
သံတွဲ၊ ၁၀၊ ဇူလိုင်၊ ၂၀၂၄။
သံတွဲမြို့နယ်၊ ကျောက်ဆိပ်ကျေးရွာရှိ လူနေအိမ်တလုံးပေါ်သို့ ယနေ့ (ဇူလိုင် ၁၀ရက်)ညနေပိုင်းက လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သား အမျိုးသမီးတဦးသေဆုံးကာ ၃ဦးဒဏ်ရာရရှိခဲ့ ကြောင်း ဒေသခံတဦးထံမှ သတင်းရရှိသည်။
“တယောက်သေပြီး၊ ၃ယောက် ဒါဏ်ရာရတယ်၊ အိမ်တည့်တည့်ကျတယ်လို့ သိရတယ်” ဟု ဒေသခံများနှင့် အဆက်အသွယ်ရရှိခဲ့သည့် အဝေးရောက်ဒေသခံ တဦးက ဒွါရာဝတီသို့ ပြောသည်။
သေဆုံးသွားသူသည် အသက် ၃၀ ဝန်းကျင်အရွယ် မစန်းစန်းအေးဖြစ်ကြောင်း ကနဦးသိထားရပြီး ဒဏ်ရာရသူများနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက် များကိုမူ တယ်လီဖုန်းလိုင်းနှင့် အင်တာနက်လိုင်းများ ပြတ်တောက်လုနီးပါးဖြစ်နေသည့် အခြေအနေကြောင့် ဒွါရာဝတီက သတင်းရယူနိုင်ခြင်းမရှိသေးပါ။
မြေပြင်တွင် စစ်စခန်းများကို တခုပြီးတခု ဆုံးရှုံးနေသည့် စစ်ကောင်စီသည် တိုက်ပွဲ ဖြစ်ပွားခြင်းမရှိသေးသည့် သံတွဲမြို့ပေါ်ရပ်ကွက်နှင့် ပတ်ဝန်းကျင် ကျေးရွာများကို လေကြောင်းဗုံးကြဲခြင်းများ နေ့ရောညပါ ဆက်တိုက်ပြုလုပ်နေသည်။
ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ငပလီကမ်းခြေ၊ ဂျိတ္တောရပ်ကွက်သို့ လက်နက်ကြီးကျည် ကျရောက်မှုကြောင့် အရပ်သားတဦးသေဆုံးပြီး၊ သံတွဲမြို့၊ အမှတ်(၄) ရပ်ကွက်၊ ညောင်ပင်ဈေးရှိ နေအိမ်တလုံးပေါ်သို့ကျရောက်ကာ သက်ကြီးပိုင် အိမ်ရှင်လင်မယား ၂ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့သလို ယနေ့ညနေပိုင်းတွင် ကျောက်ဆိပ်ကျေးရွာဖြစ်စဉ် ထပ်မံဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
ကျောက်ဆိပ်ကျေးရွာသည် သံတွဲမြစ်အောက်ပိုင်းရှိ ကျေးရွာတခုဖြစ်ပြီး၊ ပြီးခဲ့သည့် ဇွန်လ ဆန်းပိုင်းက ကြည်း၊ ရေ၊ လေ တိုက်ခိုက်မှုကြောင့် ဒေသခံဒါဇင်ပေါင်းများစွာ သေဆုံးခဲ့သည့် ဆင်ခေါင်းကျေးရွာနှင့် (စက်လှေမောင်းလျှင် ) ၁နာရီခန့်အကွာအဝေးတွင်တည်ရှိသည်။
ဇူလိုင် ၇၊ ၈၊ ၉၊ ၁၀ ရက် များတွင် စစ်ကောင်စီက ဆိုက်တိုက်ဆိုသလို လက်နက်ကြီး များဖြင့် ပစ်ခတ်ခြင်း၊ လေကြောင်းဗုံးကြဲခြင်း၊ ရေတပ်မှ လက်နက်ကြီးပစ်ခတ်ခြင်း တို့ကို ပြုလုပ်နေပြီး လူသေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှု၊ နေအိမ်များ ပျက်စီးဆုံးရှုံးခြင်း၊ သာသနိက အဆောက်အအုံများ ပျက်စီးခြင်းတို့ ဖြစ်ပွားနေသည်။
ဓာတ်ပုံ- ဒေသခံတဦး၏ လူမှုကွန်ရက်