BattleNews

သံတွဲ-ကင်းမော်ကားလမ်းမကို စစ်တပ်ဖျက်ဆီးလိုက်သဖြင့် ဒေသခံများ စစ်ရှောင်ရန် ခက်ခဲနေ

သံတွဲ၊ ၂၂၊ ဇွန်၊ ၂၀၂၄။

သံတွဲမြို့အနီးဝန်းကျင်တွင် မနေ့က အာရက္ခတပ်တော်(အေအေ)နှင့် အာဏာသိမ်းစစ်တပ်ကြား ထိတွေ့ တိုက်ပွဲပြင်းထန်ခဲ့ပြီးနောက် သံတွဲ-ကင်းမော် လမ်းအပိုင်းရှိ ကားလမ်းမကို စစ်ကောင်စီက ဖျက်ဆီးလိုက် ကြောင်း ဒေသခံများထံမှ သတင်းရ ရှိသည်။

“ခြံပြင်နဲ့ လက်ပံစုကြားက သင်္ချိုင်းနားက လမ်းကို စစ်တပ်က မနေ့ညနေက တူးပစ်လိုက်ပြီလို့ သိရတယ်၊ ကင်းမော်ဘက်က လူတွေလည်း လမ်းလျှောက်လာကြတယ်၊ မနေ့က ရွှေကျောင်းပြင်အထိ ရောက်ကြ တယ်၊ ရွှေကျောင်းပြင်ဘက်ကလူတွေက မြို့ထဲကို ပြောင်းတဲ့သူပြောင်း လာကြတယ်၊ လူတွေ အများကြီးပဲ” ဟု သံတွဲမြို့ပေါ်ရပ်ကွက်မှ ဒေသခံ တဦးက ဒွါရာဝတီသို့ ပြောသည်။

အဆိုပါလမ်းမှ ၃ ဘီးဆိုင်ကယ်များသွားလာ၍ မရတော့ဘဲ၊ ဆိုင်ကယ်ဖြင့် သွား၍ ရနေသေးကြောင်း သိရသည်။

စစ်တပ်က ဖျက်ဆီးလိုက်သည့် အဆိုပါ သံတွဲ-ကင်းမော် လမ်းအပိုင်းသည် လက်ရှိ စစ်ဘေးနှင့် နီးကပ်နေသည့် ကျေးရွာများမှ ဒေသခံပြည်သူလူထု စစ်ဘေးရှောင်ရန် အဓိက အသုံးပြုရမည့် တခုတည်းသော ကားလမ်းလည်းဖြစ်သည်။

မနေ့က လက်နက်ကြီး၊ လက်နက်ငယ်ပစ်ခတ်သံများကို သံတွဲမြို့ပေါ်မှ တနေကုန် အဆက်မပြတ် ကြားနေရပြီး မြို့နှင့် တမိုင်ဝန်းကျင်ခန့်တွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်ဟု သံတွဲဒေသခံများက ခန့်မှန်းထားကြပြီး၊ ဇွန် ၂၀နှင့် ၂၁ရက်တွင် စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုကြောင့် ရွှေလှေ၊ နတ်ပြင်နှင့် ကျောင်းတိုက် ကျေးရွာတို့မှ အရပ်သား သက်ကြီးပိုင်း ၅ ဦး သေဆုံးခဲ့သည်။

“လက်နက်ကြီးသံ၊ လေယာဉ်ဗုံးကြဲသံတွေကတော့ နေ့ရော ညရော တောက်လျှောက်ကြားနေတာ ကြာပြီ၊ လက်နက်ငယ်သံကတော့ မနေ့ကမှ မြို့နဲ့ နီးနီးကပ်ကပ် တနေကုန်ကြားနေရတာ၊ ဘယ်နေရာမှာ ဖြစ်နေကြတယ် ဆိုတာ ဘယ်သူမှ အတိအကျ မပြောနိုင်ဘူး၊ ဖုန်းလိုင်းတွေလည်း ပြတ်နေတော့ တနေရာနဲ့တနေရာ လွယ်လွယ် ဆက်သွယ်မရဖြစ်နေတယ်” ဟု သံတွဲဒေသခံတစ်ဦးက ပြောသည်။

သံတွဲမြို့တွင် အာရက္ခတပ်တော်(အေအေ)နှင့် အာဏာသိမ်းစစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများ ဖြစ်ပွားနေသည်မှာ ၂ လခွဲဝန်းကျင် ကြာမြင့်လာပြီဖြစ်သည်။ သံတွဲဒေသအတွင်း တိုက်ပွဲများကြောင့် အရပ်သား ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ပြီး၊ ကိုယ်လက်အင်္ဂါဆုံးရှုံးရခြင်းများ ဖြစ်ပွားခဲ့သည်။

ဓာတ်ပုံ-စစ်ကောင်စီဖျက်ဆီးခဲ့သည့် လက်ပံစုနှင့် ခြံပြင်ကြားက ကားလမ်းကို တွေ့ရစဉ်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button
preload imagepreload image