EssayLifestyle

ကျနော် နှင့် ချစ်လှစွာသော ဆောင်းပါး

နိုဝင်ဘာ ၂၉၊ ၂၀၂၄။

ဒီစာကို ရေးမယ်ကြံတော့ ဆရာသာဓုရဲ့ “ဧည့်သည်” ဇာတ်ကားကို သွားပြီးအမှတ်ရမိပါတယ်။ ကိုယ့်အိမ်ကို ရောက်လာတဲ့၊ ကိုယ့်အိမ်မှာ ခဏ လာရောက်တည်းခိုတဲ့ ဧည့်သည်တွေရဲ့ ဒဏ်ကို ခံရရှာတဲ့ အိမ်ရှင်အကြောင်း ရိုက်ပြထားတဲ့ ဇာတ်ကားပါ။

ပြောရရင် တမြို့တရွာမှာ အကြောင်းကိစ္စအမျိုးမျိုးနဲ့သွားပြီး ဧည့်သည်လုပ်တဲ့ဓလေ့က ကျနော်တို့ရဲ့ မြန်မာမှု ဝန်းကျင်မှာ အခုချိန်ထိ အမြစ်တွယ်နေဆဲပါပဲ။ ကျနော်ကိုယ်တိုင်လည်း ကိုယ့်ဆီရောက်လာတဲ့ ဧည့်သည်တွေရဲ့ သိတတ်မှု၊ မသိတတ်မှု အလုံးစုံကို ခံစားခဲ့ရသလို ကျနော်ကိုယ်တိုင် ဧည့်သည်သွားလုပ်တဲ့ အိမ်ရှင်တွေခမျာမှာ လည်း သည်းခံမှုအပေါင်းကို သရဖူဆောင်းခဲ့ရမှာပါ။

အခုရေးမယ့်စာက အဲဒီလို သက်ရှိဧည့်သည်တွေလိုပဲ စိတ်ထဲမှာ ဝန်ထုပ်ဝန်ပိုးဖြစ်ရတဲ့ သက်မဲ့ ဧည့်သည် အကြောင်းကို ဖောက်သည်ချချင်လို့ပါ။

သက်မဲ့ ဧည့်သည်ဆိုတာ ကျနော်တို့ဒေသအခေါ်အရတော့ “ဆောင်းပါး” ဖြစ်ပါတယ်။ ဆောင်းပါးကို မြန်မာအဘိဓာန်ထဲမှာတော့ – “လူလွှတ်၍ ဖြစ်စေ၊ လူကြုံတွင် အပ်၍ဖြစ်စေ ရပ်ဝေးသို့ ပေးလိုက်သော ပစ္စည်း၊ စာ။ သတင်းစာ၊ မဂ္ဂဇင်းစသည်တို့တွင် ဖော်ပြသည့် ဗဟုသုတဆိုင်ရာစာတမ်း” ဆိုပြီး ဖွင့်ဆိုထားပါတယ်။

ဒီနေရာမှာ ကျနော် ဦးတည်ချင်တဲ့ ဆောင်းပါးက သတင်းစာ၊ မဂ္ဂဇင်းတွေမှာ ပုံနှိပ်ဖော်ပြတဲ့ ဆောင်းပါးမျိုး မဟုတ်ဘဲ အရပ်တပါးကနေပြီး လူကြုံနဲ့ ထည့်ပေးလိုက်တဲ့ ပစ္စည်းဆောင်းပါးကို ဆိုလိုတာပါ။

ဟိုတုန်းကတော့ “ဆောင်ပါး” လို့ သုံးနှုန်းတာတွေ့ဖူးပါတယ်။ လက်ဆောင်ကို လူကြုံနဲ့ ပါးလိုက်လို့ ဆောင်ပါး ဖြစ်ပုံရပါတယ်။ ဒါပေမဲ့ “ဆောင်ပါး” ပဲဖြစ်ဖြစ်၊ “ဆောင်းပါး” ပဲဖြစ်ဖြစ် အခေါ်အဝေါ် အသုံးအနှုန်းက ပြဿနာမဟုတ်ပါဘူး။ ပြဿနာက အဲဒီဆောင်းပါးကြီး ကိုယ့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာချိန်က စတာပါ။

