BattleNews

စစ်တပ်၏ လေကြောင်းဗုံးကြဲမှုကြောင့် မြောက်ဦးမြို့ရှိ အရပ်သားပြည်သူ ၆ ဦး သေဆုံးပြီး ၁၀ ဦးဒဏ်ရာရ

မြောက်ဦး၊ ဩဂုတ် ၁၀၊ ၂၀၂၄။

ရခိုင်ပြည်၊ မြောက်ဦးမြို့ပေါ်လူနေရပ်ကွက်ပေါ်သို့ အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦး၏ စစ်ကောင်စီလေကြောင်းက ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် အရပ်သားပြည်သူ ၆ ဦးသေဆုံးပြီး ၁၀ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

ဩဂုတ် ၁၀ ရက်၊ ယနေ့ နေ့လယ် (၁၂) နာရီခွဲအချိန်တွင် အရပ်သားပြည်သူများနေထိုင်သည့် မြောက်ဦးမြိုပေါ် လူနေရပ်ကွက်အတွင်းသို့ စစ်ကောင်စီသည် ဂျက်လေယာဉ်တစ်စီးဖြင့် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မြောက်ဦးဟိုတယ် အနီးအနားပတ်ဝန်းကျင်နှင့် လမ်းမပေါ်သို့ ကျရောက်ပေါက်ကွဲထိမှန်ခဲ့သောကြောင့် အနှေးယာဉ် (တုတ်တုတ်) တစ်စီးပေါ်တွင် လိုက်ပါလာသော ခရီးသွားပြည်သူများနှင့် အနီးပတ်ဝန်းကျင်ရှိ အပြစ်မဲ့အရပ်သားပြည်သူ (၆) ဦး သေဆုံးခဲ့ပြီး (၁၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု အေအေက ထုတ်ပြန် သည်။

ဩဂုတ် ၆ ရက် ည ၂ နာရီခွဲအချိန်ခန့်ကလည်း အရပ်သားပြည်သူများကို ဆေးကုသပေးနေသော မြောက်ဦးမြို့ရှိ ဆေးရုံတစ်ခုကို ဗုံးကြဲတိုက်ခိုက်ခဲ့သေးသည်ဟု သိရဿည်။

မြောက်ဦးမြို့သည် လက်ရှိအချိန်တွင် စစ်ကောင်စီကင်းစင်သော မြို့တစ်မြို့ဖြစ်ပြီး တိုက်ပွဲမဖြစ်ပွားခဲ့သည်မှာ ရက်‌ပေါင်း ၁၈၅ ရက်ရှိခဲ့ပြီ ဖြစ်သည်။

နိုင်ငံတစ်ဝန်းမှ တော်လှန်ရေးအဖွဲ့အစည်းများထိန်းချုပ်ထားသော တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် နေရာဒေသများရှိ စာသင်ကျောင်း၊ ဆေးရုံ၊ ဆေးခန်း၊ ဘာသာရေးအဆောက်အအုံ၊ ဈေးများနှင့် လူနေထူထပ်သည့်နေရာများကို စစ်ကောင်စီသည် လေကြောင်းမှ ရော့ကတ်၊ ဖျက်အားပြင်းဗုံးများဖြင့် ကြဲချတိုက်ခိုက်နေပြီး စစ်ရာဇဝတ်မှု များကို ဆက်တိုက် ကျူးလွန်လျက်ရှိသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Related Articles

Leave a Reply

Your email address will not be published. Required fields are marked *

Back to top button