယခုကဲ့သို့ အခွန်ကောက်ခံခြင်း၊ ငွေကြေးတောင်းခံခြင်းမျိုး မရှိကြောင်း အများပြည်သူသို့ အသိပေးကြောင်း ဖော်ပြထားသည်။
အကယ်၍ ယင်းသို့ ခြိမ်းခြောက်ငွေညှစ်တောင်းခံခြင်းများ ထပ်မံရှိလာပါက ULA/AA ဗဟိုဌာနချုပ်နှင့် သံတွဲဒေသ တာဝန်ခံများထံသို့ အချိန်မရွေး တိုက်ရိုက်ဆက်သွယ်ပြီး စုံစမ်းမေးမြန်းနိုင်ေကြာင်း အသိပေးထုတ်ပြန်ထားသည်။
ငပလီကမ်းခြေမြို့တွင် အာရက္ခတပ်တော်-အေအေနှင့် စစ်ကောင်စီတို့ကြား ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်မှာ ယနေ့ တလတိတိပြည့်ခဲ့ပြီဖြစ်သည်။ တိုက်ပွဲများသည် ဆက်လက်ပြင်းထန်လျှက်ရှိသည်။