မောင်ဆောင်း အဘိုး​လေး စာ​ရေးလိုက်တယ်။ လူကြုံရလို့ မန်ကျည်းသီးသုံးပိဿာ၊ ငါးပိသုံးပိဿာ၊ ဆင်ခရမ်းသီးတခြင်းနဲ့ ချဥ်​ပေါင်ရွက်​တွေထည့်​ပေးလိုက်တယ်။ မန်ကျည်းသီးနဲ့ ငါးပိကို တပိဿာစီခွဲပြီး ​​မြောက်ဒဂုံ ၃၀ ကွက်က နင့်အရီးတို့ အိမ်ရယ်၊ မင်္ဂလာဒုံ၊ ပုလဲမြို့သစ်က နင့် ဦး​လေးတို့ အိမ်ရယ်၊ သာ​ကေတ ရှုခင်းသာနားက ငါ့ သူငယ်ချင်း ဖိုး​မောင်က​လေးတို့ အိမ်ရယ် သွား​ပေးလိုက်ပါ။ 

ချဥ်​ပေါင်နဲ့ ဆင်ခရမ်းသီးကိုလည်း နည်းနည်းစီ ထည့်​ပေးလိုက်​ပေါ့။ ကျန်းမာ​ရေး ဂရုစိုက်ပါ​မောင်​ဆောင်း အဘိုး​လေး ဦး​ရွှေအုတ် စာကြွင်း – အသီးအရွက်​တွေ မနွမ်းခင် မြန်မြန် ပို့လိုက်ပါ။

ဒါ စောစောက ကျနော် ပြောခဲ့သလို ကျနော့်ဆီ ဆိုက်ဆိုက်မြိုက်မြိုက်နဲ့ တကူးတက ရောက်လာတဲ့ ဧည့်သည် ကြီးပေါ့။ ရခိုင်မှာနေတဲ့ အဘိုးလေးက ရန်ကုန်မှာ အခြေချနေထိုင်တဲ့ ကျနော့်ဆီကို ဒေသထွက်ပစ္စည်းလေးတွေ ပို့ပြီး ဆွေမျိုးမိတ်သင်္ဂဟတွေဆီကို ပေးခိုင်းတာပါ။

ဒီနေရာမှာ မေးစရာလေးတော့ ရှိသပေါ့ဗျာ။ မန်ကျည်းသီးတွေ၊ ငါးပိတွေ၊ ချဉ်ပေါင်တွေဆိုတာ  ရန်ကုန်မှာလည်း ရရဲ့သားနဲ့ ဘာလို့အလေးခံပြီး ပို့နေရသလဲ ဆိုတာပါပဲ။ ရတော့ရတာပေါ့ မိတ်ဆွေရယ်၊ ပြဿနာက “အစွဲ” ပေါ့။

နေရာဒေသအစွဲ၊ အစားအစာအစွဲ စတဲ့ အစွဲတွေထဲမှာ ဒေသထွက် အစားအစာကို စွဲတဲ့အစွဲက ဒုက္ခ မသေးလှ ပါဘူး။ မိတ်ဆွေလည်း တနယ်တကျေးကိုရောက်ရင် အဲဒီအစွဲလေးရဲ့ ခေါင်းထောင်မှုကို မလွဲမသွေကြုံတွေ့ ရနိုင်ပါတယ်။ အစွဲဆိုတာကလည်း တော်တော်နဲ့ ချွတ်ဖို့အခက်သားကလား။

ရန်ကုန်ချဉ်ပေါင်က ချက်ရင် ညိုညစ်ညစ်နဲ့၊ တို့ဆီက ချဉ်ပေါင်ကမှ ချက်လိုက်ရင် နီနီရဲရဲနဲ့ စားချင်စရာလေး။ တို့ဆီက မျှင်ငါးပိကမှ ဟင်းခတ်ရင် လေးလေးပင်ပင်နဲ့။ ဒါတွေက ဒေသထွက် အစားအစာ ခရေဇီတွေရဲ့ လေသံတွေ ပေါ့ဗျာ။

ဒါကြောင့် ဆန္ဒရှိသူတွေနဲ့ ဖြည့်ဆည်းသူတွေရဲ့ကြားမှာ ကျနော် က ဝန်ဆောင်မှု တံတားလေး ထိုးတဲ့အနေနဲ့ မြောက်ဒဂုံ၊ မင်္ဂလာဒုံ၊ သာကေတဆိုတဲ့ တောင်တနေရာ မြောက်တနေရာ နေရာတွေကို ဘတ်စ်ကားတတန်၊ ဆိုက်ကားတတန်စီးပြီး ဆောင်းပါးတွေကို ပို့ပေးရပါတယ်။

