CrimeNews

AA ၏ အကျင့်ပျက်ဝန်ထမ်းများအား တိုင်ကြားနိုင်

ဒွါရာဝတီ၊ စက်တင်ဘာ ၁၄၊ ၂၀၂၄။

အာရက္ခတပ်တော်(အေအေ)၏ အမည်ကိုသုံးစွဲကာ အကျင့်ပျက်ချစားခြင်း၊ လုပ်ပိုင်ခွင့်နှင့် အာဏာကို အလွဲသုံးကာ အများပြည်သူကို မောက်မာရင့်သီးစွာ ပြောဆိုဆက်ဆံခြင်းကိစ္စများကြုံရပါက ကျူးလွန် သူ၏အမည်၊ နေ့ရက်၊ နေ့ရာတို့ကို အသေးစိတ်တိုင်ကြားပါက စုံစမ်းစစ်ဆေးမှုများပြုလုပ်ကာ လိုအပ်သည့် တည့်မတ်လမ်းညွှန်မှုနှင့် အရေးယူအပြစ်ပေးမှုများကို သေချာလုပ်ဆောင်သွားမည် ဖြစ်ကြောင်း အေအေ၏ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဒွါရာဝတီသို့ ပြောသည်။

“မောက်မာရင့်သီးစွာပြောဆိုဆက်ဆံရေဆိုစွာကိစ္စ ဇာနိက ဇာနီရာမှာ ဇာသူရိုကပြောခစွာလဲဆိုစွာ စကေအသေးစိတ်ပြောပြနိုင်ကေ ကျနော်ရိုက စုံစမ်းစစ်ဆီးမှုတိလုပ်ခါ ပိုလိုအထောက်အကူဖြစ်ဖို့၊ ယင်းပိုင်ပြောဆိုဆက်ဆံခကြောင်း အမှန်တကယ်စစ်ဆီးပေါ်ပေါက်ကေ လိုအပ်တေ တည့်မတ် လမ်းညွှန်မှုနှင့် အရေးယူအပြစ်ပီးမှုတိကို သေချာပေါက်လုပ်ဆောင်လားဖို့ဖြစ်ပါရေ”ဟု စက်တင်ဘာလဆန်းက ဦးခိုင်သုခက ဒွါရာဝတီ၏ ဆက်သွယ်မေးမြန်းချက်ကို ပြန်လည်ဖြေကြား ခဲ့သည်။

သံတွဲမြို့သိမ်းတိုက်ပွဲမတိုင်မီက ဇွန်လဝန်းကျင်တွင် သံတွဲမြို့နယ်၊ ကျေးရွာတခုအတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်နှင့် ပတ်သက်၍ ကာယကံရှင်မိသားစုနှင့် နီးစပ်သူတဦးက “အေအေနာမည်ခံပြီး လုပ်စားတွေ များနေတယ်၊ ကျမတို့ဖက်က မိသားစုမှာ အေအေက သိန်း ၅၀တောင်းတယ်၊ မပေးနိုင်ပြောလို့ စပါး ၁၀၀နဲ့ ကား ၁စီးယူသွားတယ်၊ သူတို့ မနေရဲလို့ ရှိတာတွေအကုန်ထားခဲ့ရပြီးပြေးလာတာ”ဟု ဒွါရာဝတီ သို့ ပြောသည်။

သူက ဆက်လက်၍ “ဒီက တိုင်မယ်ပြောတာကြားမှ ဘာမှမပျောက်အောင် ထိန်းသိမ်းထားပေးပါမယ် တဲ့၊ ကာယကံရှင်တွေပြောတာက နောက်ထပ် ပြဿနာတွေမဖြစ်ချင်တော့လို့ ပြီးတာတွေ ပြီးပါစေတော့တဲ့၊ သဘောကတော့ သူတို့ တအားကြောက်နေတာ”ဟု ပြောသည်။

ရခိုင်ပြည်တောင်ပိုင်းဒေသ၊ သံတွဲမြို့နယ်အတွင်း အေအေလက်အောက်ခံ အုပ်ချုပ်ရေး ဝန်ထမ်းအချို့ သည် အရပ်သားများထံမှ ဆန်နှင့် ငွေကြေး အဓမ္မ တောင်းခံခြင်းများရှိခဲ့ပြီး၊ နာမည်နှင့် ကျေးရွာ အတိအကျပြောကာ တိုင်ကြားထားပြီးဖြစ်ကြောင်း ဖြစ်စဉ်ကို ခိုင်လုံစွာသိရှိသည့် အခြား ဒေသခံတဦးကလည်း ဒွါရာဝတီသို့ ပြောသည်။

