ဒွါရာဝတီ၊ စက်တင်ဘာ ၂၇၊ ၂၀၂၄။
ထမင်းစားဖို့ ဟင်းအိုးကို ဖွင့်ကြည့်လိုက်တဲ့အခါ
ချက်ထားတဲ့ “ငဓားပီး” ငါးဟင်းကို မြင်ပြီး
သံတွဲနဲ့ ပင်လယ်ကို အကြီးအကျယ် သတိရသွားတယ်။
ထမင်းပန်းကန်ယူပြီး ထိုင်ခုံမှာ ထိုင်၊
ထမင်းလုတ်ကို ပါးစပ်ထဲ ထည့်မယ်ပြင်တော့
ဗုံးကြဲခံရလို့ သေသွားတဲ့အလောင်းတွေ အာရုံထဲတပုံပြီး တပုံ။
ပြတင်းပေါက်က လှမ်းမြင်ရတဲ့ ကောင်းကင်ပြာကြီးကို ကြည့်ရင်း
ထမင်းလုတ်ကို တလုတ်ပြီးတလုတ် ပါးစပ်ထဲထည့်၊ မျိုချ၊
ကောင်းကင်ပြာကြီးမှာ အလောင်းတွေက တလောင်းပြီး တလောင်း။
တလောင်းပြီးတလောင်း၊ တလုတ်ပြီး တလုတ်၊
မျိုချနေတာ ထမင်းတွေလား၊ အလောင်းတွေလားတောင်
မသဲကွဲတော့ဘူး။
အော်..အလောင်းတွေ အလောင်းတွေ၊
ကလေးအလောင်းတွေ၊
အရိုးပေါ်အရေတင်နေတဲ့ သံတွဲက အလောင်းတွေ။
မျက်လုံးတွေပူ၊ မျက်ရည်တွေကျလာမှ
လူက သတိပြန်ကပ်တယ်။
ထမင်းမျိုခြင်းအလုပ်ကို ရပ်လိုက်တယ်။
ထပ်မမျိုဖို့ တွေးမိတယ်၊
စိတ်အဆင်မပြေတိုင်းသာ ထမင်းမစားဘဲနေရင်
ငါတို့ အားလုံး ထမင်းငတ်ရုံသာရှိမယ်။
မျက်ရည်သုတ်ပြီး ထမင်းထပ်မျို၊ ထပ်မျို၊
အော်…ဒီလောက်ဖြစ်နေတာတောင် ထမင်းမျိုနိုင်တဲ့ မင်း…
မျိုနိုင်လိုက်တာ၊ လုပ်ရက်လိုက်တာ…
တကယ်က ငါတို့တွေ နေသားကျနေတာ။
ဒီလိုအဖြစ်တွေနဲ့ နေသားကျနေတာ ၃ နှစ်ကျော်ခဲ့ပြီ။
YKKO မှာ စားရတဲ့အခါ ထောင်ထဲက သူငယ်ချင်းကို သတိရတယ်၊
ပျော်ပါးသီဆိုရတဲ့အခါ စစ်ရှောင်တွေကို သတိရတယ်၊
အကျဉ်းကျနေတဲ့ အန်တီကို သတိရတယ်၊
ကိုယ့်ကလေးတွေ ပျော်နေတာမြင်ရင်
သေသွားတဲ့ကလေးအလောင်းတွေ မြင်ယောင်မိတယ်။
ဘဝက အဲဒီလိုပဲ၊ ပျော်ရွှင်မှုတွေက ‘စစ်’ မနေဘူး။
“သေသူမှာ အသက်ရှုရပ်၍၊ ရှင်သူမှာ အသက်ရှုကြပ်လျက်” ဆိုတာ ဒါမျိုနေဖို့။
မဟုတ်ဘူး၊ မဟုတ်သေးဘူး၊
အခုက ရှင်သူတွေမှာ အသက်ရှုကြပ်လျက်၊ ဘဝတွေ ပျက်နေတာ၊ သေနေရတာ၊
အနာဂတ်တွေ ပျောက်နေရတာ၊ မျှော်လင့်ချက်တွေ မဲ့နေရတာ။
သံတွဲသားတယောက်က “ရသစာပေထဲ အကျုံးမဝင်တဲ့
သတင်းတွေကိုဖတ်ပြီး မျက်ရည်ကျရလိမ့်မယ်လို့
ဘယ်တုန်းအခါကမှ မထင်ထားခဲ့ဘူး” တဲ့။
အေးကွာ ငါကတော့ “ငဓားပီး” ငါးဟင်းကိုကြည့်မိလို့
မျက်ရည်တွေ ကျလိုက်ရတယ်။
ဘဝတွေက မျက်ရည်ကျဖို့ အနုပညာဆန်စရာ မလိုတော့ပါဘူး။
ဘဝတွေက အနုပညာလည်း မဆန်နိုင်တော့ဘူး။
သံတွဲကို ခွဲပြီး တနယ်တကျေး ရောက်နေတဲ့
ကိုယ့်လိုစစ်ရှောင်တွေလည်း ခုလို သတိရခြင်းပေါင်းများစွာနဲ့၊
ကိုယ်စီအမှတ်တရတွေနဲ့ မျက်ရည်တွေ ကျနေရမယ်ဆိုတာ ယုံကြည်တယ်။
မင်းသစ်
၂၇.၉.၂၀၂၄။