ဒီနေရာမှာ ကျနော်ပြောချင်တဲ့ ပြဿနာက သွားရလာရလို့၊ သယ်ရပိုးရလို့၊ ပင်ပန်းလို့ အစရှိတာတွေကို ဆိုလိုချင်တာ မဟုတ်ပါဘူး။ ပြဿနာလို့ဆိုရင်တောင် ဒါက သေးသေးမွှားမွှား ပြဿနာလေးတွေပါ။ အဓိကက ကျနော် က ရုံးအလုပ်တဖက်နဲ့ဆိုတော့ အချိန်နည်းပါးတဲ့ ပြဿနာပါ။

လူကြုံပစ္စည်း ဆောင်းပါးတွေ ရောက်လာပြီဆိုရင် ကျနော့်မှာ ဘယ်လို လမ်းကြောသင့်မလဲ၊ ဘယ်အချိန်သွား ပို့ရင် အဆင်ပြေမလဲ ဆိုတာ ချိန်ဆရပါတယ်။ တစ်ခါတစ်ရံ ရုံးသွားချိန် စောထွက်ပြီး သွားပို့ရတယ်။ တစ်ခါတလေ ရုံးဆင်းချိန် သွားပို့ရတယ်။ တစ်ခါတလေ ရှားရှားပါးပါး အားတဲ့ တနင်္ဂနွေရက်မျိုးမှာ သွားပို့ရတယ်။

အဲဒီလို စီစဉ်ပြီးသွားပို့ရင်တောင် အထစ်အငေါ့က ကြုံရပါသေးတယ်။ ဟိုး … ရှစ်လွှာထိ အထုပ်ကြီးထမ်း တက်သွားပြီးခါမှ တံခါးသော့ ခတ်ထားတာမျိုး၊ အခန်း ပြောင်းသွားတာမျိုးကြုံရင် မော​ကြောပါပဲ မိတ်ဆွေရယ်။

တစ်ခါကလည်း နယ်ကပို့လိုက်တဲ့ ရာသီစာ အသီးအနှံလေးတွေကို  သွားပို့တာ လိပ်စာရှာမရလို့ အိမ်မှာ ပြန်သယ်ထားလိုက်တာ နွမ်းရိပြီး ဘာမှသုံးမရ ဖြစ်ကုန်တယ်။ ကျနော် လည်း ဘယ်စိတ်ကောင်းမလဲ။

လိပ်စာရှာမရဘဲ ခြေရာလည်းပျောက် ရေလည်းနောက်ဖြစ်သွားတာကိုး။ အဲဒီမှာ ပြဿနာက ဘာဖြစ်ပြန်လဲ ဆိုတော့ မောင်ဆောင်းတယောက် စားစရာတွေ လာမပို့ဘဲ သူချည်းတုတ်ပစ်လိုက်တယ် ဆိုတဲ့အသံက နားဝကို အားရပါးရ လာဆောင့်ပြန်ပါရော။ ဒါက ဆောင်းပါးကြောင့် မျက်နှာမရဘဲ ခြေထောက်ရသွားတတ်တာလေးကို သတိတရ ပြောပြတာပါ။

တစ်ကြိမ်တလေမှာတော့ လေးလေးပင်ပင် အထုပ်ကြီးတွေမဟုတ်ဘဲ ပေါ့ပေါ့ပါးပါး စာအိတ်လေးတွေ ရောက်လာတတ်ပါတယ်။ အဲဒီအချိန်မျိုး ဆိုရင်တော့ ကျနော် ပျော်တာပေါ့ဗျာ။ စာမှာ လိပ်စာအပြည့်အစုံပါရင် မြို့နယ်စာတိုက်က တဆင့်ဖြစ်ဖြစ်၊ အလျည်းသင့်တဲ့ နီးစပ်ရာလူနဲ့ပဲဖြစ်ဖြစ်၊ မရတဲ့အဆုံးကျမှ ကိုယ်တိုင် အားတဲ့အချိန်လေးပဲဖြစ်ဖြစ် ပို့လိုက်လို့ရပါတယ်။

