မင်းသစ်
ဂွ၊ ဒီဇင်ဘာ ၁၄၊ ၂၀၂၄။
စစ်ဆင်ရေး အရေးနိမ့်ပြီး ရခိုင်ပြည်မှ ဆက်တိုက်ဆုတ်ခွာနေရသည့် စစ်ကောင်စီသည် ၎င်းတို့ဆုတ်ခွာရသည့် လမ်းတလျှောက်ရှိ လမ်းတံတားများကို ဖျက်ဆီးလေ့ရှိသဖြင့် ဂွမြို့ရှိ ဂွချောင်းတံတားကိုလည်း စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးမည်ကို ဂွမြို့ခံများက စိတ်ပူလျက်ရှိသည်။
လက်ရှိ၌ အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီတပ်ဖွဲ့များသည် ဂွမြို့နှင့် ၃ မိုင်ခန့်သာကွာဝေးသည့် ရဟိုင်ကူးတို့ရွာ အနီးတွင် တိုက်ပွဲများဖြစ်ပွားလျက်ရှိသည်။
ရခိုင်ပြည်အနှံ့တွင် စစ်ကောင်စီ၏ တပ်ရင်း၊ တပ်ဖွဲ့နှင့် စစ်ဌာနချုပ်များ ဆက်တိုက်ဆိုသလို ကျရှုံးလျက်ရှိရာ ဂွမြို့ရှိ စစ်ကောင်စီ၏ တပ်ရင်း၊ တပ်စခန်းများသည်လည်း ကျရှုံးမည်ဖြစ်သဖြင့် ၎င်းတို့ ဆုတ်ခွာပြေးသည့်အခါ ဂွချောင်းတံတားကို မိုင်းခွဲဖျက်ဆီးမည်ကို ဂွမြို့ခံများက စိတ်ပူနေကြခြင်းဖြစ်သည်။
ဂွမြို့၌ စစ်ရှုံးပြီး စစ်ကောင်စီတပ်များဆုတ်ခွာမည်ဆိုပါက ဂွ-ငသိုင်းချောင်း ရခိုင်ရိုးမလမ်းနှင့် ဂွချောင်းတံတား ကြီးကို ဖြတ်သန်းပြီး ဆုတ်ခွာထွက်ပြေးမည့် လမ်းကြောင်း ၂ ခုသာရှိသဖြင့်- “ဂွတံတားကြီးလည်း သိပ်မသေ ချာဘူးလို့ ခန့်မှန်းရတယ်“ ဟု ဂွမြို့ခံတဦးက ပြောသည်။
စစ်ကောင်စီသည် မိုင် ၈၀ ကျော်ကွာဝေးသည့် သံတွဲ – ဂွကားလမ်းတလျှောက်ရှိ ချင်းကွင်းတံတား၊ ကုလားပြင် တံတားနှင့် ဆပ်သွားတံတားများကို မိုင်းခွဲဖျက်ဆီးခဲ့ပြီးဖြစ်သည်။
သံတွဲမြို့နယ်နှင့် ဂွမြို့နယ်အတွင်း၌ဆိုလျှင် စစ်ကောင်စီ မိုင်းခွဲ ဖျက်ဆီးခဲ့သည့် ပြည်သူပိုင်တံတားစုစုပေါင်းမှာ ၆ စင်း ရှိပြီဖြစ်သည်။
အာရက္ခတပ်တော်(အေအေ)နှင့် စစ်ကောင်စီကြား တိုက်ပွဲများဖြစ်ပွားခဲ့သည့် တနှစ်တာ ကာလအတွင်း စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ စစ်တပ်က ရခိုင်ပြည်ရှိ တံတားအကြီးအသေးစုစုပေါင်း ၂၈ စင်းကို ဖျက်ဆီးသကဲ့သို့ ဘာသာရေးအဆောက်အအုံ ၇၃ ခုကိုလည်း ဖျက်ဆီးခဲ့သည်ဟု နိုဝင်ဘာ ၁၃ ရက်၌ အေအေက ထုတ်ပြန်သည်။
ထို့ကြောင့်လည်း ဂွချောင်းကူးတံတားအား စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးမည်ကို ဂွမြို့ခံများက စိတ်ပူနေကြခြင်း ဖြစ်သည်။
“စိတ်ပူတာပေါ့၊ တံတားကြီးက ဖွင့်ထားတာမှ မကြာသေးဘူးဆိုတော့ တံတားချိုးလိုက်မှာကိုတော့ စိုးရိမ်မိတယ်” ဟု ဂွမြို့မှ ဧရာဝတီတိုင်းဘက်သို့ စစ်ရှောင်ခဲ့ရသည့် ဂွမြို့ခံတဦးက ပြောသည်။
လက်ရှိ၌ စစ်ကောင်စီတပ်ဖွဲ့များသည် ဂွချောင်းတံတားပေါ်တွင် သဲအိတ်များဖြင့် ဘန်ကာများလုပ်ကာ တပ်စွဲ ထားပြီး တခါတရံ သံချပ်ကာကားများ ဂွတံတားပေါ်လာရောက်ပြီး လက်နက်ကြီးပစ်ခတ်ခြင်းများလုပ်လေ့ရှိ သည်ဟု ဒေသခံများက ဆိုသည်။
ဂွချောင်းတံတားကြီးကို အမျိုးသားဒီမိုကရေစီအစိုးရလက်ထက် ၂၀၁၉ ခုနှစ် နိုဝင်ဘာတွင် စတင်တည်ဆောက် ခဲ့ပြီး အာဏာသိမ်းစစ်ကောင်စီလက်ထက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်တွင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။
အဆိုပါတံတားသည် ရခိုင်ပြည်၊ ဂွမြို့နယ်၊ ဂွ-ကျောက်ချွန် လမ်းပေါ်မှာ တည်ရှိပြီး ရခိုင်ပြည်နှင့် ဧရာဝတီတိုင်း၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့မြောက်ပိုင်းသို့ ဆက်သွယ်ထားသည့် တံတားဖြစ်သည်။
တံတားအရှည်မှာ ပေ ၁၃၀၀ ကျော်ရှိပြီး ကျပ်သန်းပေါင်း ၈,၉ဝဝ အကုန်အကျခံပြီး တည်ဆောက်ခဲ့သည်။