
မောင်တော၊ ဒီဇင်ဘာ ၁၂၊ ၂၀၂၄။
ရခိုင်ပြည်၊ မောင်တောမြို့၌ တခုတည်းကျန်ရှိနေသည့် အမှတ် (၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ(နခခ-၅)ကို အပြီး သတ်သိမ်းပိုက်ရာတွင် မိုင်းပေါင်း ၁၀၀၀ ကျော်ကို ရှင်းလင်းပြီး တလက်မချင်းတိုး၍ ထိုးစစ်ဆင်တိုက်ခိုက် ခဲ့ရခြင်းဖြစ်သည်ဟု အာရက္ခတပ်တော်(အေအေ) ထုတ်ပြန်သည်။

ရခိုင်ပြည်တွင် အာရက္ခတပ်တော်(အေအေ) သိမ်းပိုက်ရန် ကျန်ရှိနေသော မောင်တော၊ အမ်း၊ တောင်ကုတ်၊ ဂွ စသည့်မြို့နယ်များမှ စစ်ကောင်စီစခန်းများအနက် မောင်တောမြို့ရှိ အမှတ်(၅) နယ်ခြားစောင့် ရဲတပ်ဖွဲ့ခွဲ(နခခ-၅)ကို အာရက္ခတပ်တော်(အေအေ) ဒီဇင်ဘာ ၈ ရက်တွင် အပြီးသတ်သိမ်းပိုက်ပြီး မောင်တောဒေသတခုလုံးကို အလုံးစုံ ထိန်းချုပ်နိုင်ပြီးဖြစ်ကြောင်း ဒီဇင်ဘာ ၁၁ ရက်က ထုတ်ပြန်ခဲ့သည်။

နခခ (၅) စခန်းသည် မောင်တောမြို့၏ မြိုသူကြီးရပ်ကွက်တွင်တည်ရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား (၇၀၀) ကျော် စခန်းချတပ်စွဲထားသည့် စခန်းကြီးတခုဖြစ်ကာ စခန်းပတ်ပတ်လည်ကို သံဆူးကြိုး (၂) ထပ်ဖြင့် ကာရံထား ကြောင်း၊ သံဆူးကြိုး တခုနှင့်တခုအကြားတွင် သတ်ကွင်းများကို ကောင်းစွာပြင်ဆင်ထားပြီး အချိုနေရာများ၌ ပေ (၂၀) ခန့်ကျယ်သော ရေမြောင်းများကို ဖောက်လုပ်ထားကာ စူးချွန်များ ထောင်ထားကြောင်း၊ ထောင့်မှန် စတုဂံပတ်လည် ပုံစံရှိပြီး လေးဖက်လေးတန်တွင် အခိုင်အမာ တည်ဆောက်ထားသော ဘန်ကာ (၂၀)ကျော်၊ ဘန်ကာအသေး၊ Overhead စုစုပေါင်း ၁၀၀ ကျော်ရှိကာ စခန်းအတွင်း၌ ခိုင်ခံ့ထူထပ်သော အဆောက်အအုံကြီး ၃၀ ကျော်လည်းရှိသည်ဟု အေအေက ဆိုသည်။

စခန်းရှေ့ပတ်ပတ်လည်တွင်လည်း ချောင်းတခု ကာဆီးထားပြီး အလွယ်တကူ ဖြတ်သန်းရန် မလွယ်ကူသော အနေအထားမျိုးဖြစ်ကြောင်း၊ ဤစခန်းသိမ်းတိုက်ပွဲအတွင်း အာရက္ခစစ်သည်တော်များသည် စစ်ကောင်စီ ထောင်ထားသော M14 မိုင်း ပေါင်း ၁၀၀၀ ကျော်ကို ရှင်းလင်းပြီး တလက်မချင်းတိုး၍ ထိုးစစ်ဆင်တိုက် ခိုက်ခဲ့ရသည့် စခန်းကြီးဖြစ်သည်ဟု အေအေက ထုတ်ပြန်ထားသည်။