အထုပ်အပိုးတွေနဲ့ မဟုတ်တော့ သိပ်ပြီး ကရိကထ မများတော့ဘူးပေါ့ဗျာ။ ဒါပေမဲ့ …၊ ဒီ … ဒါပေမဲ့က ပြဿနာစပြီမှန်း မိတ်ဆွေရိပ်မိမှာပါ။ ပြီးခဲ့တဲ့ နှစ်လယ်လောက်က ကျနော့်ဆီကို စာအိတ်ပါးလေးတစ်အိတ် ရောက်လာပါတယ်။ ကျနော့်ဆီကို လိပ်မူလာတဲ့ စာလေးပါ။ စာထဲမှာ ကျနော့်ငယ်သူငယ်ချင်းရဲ့ နှစ်လသား အရွယ် ကလေးအတွက် နေ့သင့်နံသင့် နာမည်လှလှ ရွေးပေးဖို့ နာမည်ကြီး ဗေဒင်ဆရာဆီ သွားပေးပါဆို တဲ့အကြောင်း ရေးထားတာပါ။

ကျနော် လည်း အပန်းမကြီးပါဘူးဆိုပြီး ဗေဒင်ဆရာဆီကို ကလေးရဲ့ မွေးနေ့၊ မွေးရက်၊ မွေးချိန်တွေ သွားပေးပြီး ရက်ချိန်းယူလိုက်တယ်။ ပြီးတော့ ဗေဒင်ဆရာ ချိန်းတဲ့ရက်မှာ နောက်တစ်ခေါက် သွားယူရတာပေါ့။ အဲဒီမှာ ရောက်လာတာက သကောင့်သား ပြဿနာပေါ့ဗျာ။

ဗေဒင်ဆရာဆီကအပြန် ကျနော် စီးလာတဲ့ ဆိုက်ကားက ကားတစီးကိုအရှောင်မှာ မတော်တဆ မှောက်ပါ လေရော။ ကျနော် လည်း မတော်တဆ လက်ကျိုးပါလေရော။ ဗေဒင်ဆရာ ရေးပေးတဲ့ ကလေးရဲ့ အမည်သညာ ခေါ်စရာကတော့ စာရွက်ထဲမှာ ဘယ်လိုရေးပေးထားလည်း မသိပါဘူး။

ကျနော် ကတော့ ရုံးပျက်၊ ငွေကုန်ပြီး တော်တော် အီဆိမ့်သွားပါတယ်။ စာအိတ်ပါးပါးပေမယ့် ဒုက္ခ တော်တော်ထူသွားတဲ့ ဆောင်းပါး ကိစ္စပေါ့ဗျာ။

ဘယ်လိုပဲဖြစ်ဖြစ် ကျနော့်မှာ ဆောင်းပါးနဲ့ မကင်းနိုင်ပါဘူး။ လမ်းကြောကြုံတဲ့ အခါမျိုးများမှာ ရုံးကို အထုပ်တထုပ်နဲ့ ရောက်လာလိုက်၊ ရုံးဆင်းရင် အထုပ်ဆွဲပြီး ဆောင်းပါး သွားပို့လိုက်ဦးမယ် ပြောရင်း ထွက်သွားလိုက်ဆိုတော့ ကျွန်တော့် ဝတ္ထုတိုလေးတွေ၊ ကဗျာလေးတွေ ဖတ်ဖူးနေတဲ့ ရုံးက ညီငယ်တစ်ယောက်က  “အစ်ကိုက ခုတလော ဆောင်းပါးတွေ တော်တော် ရေးဖြစ်နေတယ်နော်” လို့ မှတ်ချက်ပြုပါတယ်။

ကျနော့်မှာ လူကြုံဆောင်းပါးတောထဲ မောရတဲ့ကြားကနေ ပြုံးရွှင်ရယ်မောရပါသေးတယ်။ ကျနော် က ကျနော့်ရဲ့ ချစ်လှစွာသော ဆောင်းပါးအကြောင်းကို စုံစုံစေ့စေ့ပြောပြလိုက်တော့ ညီငယ်က တဟားဟားနဲ့ သဘောကျ နေလိုက်တာ မဆုံးတော့ပါဘူး။