အာရက္ခတပ်တော်(အေအေ)၏ အုပ်ချုပ်ရေးဘက်မှ အကျင့်ပျက်ဝန်ထမ်းအချို့ သည် ရခိုင်ပြည်နယ် မြို့သိမ်းတိုက်ပွဲကာလများအတွင်း လုပ်ပိုင်ခွင့်နှင့် အာဏာကို အလွဲသုံးစားလုပ်ကာ ပြည်သူ့စည်းစိမ် ဥစ္စာများကို ယူသုံးခြင်းများ ပြုလုပ်လျှက် ရှိခြင်း ကြောင့် အဆိုပါ အကျင့်ပျက်ဝန်ထမ်းတိုင်းကို ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း အေအေ၏ (စက်တင်ဘာ ၁၃ရက်နေ့စွဲဖြင့်)ယနေ့ထုတ်ပြန် ကြေငြာချက်ထဲတွင် ဖော်ပြထားသည်။

အာရက္ခတပ်တော်(အေအေသည်)တိုက်ပွဲများအတွင်း လိုက်နာကျင့်သုံးရမည့် စစ်သည်တော် ကျင့်ဝတ် များနှင့် ပြည်သူလူထုနှင့် ပြည်သူ့အသက်အိုးအိမ်၊ စည်းစိမ်များကို ကာကွယ်စောင့်ရှောက် ရမည့် ဝတ္တရားများကို တိကျစွာ ပြဋ္ဌာန်းထားပြီး လိုက်နာကျင့်သုံးကြရန် အဆင့်ဆင့်ညွှန်ကြားထားပြီး ဖြစ်သော်လည်း ရခိုင်ပြည်နယ်အတွင်း မြို့သိမ်းတိုက်ပွဲများ ကာလအတွင်း ပြည်သူ့စည်းစိမ်ဥစ္စာ၊ ရွှေ၊ ငွေ၊ လက်ဝတ် ရတနာနှင့် လူ့အသုံးအဆောင်ပစ္စည်းများကို သက်ဆိုင်ရာ တာဝန်ရှိသူများထံ အပ်နှံခြင်း မပြုဘဲ အလွဲသုံးစားလုပ်ထားသည့် အေအေတပ်သားအချို့အား အပြစ်ပေးအရေးယူထားကာ ပစ္စည်းများကို ကာယကံရှင်များလက်သို့ ပြန်ပေးခြင်းများလည်း ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။ အလားတူ မပြီးပြတ်သေးသော ပျောက်ဆုံးမှုများကို ဆက်လက် စစ်ဆေးနေဆဲ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပြည်သူ့လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးအတွက် “Department of Law Enforcement and Public Security (DLEPS)” ပြည်သူ့လုံခြုံရေး နှင့် တရားဥပဒေစိုးမိုးရေးဌာနကိုဖွဲ့စည်းကာ တပ်ဖွဲ့ဝင်အသစ်များကို ခေါ်ယူပြီး ဌာနကို တိုးချဲ့ဖွဲစည်းပြီး၊ ပြည်သူလူထုနှင့် ပူးပေါင်းကာ ပိုမိုလုံခြုံ စိတ်ချရသော အနေအထားမျိုး ရရှိလာစေရန်အတွက်ကိုလည်း ယခုထက်ပိုမို အားစိုက်ကြိုးစား ဆောင်ရွက်သွားမည်ဟု ဖော်ပြထားသည်။

ပြည်သူများသည် မိမိတို့၏ အဖိုးတန်ပစ္စည်းများ၊ ရွှေ၊ ငွေနှင့် လက်ဝက်ရတနာများသည် တိုက်ပွဲအတွင်း ရှာဖွေမရအောင် ပျက်စီးဆုံးရှုံးသွားခြင်းမျိုးမဟုတ်ဘဲ၊ အိမ်တွင် သိမ်းဆည်းကာ ဝှက်ထားခဲ့သော ပစ္စည်းများကိုပြန်လည် မတွေ့ပါက သက်ဆိုင်ရာဒေသရှိ နယ်မြေအုပ်ချုပ်ရေးမှုးများထံသို့ သတင်းပေးပို့ကြစေလိုကြောင်း ဖော်ပြထားသည်။

အလားတူ အေအေထိန်းချုပ်နယ်မြေများအတွင်း ရာဇဝတ်မှု၊ တရားမမှုများကိုလည်း တိုင်ကြားနိုင်ပြီး၊ အွန်လိုင်းမှ တိုင်ကြားလိုပါက တယ်လီဂရန်အကောင့် @justice4arakan သို့ တိုက်ရိုက်ဆက်သွယ် နိုင်ပြီး၊ QR ကုဒ်မှာ အောက်ဖော်ပြပါအတိုင်းဖြစ်သည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button