နခခ (၅) စခန်းထဲတွင် စစ်ကောင်စီတပ်ဖွဲဝင်များ၊ ၎င်းတို့နှင့် ပူးပေါင်းတိုက် ခိုက်နေကြသည့် အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွလက်နက်ကိုင်တပ်ဖွဲများ ဖြစ်ကြသော RSO၊ ARSA၊ ARA နှင့် စစ်ကောင်စီမှ သင်တန်းပေးထားသည့် အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက် ကိုင်တပ်ဖွဲဝင်များအပြင် မောင်တောဒေသနှင့်ကပ်လျက်ရှိသော အခြားသောမြိုများရှိ စစ်ကောင်စီ၏စခန်းများမှ ထွက်ပြေးလွတ် မြောက်လာကြသည့် စစ်ကောင်စီတပ်ဖွဲ ဝင်များအားလုံးသည် နခခ (၅) ထဲမှ အဆင့်ဆင့်သော မြေပြင်ခုခံစစ်၊ လေကြောင်းပစ်ကူများဖြင့် အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

အာရက္ခတပ်တော်(အေအေ)သည် နခခ (၅) စခန်းအား လွန်ခဲ့သော နှစ်လခန့်ကတည်းကပင် ဝိုင်းရံပိတ်ဆို ထားကာ ၂၀၂၄ အောက်တိုဘာ (၁၄) ရက်မှ စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ထိုးစစ်ရက်ပေါင်း (၅၅) ရက် ခန့်ကြာမြင့်ခဲ့ကြောင်း၊ နခခ (၅) ထိုးစစ်ကာလအတွင်း အာရက္ခစစ်သည်တော်များအနေဖြင့် နည်းဗျူဟာ မြောက်စွာ ထိုးစစ်ဆင်နိုင်ခဲ့သည့်အပြင် တပ်မဟာအချင်းချင်း ဟန်ချက်ညီ ပူးပေါင်းထိုးစစ် ဆင်နိုင်ခဲ့သည်ဟုဆို သည်။

ဤထိုးစစ်အတွင်း မှတ်တမ်းနှင့် သိမ်းဆည်းရမိသော အလောင်းများစာရင်းအရ ရန်သူ ၄၅၀ အထက် သေဆုံး နိုင်ခဲ့ပြီး ဘူးသီးတောင်မြို့ အမှတ် (၁၅) စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၅) စကခမှူး ဗိုလ်မှူးချုပ် သူရိန်ထွန်း၊ ကြည်း/ ၂၆၈၉ရ ၊ စကခမှူး ကိုယ်ရေးအရာရှိ ဗိုလ်ကြီး ဝေလင်းအောင်၊ ကြည်း/၆၁၃၃၅ (တတိယတန်း ဦးစီးအရာရှိ) အပါအဝင် အရာရှိ၊ အကြပ်၊ စစ်သည်အမြောက်အမြားနှင့် RSO၊ ARSA၊ ARA နှင့် စစ်ကောင်စီမှ သင်တန်းပေးထားသည့် အစ္စလာမ်မစ် အစွန်းရောက် စစ်သွေးကြွ လက်နက်ကိုင်တပ်ဖွဲ့ဝင်များ အား သုံပန်းများအဖြစ် ဖမ်းဆီးရမိခဲ့သည်။

ရခိုင်ပြည်ရှိ စစ်ကောင်စီ၏ စခန်းများ ၊ ဘင်္ဂလာဒေ့ရှ်-ရခိုင်နယ်စပ်ရှိ စခန်းများ အားလုံးကို တခုမကျန် သိမ်းပိုက် ရယူနိုင်ရန် အာရက္ခတပ်တော်သည် ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်မှစတင်ပြီး ထိုးစစ်ဆင်တိုက်ခိုက်မှုများကို စတင်ပြု လုပ်ခဲ့သည်။

မောင်တောမြို့ရှိ စစ်ကောင်စီ၏ “ချိန်ခါလီ၊ ဒုံးပိုက်”စခန်းများနှင့် ရသေ့တောင်၊ မင်းပြားမြို့ရှိ စစ်ကောင်စီ စခန်းများကို စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သောနေ့မှ ယနေ့အချိန်ထိ တနှစ်ကျော်ကာလအတွင်း ရခိုင်ပြည်နှင့် ပလက်ဝဒေသအတွင်းရှိ စစ်ကောင်စီစခန်းအများစုကို သိမ်းပိုက်ရယူထားသည့်နည်းတူ မြို့အများစုကိုလည်း ထိန်းချုပ်ထားပြီးဖြစ်သည်။



Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me. https://accounts.binance.info/en-NG/register?ref=YY80CKRN