ArticleNews Feature

မွေးကင်းစကလေးတွေကို နို့မတိုက်နိုင်တဲ့ မိခင်တွေရဲ့ ဒုက္ခ

ဒွါရာဝတီ၊ ဖေဖော်ဝါရီ ၄၊ ၂၀၂၅။

အာဟာရအဖြစ် အဓိက စားသုံးရမယ့်ဆန် နဲ့ စားနပ်ရိက္ခာတွေ ရှားပါးပြတ်တောက်နေတဲ့အခါ ကိုယ်တိုင် ဗိုက်ဆာတဲ့ဒဏ်ကို ခံစားနေရသလို ရင်ခွင်ထဲက ဆာလောင်မွတ်သိပ်နေတဲ့ ရင်သွေးငယ်ကို ဘာတတ်နိုင်စွမ်းမှ မရှိဘဲ ငုံံ့ကြည့်နေရတဲ့ အမေတယောက်ရဲ့ သောကဟာ ဘာနဲ့မှ မတူဘူးလို့ ဆိုရမှာပါ။

စစ်ဘေးစစ်ဒဏ်ကို လပေါင်းများစွာခံစားခဲ့ရပြီး အခုချိန်ထိ လေကြောင်းဗုံးကြဲမှုဒဏ်တွေကို ကြောက်ရွံ့နေရတဲ့ ဒေသတွေက သားသည်မိခင်တွေဟာ အဲဒီ ဆိုးရွားတဲ့ သောကကို ခံစားနေကြရပါတယ်။ 

အဲဒီထဲမှာ ရခိုင်ရိုးမ တဖက်ခြမ်း ရခိုင်ပြည်ထဲက သားသည်မိခင်တွေလည်းအပါအဝင်ပါပဲ။ ဒီမိခင်တွေဟာ စစ်ပွဲကာလ လက်နက်သံ၊ ဗုံးသံ၊ အမြှောက်သံတွေကြားမှာ ကိုယ်ဝန်ရင့်မာကြီးနဲ့ ပြေးလွှားခဲ့ရသလို အငတ်ငတ်အမွတ်မွတ်ဘေးကို ပြင်းပြင်းထန်ထန်ခံစားခဲ့ကြရတဲ့ မိန်းမသားတွေပဲ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက ရခိုင်ပြည်၊ ကျောက်တော်မြို့မှာ မီးတွင်းကာလ ၄၅ ရက်တောင် မပြည့်သေးတဲ့ သားသည်မိခင်တယောက်ဟာ နို့မထွက်လို့၊ နို့မှုန့်ဝယ်တိုက်နိုင်စွမ်းမရှိလို့ သူ့ရဲ့ ၁ လသားအရွယ်သမီးလေးကို မွေးစားမယ့် မိဘအသစ်ဆီ ပေးလိုက်ရတဲ့သတင်းတပုဒ်ကို ရင်နာစရာဖတ်ခဲ့ရပါတယ်။

ရခိုင်ပြည်၊ သံတွဲမြို့နယ်ထဲက အာဟာရချို့တဲ့လို့ နို့မထွက်၊ နို့မထွက်လို့ နို့မတိုက်နိုင်တဲ့ မွေးကင်းစ လသား အရွယ်ကို ပွေ့ချီထားတဲ့ ကလေးမိခင်တဦးက “မစားရ၊ မသောက်ရနဲ့ နို့တွေလည်း မရကြ၊ အဲဒါကြောင့် နို့ဘူးတိုက်တဲ့ မိခင်တွေများနေတယ်၊ စားရပြန်တော့လည်း ကန်စွမ်းရွက်နဲ့ ဘူးရွက်တွေ စားနေရတယ်” လို့ ဆိုပါတယ်။

သားသည်မိခင်တွေဟာ အာဟာရအတွက် စားနပ်ရိက္ခာပြတ်တောက်နေတဲ့ဒဏ်ကို ခံစားနေကြရသလို၊ အာဟာရချို့တဲ့နေတဲ့ နို့စို့ကလေးတွေမှာလည်း အနာစိမ်း၊ ယားနာနဲ့ အရေပြားရောဂါတွေကိုပါ အပြင်းအထန် ခံစားနေကြရပါတယ်။

လသားအရွယ်ကလေးငယ်တွေရဲ့ ဦးခေါင်းတွေ၊ လက်သေးသေးလေးတွေ၊ ခြေထောက်သေးသေးလေးတွေနဲ့ ခန္ဓာကိုယ်အနှံ့မှာ ယားနာတွေဖြစ်ပွားနေကြသလို အကူအညီရရှိတဲ့ လိမ်းဆေးတချို့က ဆေးမတိုးတဲ့အဖြစ်နဲ့ ရင်ဆိုင်နေရတယ်လို့  ကလေးမိခင်တွေရဲ့ ပြောစကားကို စေတနာ့ဝန်ထမ်းတဦးက ပြန်ပြောပြပါတယ်။

သူ့ရဲ့ အဆိုအရ  အာဟာရချို့တဲ့ခြင်းက အဲဒီအရေပြားရောဂါ ကူးစက်ခံရတာကို ပိုဆိုးစေတယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက ရခိုင်ပြည်၊ ဂွမြို့နယ်အတွင်းက ကျေးရွာတချို့မှာ ကလေးသူငယ်တွေနဲ့ အသက်ကြီး ရွယ်အို တွေမှာ အရေပြား ရောဂါတွေဖြစ်နေဆိုတဲ့သတင်းဖတ်လိုက်ရတယ်။ ကလေးတွေရဲ့ မျက်နှာ၊ ကျောပြင်၊ ဗိုက်၊ ချိုင်း၊ လက်၊ ခြေထောက် စတဲ့ ခန္ဓာကိုယ်အနှံ့မှာ ယားနာတွေက ပေါက်နေကြတာပါ။

