EssayLifestyle

သံတွဲမြို့ရဲ့ Alibabaနဲ့Offline Mart

ဒွါရာဝတီ၊ စက်တင်ဘာ ၁၃၊ ၂၀၂၅။

စစ်ရေးကာလများအပြီး ပြန်လည်တည်ဆောက်ရေးကာလများမှာ စစ်ဘေးရှောင် ပြည်သူတွေနဲ့ စစ်ဘေးသင့် ပြည်သူတွေ တချို့ ဒွါရာဝတီမြို့အတွင်း ပြန်ဝင်ပြီးသည့် သကာလ။

အထူးရေပန်းစားပြီး အရမ်းဟော့တဲ့ စီးပွားရေးလုပ်ငန်း နှစ်ခုရှိပါတယ်။ ပထမတခုကတော့ သူခိုးလက်ခံ လုပ်ငန်းပဲဖြစ်ပါတယ်။

“ဆင်းရဲခြင်း လွတ်ကင်းအောင် သူခိုးဂိုဏ်းထောင်ပါမည်” ဆိုတဲ့ ဆောင်ပုဒ်ကိုများ လက်ကိုင်ထားလေသလား မေးချင်စရာပါ။

ငွေရေး ကြေးရေး ပြေလည်တဲ့ လူတချို့ က လက်ရဲဇက်ရဲ သူခိုးတသိုက်ကို လက်သပ်မွေးပြီး ခိုးရာပါ ပစ္စည်းတွေကို ဒိုင်ခံဝယ်ယူ လက်စဖျောက်ပေးတဲ့ သူခိုးလက်ခံ ဂိုဏ်းချုပ်ကြီးတွေနဲ့တကွ၊ သူခိုးလက်ခံ အဆွယ်အပွားတွေ ခိုးရာပါပစ္စည်းဆိုတာကို သိသိကြီးနဲ့ စျေးသက်သာလို့ ဝယ်ယူအားပေးကြတဲ့ အချောင်နှိုက်သမားတွေ အများအပြား တွေ့နေရတာဟာ ဒွါရာဝတီ ရွှေမြို့တော်ကြီးရဲ့ တိုးတက်မှုတွေထဲက တခုပေများလား။

ဒါကလည်း မြို့ခံလူတန်းစား တချို့ ပါဝင်နေကြသလို၊ မြို့ခံမဟုတ်တဲ့ ရွာသားတွေနဲ့ ကုန်သည်တချို့ ပါဝင် နေကြတာကို တွေ့ရှိရပါတယ်။

ပိုက်ဆံတတ်နိုင်တဲ့ အခြားသော အရပ်ဒေသက ရွာသားတွေနဲ့ ကုန်သည်တချို့ ဟာ ဒွါရာဝတီ မြို့အတွင်း သူခိုးလက်ခံ ဂိုဏ်းချုပ်ကြီးတွေဆီက ရသမျှ သိမ်းကျုံး ဝယ်ယူပြီး ကားနဲ့ သယ်လိုက်၊ မော်တော်ဘုတ်နဲ့ သယ်လိုက်နဲ့။ (လေယဥ်ပျံရှိရင် လေကြောင်းလိုင်းနဲ့တောင်သယ်မယ့် သဘောမှာရှိတယ်။)

ခိုးရာပါပစ္စည်း ကုန်စည် စီးဆင်းမှုကြီးဟာ ဘယ်လောက်ထိ အောင်မြင်လာသလဲဆိုတာ ပြောပြရရင်  “အလီဘာဘာစျေး” လို့ လူသိများတဲ့ စျေးတခုဟာ အရင် ဗောဓိကုန်းစျေးလေးလို့ လူတွေသိခဲ့ကြတဲ့ နေရာဟောင်းလေးမှာ ပေါ်ပေါက်ခဲ့ပါတယ်။

အလီဘာဘာ စျေးလို့ ပြောစမှတ်ဖြစ်အောင်လည်း အင်မတန်မှ စုံစုံလင်လင် ခိုးရာပါ ပစ္စည်းပေါင်းများစွာကို စျေးနှုန်းချိုသာစွာ ရောင်းချပေးနိုင်တဲ့ သူခိုးစျေးတန်းအဖြစ် အချိန်တိုတိုလေးအတွင်းမှာ တည်ဆောက် နိုင်ခဲ့ကြတဲ့ “သူခိုးလက်ခံ ဂိုဏ်းချုပ်” ကြီးများရဲ့ စေတနာကို အသိအမှတ်ပြုရမှာပါ။

အဝတ်အထည်မျိုးစုံ၊ အိုးခွက်ပန်းကန်နဲ့ အိမ်တွင်းသုံး ၊ မီးဖိုချောင်သုံး ၊ လူသုံးကုန်ပစ္စည်း အမျိုးစုံစုံနဲ့ ရရှိနိုင်သလို တဲကုတ်အဆင့်မှစပြီး ကမ္ဘာ့အဆင့်မှီဟိုတယ်ကြီးများအဆင့်ထိ ပစ္စည်းတွေကို တနေရာထဲမှာ စုံလင်စွာရရှိနိုင် တာက အလီဘာဘာက လွဲလို့ မရှိနိုင်ပါ။