ပြီးတော့မှ …” မတရားရယ်နေလို့ တစ်မျိုးမထင်နဲ့ဦး အစ်ကိုရေ၊ ကျနော် လည်း ဒါမျိုးတစ်ခါ ကြုံဖူးသဗျ” ဆိုပြီး သူ့အဖြစ်အပျက်ကို ပြောပြပါတယ်။ တစ်ခါသားမှာ သူ့ဆီကို တော်တော်ကိုလေးပင်တဲ့ အထုပ်ကြီးတစ်ထုပ် ရောက်လာသတဲ့။

မြို့သစ်က အမျိုးအိမ်တစ်အိမ်ကို ပို့ပေးရမယ်ဆိုပဲ။ သူ့မှာ အဲဒီအထုပ်ကြီးကို ဘတ်စ်ကားနဲ့ နှစ်တန်သုံးတန် လည်း မသယ်နိုင်တော့ တက္ကစီခ အကုန်ခံပြီး သွားပို့ရသတဲ့။ ပို့ပြီးလို့ ပြန်ခါနီးမှာ သူက မနေနိုင် မထိုင်နိုင် … “လေးလိုက်တာဗျာ၊ ဘာထုပ်ကြီးတုံး” လို့ မေးလိုက်တဲ့အခါ မြို့သစ်မြေက စိုက်လို့ပျိုးလို့မကောင်းတဲ့အတွက် နယ်က မြေဆွေးတွေကို မှာလိုက်တာဆိုတော့ သူ့မှာ ပက်လက်လန်ပြီး ပြန်လာခဲ့ရရှာသတဲ့။ ကဲ ဆောင်းပါး … ဆောင်းပါး။

ဆောင်းပါးအကြောင်းကတော့ ပြောမဆုံးပေါင် တောသုံးထောင် ပါပဲဗျာ။ ကျနော် တို့ ပြည်တွင်းကလူတွေ ကြုံရာတာတင်မကဘူး။ ပြည်ပကနေ ခဏအလည် ပြန်လာတဲ့သူတွေတောင် လူကြုံဆောင်းပါးကိစ္စနဲ့ မကင်းနိုင်ကြပါဘူး။

ကျနော့်ဦးလေးတယောက် တရုတ်နှစ်ကူးမှာ ခွင့်နဲ့ပြန်လာပြီး ခွင့်စေ့လို့ပြန်ချိန်ရောက်တော့ သူ့မိတ်ဆွေ တယောက်က ဟိုမှာရှိတဲ့ သူ့သားချင်းတယောက်ဆီကို ဖိနပ်လက်ဆောင်ပို့ချင်လို့ လာပေးပါတယ်။ ဟိုမှာ ဖိနပ်ဝယ်စီးရတဲ့ စျေးနှုန်းကကြီးတော့ ဦးလေးက သူ့မှာ ကီလိုတက်ချင်တက်ပါစေ၊ သယ်သွားပေးမယ်ဆိုပြီး ယူထားလိုက်ပါတယ်။

ဒီလိုနဲ့ မသွားခင်ညမှာ ပစ္စည်းပစ္စယတွေကို နေရာချတော့ ဖိနပ်က ရှိသင့်တဲ့အလေးချိန်ထက် ပိုလေးနေလို့ မသင်္ကာတာနဲ့ ဖိနပ်ထဲကို နှိုက်ကြည့်လိုက်တဲ့အခါ လား… လား ဖိနပ် နှစ်ဖက်စလုံးထဲမှာ အဖိုးတန် ကျောက်မျက်ရတနာတွေ။

ဦးလေးတယောက် သွေးတွေ ငယ်ထိပ်ဆောင့်တက်ပြီး သူ့မိတ်ဆွေဆီကို ဖုန်းဆက်ခေါ်၊ ခင်ဗျား ကျုပ် ဒုက္ခ ရောက်အောင် လုပ်တာလား၊ မဖြစ်ဘူး၊ ခင်ဗျားပစ္စည်း ခင်ဗျားပြန်ယူသွားလို့ ရှူးရှူးရှားရှား ပြောတော့မှ ဟဲဟဲ ဟဲဟဲ လုပ်ပြီး ဆောင်းပါးကို ပြန်ယူသွားတော့တယ်။

အချိန်မီ သိလိုက်ရလို့ နိုင်ငံ့ရတနာတွေကို ပြည်ပခိုးထုတ်မှုနဲ့ ဒုက္ခရောက်နိုင်တဲ့ဘေးကနေ ဦးလေးခမျာ ကံသီစွာ လွတ်ခဲ့ရပါတယ်။ ဒါပေမဲ့ ဦးလေး ကံကောင်းသလို ယဉ်ငြိမ်းဆိုတဲ့ ကျနော့်သူငယ်ချင်းတယောက်ကတော့ ကံမကောင်းရှာပါဘူး။

