
ဒွါရာဝတီ၊ စက်တင်ဘာ ၂၆၊ ၂၀၂၄။
စစ်ကောင်စီသည် ၎င်းတို့လက်လွှတ်ဆုံးရှုံးထားရသည့် သံတွဲမြို့ကို ယနေ့နံနက် ၈နာရီဝန်းကျင်အချိန်တွင် လေကြောင်းဗုံးကြဲတိုက်ခိုက်ခဲ့ရာ ကလေးငယ်များအပါအဝင် အရပ်သား ၁၃ ဦးထက်မနည်းသေဆုံးကာ ၂၃ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း Arakan Princess Media(APM)တွင် ဓာတ်ပုံများနှင့်တကွ ဖော်ပြထားသည်။

အဆိုပါဓာတ်ပုံများတွင် လေကြောင်းဗုံးထိမှန်ကာ သေဆုံးမှုများဖြစ်ခဲ့သည့် နေရာသည် သံတွဲရဲစခန်းရှေ့(ယခင်ဘောလုံးကွင်းဟောင်းနေရာ)တွင် အသစ်တည်ဆောက်ထားသည့် မြို့နယ်ခန်းမ အဆောက်အအုံသစ်အနီးဝန်းကျင်ဖြစ်သည်။ သေဆုံးသူများ၏ ဓာတ်ပုံများတွင် ကလေးငယ်များနှင့် အမျိုးသမီးများအများစုပါဝင်ပြီး၊ အချို့က အဆောက်အအုံအပိုင်းအစများနှင့် ပိမိနေသည်ကိုတွေ့ရသည်။

သံတွဲမြို့သည် ဇူလိုင် ၁၄ရက်နေ့မှ စတင်ကာ အင်တာနက်နှင့် တယ်လီဖုန်းလိုင်းများပြတ်တောက်နေပြီး မြေပြင်သတင်းများကို လွတ်လပ်သောသတင်းမီဒီယာများက ဖော်ထုတ်တင်ပြနိုင်ခြင်းမရှိသလောက်အားနည်းနေသည့် ဒေသဖြစ်သည်။

သံတွဲဒေသကို စက်တက်ဘာ ၅ရက်က စတင်ကာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကြောင်း အာရက္ခတပ်တော်(အေအေ)က ထုတ်ပြန်ကြေငြာခဲ့ပြီးနောက် ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်မှုများ အကြိမ်ကြိမ်ပြုလုပ်နေခြင်းဖြစ်သည်။

ယခုဖြစ်ရပ်မတိုင်မီ သြဂုတ်လလယ်ခန့်ကလည်း သံတွဲမြို့နယ်၊ မောင်ရွှေလေးရေတပ်စခန်းအနီးရှိ မော်ရုံကျေးရွာမှ စစ်ရှောင်လာသည့် ကားတစင်းကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့ရာ အရပ်သား ၃၀ဦးဝန်းကျင် သေဆုံးမှုဖြစ်ခဲ့သေးသည်။

သို့သော် အင်တာနက်လိုင်းများ ပြတ်တောက်နေသည့်အတွက် မြေပြင်မှ ဒေသခံများက သတင်းဌာနများသို့ ဆက်သွယ်ရန်သတင်းပေးပို့နိုင်ခြင်းမရှိခဲ့ရာ အချက်အလက်အတိအကျနှင့် အခြေအနေအသေးစိတ်ကို ရေးသားဖော်ထုတ်နိုင်ခြင်းမရှိခဲ့ပေ။

မြန်မာပြည်အနှံ့ရှိ လက်နက်ကိုင်တော်လှန်ရေးတိုက်ပွဲများတွင် စစ်ရှုံးကာ နယ်မြေများကို စွန့်လွှတ်နေသည့် စစ်ကောင်စီသည် အရပ်သားပစ်မှတ်ထား လေကြောင်းဗုံးကြဲမှုများကို အဆက်မပြတ်ပြုလုပ်နေပြီး စက်တင်ဘာ ၆ရက်နေ့က ကရင်နီ၊ ရှမ်းတောင် နှင့် အထက်အညာဒေသများကို လေကြောင်းဗုံးကြဲမှုကြောင့် ကလေးသူငယ်များအပါအဝင် စစ်ဘေးရှောင် အရပ်သားပြည်သူ ဒါဇင်ပေါင်းများစွာ သေဆုံးခဲ့ရသည်။

ယခုလ ၂၄ ရက် ကလည်း သံတွဲနှင့် မိုင် ၄၀ ကျော်အကွာရှိ တောင်ကုတ်မြို့နယ်၊ ရွာမတိုက်နယ်သို့ စစ်ကောင်စီက လေကြောင်း ဗုံးကြဲခဲ့ရာ ထပ်ဆင့်ပေါက်ကွဲစေသော ဗုံးများကို အသုံးပြုခဲ့ပြီး ကလေးငယ်တဦးအပါအဝင်အရပ်သား ၂ဦးသေဆုံးခဲ့ကာ ထိခိုက်ဒဏ်ရာရရှိမှုများဖြစ်ခဲ့သည်။

ဓာတ်ပုံ- Arakan Princess Media(APM)



I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.