မိခင်နို့ မစို့ရတဲ့ မွေးကင်းစကလေးတွေအတွက် နို့မှုန့်ကို အဓိက အားပြုတိုက်ကျွေး နေရပေမယ့် အလုပ်အကိုင်နဲ့ ဝင်ငွေမရှိတဲ့ စစ်ဘေးသင့်ဒေသဖြစ်နေတဲ့အခါ နို့မှုန့်ဝယ်တိုက်နိုင်စွမ်းလည်း မရှိကြတဲ့အခြေအနေနဲ့ ရင်ဆိုင်နေ ရကြပါတယ်။

“ကလေးတွေအတွက် နို့မှုန့်နဲ့ လူကြီးအတွက်စားနပ်ရိက္ခာလိုအပ်နေပါတယ်၊ စားနပ်ရိက္ခာ ပြတ်လပ်နေကြ တယ်။ ကလေးအတွက် ယားနာပျောက်ဆေးတွေလိုတယ်။ ကလေးတွေအတွက် အားဆေး၊ နို့မှုန့်တွေ မရှိ” လို့ လသားအရွယ် သားသည်အမေတယောက်က ပြောပါတယ်။

ကလေးငယ်ငယ်တွေကို အိမ်မှာထားပြီး တအိမ်ဝင်တအိမ်ထွက် ဆန်လိုက်တောင်းပေမယ့် စစ်ဘေးသင့်နေ ကြသူတွေနေထိုင်နေကြတဲ့ ဒေသဖြစ်တဲ့အခါ တဦးနဲ့တဦး ကူညီနိုင်စွမ်းတွေ အားနည်းပြီး  စားနပ်ရိက္ခာ ပြတ်လပ်တဲ့ဒဏ်ကို ခံစားနေရတာလို့ ဆိုပါတယ်။

“ဆန်ကို ဟိုအိမ်ကလိုက်တောင်း၊ ဒီအိမ်ကလိုက်တောင်း တောင်းစားနေရတယ်” လို့ သူက ဆိုပါတယ်။

ဒါပေမဲ့ အားလုံးဟာ သူလိုကိုယ်လို ဆန်ပြတ်လပ်နေတဲ့အတွက် လိုက်တောင်းပေမယ့် မပေးနိုင်ကြဘူးလို့ သူက ဆက်ပြောပါတယ်။

သံတွဲဒေသဟာ ၂ ဘက်တိုက်ပွဲတွေ မရှိတော့ပေမယ့်၊ စစ်ကောင်စီရဲ့ လေကြောင်းဗုံးကြဲမှုဒဏ်ကို အခြားတိုင်းနဲ့ ပြည်နယ်တွေလိုပဲ မကြာမကြာ ခံစားနေရတဲ့ ဒေသဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် နှစ်ကုန်ပိုင်းကစတင်ပြီး စစ်ကောင်စီရဲ့ လမ်းပန်းဆက်သွယ်ရေး လမ်းကြောင်းတွေဖြတ်တောက်ခဲ့ တဲ့ဒဏ်နဲ့  ၂၀၂၄ ဧပြီလမှာ စတင်ခဲ့တဲ့ စစ်ဘေးစစ်ဒဏ်တွေကို အလူးအလဲ ခံစားခဲ့ရသလို ပြင်ပကမ္ဘာနဲ့ အဆက်အသွယ်ပြတ်တောက်နေခဲ့ကြတာလည်း နှစ်ဝက်နီးပါး ကြားမြင့်လာပြီဖြစ်ပါတယ်။

ဆင်းရဲမွဲတေမှု၊ စားနပ်ရိက္ခာရှားပါးမှုတွေကြောင့်  အာဟာရမပြည့်ဝတဲ့အခါ  မိခင်နို့မအောင်လို့ မိခင်နို့ သောက်သုံးခွင့်ဆုံးရှုံးနေတဲ့ မွေးကင်းစ ကလေးတွေ အများအပြားရှိနေကြပါတယ်။

အဲဒီလိုပဲ အာဏာသိမ်းမှုနောက်ဆက်တွဲဖြစ်တဲ့ ပြည်တွင်းစစ်ဒဏ်ကို အပြင်းအထန်ခံစားနေရတဲ့ ဒေသတွေမှာ အာဟာရချို့တဲ့နေတဲ့ ကိုယ်ဝန်ဆောင်မိခင်တွေဟာ အင်အားချိနဲ့နေတာတွေကြောင့် မီးတွင်းထဲမှာ မီးမဖွားနိုင်ဘဲ သေဆုံးရတဲ့အဖြစ်တွေလည်း ရှိနေပါတယ်။

အင်တာနက်လိုင်း၊ တယ်လီဖုန်းလိုင်းတွေပြတ်တောက်နေတဲ့ ရခိုင်ပြည်က မြေပြင်သတင်းအချက်အလက်တွေ ရရှိနိုင်ဖို့ ခက်ခဲနေဆဲဖြစ်သလို၊ ပြည်သူကို ပြည်သူက ကူညီနေတဲ့ အခြေအနေတွေနဲ့ မလောက် မငှဖြစ်နေဆဲ ဖြစ်ပါတယ်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button