သံတွဲ၊ ဇွန် ၂၆ ၊ ၂၀၂၄
သံတွဲမြို့နှင့် ကပ်လျက်ကျေးရွာတခုဖြစ်သည့် ရွှေကျောင်းပြင်ကျေးရွာမှ စစ်ဘေးရှောင်လာရသည့် ကိုယ်ဝန်ဆောင်မိခင်တဦး မနေ့ညက အောင်မြင်စွာ မွေးဖွားနိုင်ကြောင်း မိသားစုနှင့် နီးစပ်သူတဦးက ပြောသည်။
သံတွဲမြို့စွန်ရှိ ဘုန်းတော်ကြီးကျောင်းတခုတွင်ခိုလှုံရင်း အရပ်လက်သည်ဖြင့် သမီးမိန်းကလေးတဦးကို အောင်မြင်စွာမွေးဖွားနိုင်ခဲ့ခြင်းဖြစ်သည်။
” ဘုန်းကြီးကျောင်းမှာ ခိုလှုံ နေရင်းနဲ့ ညတုန်းက ရွာထဲက အိမ်တအိမ်မှာ အရပ်လက်သည်နဲ့ သွားမွေးရတယ်လို့ သိရပါတယ်၊ ကလေးရော၊ အမေရော ကျန်းမာတယ်၊ အခုတော့ ဘုန်းကြီးကျောင်းမှာ ပြန်ရောက်နေပြီ၊ ကလေးက ကာကွယ်ဆေးထိုးခွင့်ရပြီလားဆိုတာ မသိသေးပါဘူး၊ အရင်ကတော့ ဆရာဝန်ဆရာမနဲ့ စနစ်တကျ ပြခဲ့တယ်လို့တော့ပြောတယ်” ဟု အထက်ပါ နီးစပ်သူက ဒွါရာဝတီသို့ ပြောသည်။
ရွှေကျောင်းပြင်ကျေးရွာသည် တိုက်ပွဲဧရိယာအတွင်း ကျရောက်နေပြီး သံတွဲမြို့နှင့် အနီးကပ်ဆုံးကျေးရွာတခုလည်း ဖြစ်သည်။
အဆိုပါ ကျေးရွာသို့ ဇွန်လတတိယပတ်အတွင်းက လေကြောင်းဗုံးများ ကျရောက်ခဲ့ကာ ရွာသား ၂ဦးသေဆုံးပြီး၊ ၃ဦးထိခိုက်ဒဏ်ရာရှိခဲ့သည်။ နေအိမ်အများအပြား ပျက်စီးခဲ့သည်။ ထို့နောက် ရွာလုံးကျွတ် တိမ်းရှောင်နေကြရသည်။
ပုံ- လက်နက်ကြီးသံ၊ အမြှောက်သံ၊ ဗုံးသံများကြားမှ လူလောကကြီးထဲရောက်ရှိလာသော သမီးငယ်လေးနှင့် သူ့မိခင်။