မြန်မာပြည်ကို ခဏပြန်လာပြီး မိသားစုတွေနဲ့ ကြည်ကြည်နူးနူး တွေ့ဆုံရတဲ့ ပျော်ရွှင်မှုတွေက အပြန် လေဆိပ်ခန်းမထဲ ရောက်တဲ့အချိန်မှာ တစစီ ကြေပျက်သွားခဲ့ရပါတယ်။ လေဆိပ်ထဲမှာ ကိစ္စဝိစ္စတွေကို ဆောင်ရွက်နေတုန်း သိကျွမ်းဖူးတဲ့ အသိတဦးက လက်ဆွဲ ဆောင်းပါးတခု လာပေးပါတယ်။

အဲဒီ ဆောင်းပါးက သူ့ရဲ့အနာဂတ်အိပ်မက်တွေကို ရိုက်ချိုးသွားခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ လက်ဆွဲဆောင်းပါးထဲမှာ သိုဝှက်ထည့်ထားတဲ့ အဖြူမှုန့်တွေကြောင့်ပါပဲ။

သူငယ်ချင်းခမျာ မှန်တာတွေကို ရင်ဆိုင်ထုချေနိုင်ဖို့အတွက် (လောလောဆယ်မှာတော့) သံတိုင်ကြားကို ရောက်သွားခဲ့ရပါတယ်။ တရားကို နတ်စောင့်တယ်ဆိုပေမယ့် အဲဒီနတ်ကို နှိုးဖို့အတွက်၊ အမှန်တရားကို လက်ဆုပ်လက်ကိုင် ပြနိုင်ဖို့အတွက် သားတကွဲ မယားတကွဲ၊ အလုပ်တွေ ပျက်ပြိုလဲတဲ့အပြင် ရှိတာလေးတွေကိုပါ ထုခွဲ ရောင်းချခဲ့ရပါတယ်။ ဒါဟာ လူကြုံပါးလိုက်တဲ့ ဆောင်းပါးလေး တစ်ခုကြောင့်ပါ။

မိတ်ဆွေရေ … ပြောရရင် လူကြုံဆောင်းပါးတွေကို ကျနော်  နည်းနည်း စိတ်ပျက်လာပါပြီ။ မဆိုစလောက် လန့်လည်း လန့်လာပါပြီ။ ဖြူစင်ရိုးသားစွာ ပို့ခိုင်းတဲ့ လူကြုံဆောင်းပါးနဲ့ မရိုးမသား၊ ကိုယ်ကျိုးစီးပွားအတွက် ပေးပို့ခိုင်းတဲ့ လူကြုံဆောင်းပါးတွေအကြောင်းကိုလည်း စိတ်ထဲမှာ ပြန်ဆန်းစစ်နေမိပါတယ်။

အဲဒီလို ဆန်းစစ်ပြီး ဒီစာကို ရေးသားနေတုန်းမှာပဲ ကျွန်တော့်ဆီကို ဖုန်းခေါ်သံတစ်ခု ဝင်လာပါတယ်။ နယ်မှာနေတဲ့ ကျနော့်ကြီးဒေါ် ဒေါ်ကြီးပုရဲ့ ဖုန်းပါ။ မိတ်ဆွေ နားဆင်ကြည့်ပါဦး။

“ဟဲလို ဟဲလို မောင်ဆောင်း၊ အောင်သစ္စာကားဂိတ်မှာ အထုပ်တထုပ် ပို့ထားတာ။ ငါးနီတူခြောက်တွေပါတယ်။ ကတတ်ရိုးနဲ့ ကောက်ကောက်ရိုးတွေလည်း ထည့်ပေးလိုက်တယ်။ အဲဒါတွေကို ခွဲခြမ်းပြီး ရန်ကင်းက …၊ တညင်က …၊ ဒေါပုံက …” မိတ်ဆွေ ကျနော်  ဘာများပြောနိုင်ဦးမှာလဲ။ ဟုတ်ကဲ့ … ဟုတ်ကဲ့ပေါ့ ခင်ဗျာ။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button