BattleNews

တောင်ကုတ်မြို့နယ်အတွင်းရှိ အရပ်သားများကို စစ်တပ်က ကလပ်စတာဗုံးများဖြင့် တိုက်ခိုက်ဟုဆို

တောင်ကုတ်၊ အောက်တိုဘာ ၆၊ ၂၀၂၄။

တောင်ကုတ်မြို့တွင် အရပ်သားများနေထိုင်ရာ ကျေးရွာများကို ကလပ်စတာဗုံးဖြင့် လေကြောင်းမှ ပစ်မှတ်ထား ပစ်ခတ်မှု ၄ ကြိမ်ရှိပြီဖြစ်ကြောင်း စစ်ရေးနှင့်နီးစပ်သည့် ဒေသခံတဦးက ပြောသည်။

ဆားပြင်၊ ကုန်းဘောင်၊ ပေါက်အင်း ကျေးရွာများကို ကြဲချစဉ်က အသုံးပြုသည့် ဗုံးအမျိုးအစားနှင့် ကင်းတောင် ကျေးရွာသို့ ကြဲချစဉ်အသုံးပြုသည့် ဗုံးအမျိုးအစားများမှာ တူညီကြောင်း၊ ပြည်တွင်းတွင် ထုတ်လုပ်ထားသည့် ဗုံးအမျိုးအစားဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။

‘’ဆားပြင်၊ ကုန်းဘောင်၊ ပေါက်အင်းကို အပျော့စား ကလပ်စတာဗုံးမျိုးပဲ ကြဲတာ၊ မပေါက်သေးတဲ့ တလုံးက ခုထိရှိသေးတယ်၊ ဒါပေမယ့် ကင်းတောင်မှာ ကြဲတော့ ရွာထဲမှာ လူရှိနေတော့ သေဆုံး၊ ထိခိုက်များတယ်၊ ဘေးကရွာတွေကိုပါ ဗုံးစတွေစင်ခဲ့လို့ အိမ်ခေါင်တွေ ပေါက်ကုန်တယ်” ဟု စစ်ရေးနှင့်နီးစပ်သည့် ဒေသခံ တဦးက ပြောသည်။

ပေါက်အင်းရွာသို့ကြဲသည့်ဗုံးမှာ မပေါက်ကွဲဘဲ မြေကြီးထဲ စိုက်ဝင်နေဆဲဖြစ်ကြောင်း၊ ဆားပြင်၊ ကုန်းဘောင်ကို ကြဲချစဉ် ကျေးရွာများတွင် စစ်ဘေးတိမ်းရှောင်နေကြသဖြင့် လူထိခိုက်မှုနည်းခဲ့သော်လည်း ရွာမနှင့် ကင်းတောင် ကျေးရွာများသို့ ဗုံးကျရောက်စဉ်တွင် လူထိခိုက် သေဆုံးမှုများခဲ့သည်ဟု အဆိုပါ ကျေးရွာများနှင့် အဆက် အသွယ်ရရှိသည့် မြို့ပေါ်ရပ်ကွက်တခုမှ ဒေသခံ တဦးက ပြောသည်။

“ကင်းတောင်နဲ့ ရွာမကို လေယာဉ်က အနိမ့်လေးပျံလာပြီး ကြဲတာ၊ မကြဲခင် ဒရုန်းတွေဆယ်နဲ့ချီပြီး အရင် ကင်းထောက်ကြတာ” ဟု မျက်မြင် တွေ့ခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။

“ရွာမကို ကြဲတဲ့ ဗုံးက ဖျက်အားပြင်း ဗုံးပါ၊ ကျန်ရွာတွေကို ကြဲတဲ့ ကလပ်စတာ ဗုံးနဲ့ မတူဘူး၊ နိုင်ငံတကာ အဆင့်မှီ ဗုံးပါ၊ ဗုံးသီး သီးသန့်နဲ့ အထူးထုတ်လုပ်ထားပြီး သံစတွေပါတဲ့ ဖျက်အားပြင်း ဗုံးပါ၊ ဗုံးကြီးထဲမှာ အတွင်းဗုံသီး အနည်းဆုံး တစ်ရာ‌ကျော် ပါနိုင်ပါတယ်၊” ဟု စစ်ရေးနှင့်နီးစပ်သည့် ဒေသခံတစ်ဦးက ပြောသည်။

ကလပ်စတာဗုံးမှာ လေထဲတွင် ဗုံးဆံများဆင့်ကဲပေါက်ကွဲခြင်းကြောင့် ဗုံးသီးအများကြဲချသကဲ့သို့ ထိရောက် ပေါက်ကွဲလေ့ရှိရာ ဗုံးအများကြဲချသည့်အသံကဲ့သို့ ကြားရပြီး သေဆုံး၊ ထိခိုက်မှုများသဖြင့် စစ်ပွဲများတွင် အသုံးမပြုရန် နိုင်ငံတကာမှ ကန့်သတ်ပိတ်ပင်ထားသည့် ဗုံးအမျိုးအစားဖြစ်ကြောင်း ရခိုင်ပြည်နယ်၏ စစ်ရေးအခြေအနေ လေ့လာသူတစ်ဦးကပြောသည်။

အရပ်ဘက်ပစ်မှတ်များကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ရာ၌ ကလပ်စတာဗုံးများ အသုံးပြု ခြင်းရှိ မရှိကို ဒွါရာဝတီသတင်းဌာနက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

အောက်တိုဘာ ၄ ရက်က ကင်းတောင်ရွာကို နံနက်ပိုင်း တကြိမ်နှင့် ညနေပိုင်း တကြိမ် စုစုပေါင်း ဗုံး ၅ လုံးကြဲရာတွင် ကလပ်စတာဗုံး ၁ လုံး ပါဝင်ပြီး သေဆုံးသူ စုစုပေါင်း ၁၀ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၄၃ ဦးရှိပြီး အိမ်ခြေ ၂၀ ကျော် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသခံတဦးက ပြောသည်။

ရွာမသို့ကြဲသည့် ကလပ်စတာဗုံးကြောင့် သေဆုံးသူ ၁ ဦး၊ ဒဏ်ရာပြင်းထန်သူ ၄ ဦး၊ ဒဏ်ရာအနည်းငယ် ရရှိသူ ၃ ဦး ရှိကြောင်း သိရသည်။

စက်တင်ဘာ ၅ ရက် နံနက်ပိုင်းတွင် ပေါက်အင်းကျေးရွာသို့ ကြဲသည့် ဗုံး ၂ လုံးတွင် ကလပ်စတာဗုံး ၁ လုံး၊ စက်တင်ဘာ ၆ ရက်နေ့လယ်ပိုင်းတွင် ဆားပြင်ရွာနှင့် ကုန်းဘောင်ရွာသို့ ကြဲသည့် ဗုံး ၂ လုံးတွင် ကလပ်စတာ ၁ လုံး၊ စက်တင်ဘာ ၂၄ ရက်တွင် ညပိုင်း ရွာမသို့ကြဲသည့် ဗုံးတွင် ကလပ်စတာ ၁ လုံး ပါဝင်ကြောင်း သိရသည်။

စစ်ကောင်စီ၏ လေကြောင်းဗုံးကြဲမှုများကြောင့် ပွဲချင်းပြီး သေဆုံးသူများတွင် ကလေးသူငယ်များ၊ သက်ကြီး ဘိုးဘွားများ၊ အမျိုးသမီးများ ပါဝင်နေသည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button