ဆိုင်ကယ်အပိုပစ္စည်းလိုချင်သလား၊ ခိုးရာပါ ဆိုင်ကယ်ကို တစစီဖြုတ်ပြီး ပုံရောင်းနေကြတဲ့ အလီဘာဘာ စျေးကိုပြေးပြီးရှာလိုက်ပါ။

ကားအပိုပစ္စည်းလိုချင်ပါသေးလား၊ စိတ်မပူပါနဲ့၊ ကားတစီးလုံးစာ ခိုးဖြုတ်၊ ခိုးရောင်းများရှိတဲ့ အလီဘာဘာ စျေး ထဲ ရှာလိုက်ရုံပဲ။

လွယ်ကူ သက်သာ အလီဘာဘာ အလီဘာဘာ နဲ့ ခိုးသားငါးရာထက်မကသော သူခိုးလက်ခံလုပ်ငန်းကြီး တွယ်ကျယ်လာတာနဲ့အမျှ။ အချိန်နဲ့ တပြေးညီ အမြဲတမ်း Update ဖြစ်နေဖို့ ပြင်ဆင်နေကြတဲ့ သူခိုးလက်ခံ ဂိုဏ်းချုပ်ကြီးတွေက နောက်ထပ် စီးပွားရေး စျေးကွက်တခုကို တီထွင်ကြံဆ လိုက်ကြပါသေးတယ်။

!!အော့ဖ် လိုင်း မာ့ထ် ! ! (Offline Mart)

အော့ဖ်လိုင်းမာ့ထ် ဆိုတာက နားလည်အောင်ပြောပြရရင် အွန်လိုင်းရှော့ ပုံစံမျိုး လိုချင်တဲ့ပစ္စည်းကို အော်ဒါတင်လိုက်ရင် အိမ်အရောက်ပါဆယ်ဝန်ဆောင်မှု စနစ်နဲ့ ပို့ပေးတဲ့ စျေးဝယ်စနစ်လိုမျိုးပေါ့။

ခိုးရာပါပစ္စည်း ဝယ်နည်း အသစ်ကို စတင်အသုံးပြုလာကြပါတယ်။ သူတို့ ရည်ရွယ်တဲ့ ပစ်မှတ်က ခိုးရာပါပစ္စည်း

တွေကို လူသိမခံဘဲ ဝယ်ယူချင်ကြတဲ့ Customer တွေကို အထူး ဝန်ဆောင်မှုပေးတဲ့နည်းစနစ်ပဲ ဖြစ်ပါတယ်။

ဝယ်ယူလိုတဲ့ပစ္စည်းကို ကြိုတင်အော်ဒါတင်ထားရုံနဲ့ အိမ်တိုင်ယာရောက် အထူးဝန်ဆောင်မှုပေးတဲ့ သူခိုးလက်ခံဂိုဏ်းချုပ်ကြီးတွေရဲ့ ရွှေဉာဏ်တော် စူးရောက်သော တီထွင်ကြံဆမှု လုပ်ငန်းကြီးပါလေ။

ထိုသို့ စီးဆင်းမှုကြီးဟာ သံတွဲမြို့ရဲ့ သူခိုးရေယာဥ်ကြောကြီးမှာ အရှိန်အဟုန် ကောင်းကောင်းနဲ့ အလိုက်သင့် စီးမျောနေသူတွေရှိသလို၊ တမင်တကာ ခေတ်ရေစီးကြောင်းအတိုင်း ခုန်ချပစ်လိုက်သူတွေလည်းရှိရဲ့။

သေချာတာတခုကတော့ ကျနော်တို့ သံတွဲသူ၊ သံတွဲသားတွေရဲ့ ရပ်တည်နေထိုင်မှုတွေဟာ ဟင်္သာကိုးသောင်းဇာတ်ထုပ်ကို ပြန်ဖတ်နေရသည့် ပမာ။ အချင်းချင်း ဝိုင်းဝန်းစောင့်ရှောက်နေကြပုံများက ဦးသူယူစနစ်နဲ့ သူ့ပစ္စည်း ငါယူ ငါ့ပစ္စည်းသူရ ခွေးငတ်ကြီးတသိုက် ထညက်တောင်ကြီး တိုက်မိသည့်နှယ်၊ လျှာရည်တမြားမြား ဗိုက်တကားကားနဲ့ ဒွါရာဝတီ ရွှေမြို့တော်ကြီးကတော့ အမှိုက်တဖွားဖွား ပရုတ်လုံးပါးသလို လုံးပါးပါးလျက်။

မည်သို့မည်ပုံ လုပ်လိုက်ကြသည်မသိ ဒွါရာဝတီ ရွှေမြို့တော်ကြီးမှာ တက်တက်စင်အောင် အကုန်ပြောင်လေ သတည်း။

Related Articles

4 Comments

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button